02 May 2010

ပြည်သူထံမှ ပေးစာများ....

Photobucket
မီးမလောင်မီ(ပြည်သူတို့၏တာဝန်) မီးလောင်ပြီး(တေဇတာဝန်)
ဘာတစ်ခုမှ သူတို့တာဝန်မယူပဲ မီးသတ်ယဉ်တောင် လှူခိုင်းနေပါတယ်။ မီးလောင်နေစဉ် ငွေဆောင်ထားပါ။ ငွေဝင်လျှင် ရေရွှင်မည်။ ငွေနည်းလျှင် ရေနည်းမည်။ မီးလောင်ပြီးလျှင်တာဝန်မယူ တေဇယူလိမ့်မည်။

Photobucket

ရေမလာတာ သုံးလာခန့်ကြာပြီတဲ့ ... ပြည်သူတွေရဲ့ ဘဝစဉ်းစားတာ ကြည့်ပေတာ့.... ဒါရန်ကုန်မြို့ပေါ်မှာပါ... ဒါလည်း ပြည်သူ့တာဝန်လို့ ပြောဦးမလားမသိပါ။

KMPhotobucket

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ မှတ်မှတ်ရရ ၂၀၀၂ခုနှစ်တွင် ပြောကြားခဲ့သောပြည်သူများသို့အမှာစကား



နအဖ စစ်အုပ်စု ရဲ့ အာဏာရူးကြီးဦးသန်းရွှေ တပ်မတော်သားများကိုမှတ်မှတ်ရရ ပြောကြာခဲ့သောမိန့်ခွန်း

“ အကျဉ်း ထောင် ”

ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များ လွှဲပြောင်းရယူ လုပ်ကိုင်မှု ခေတ္တဆိုင်းငံ့ထား



မြန်မာနိုင်ငံ၏ ပို့ကုန်၊သွင်းကုန် လုပ်ငန်းများကို အများဆုံးကိုင်တွယ် ဆောင်ရွက်နေသည့် အဓိကဆိပ်ကမ်း ဖြစ်သော ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ လက်ရှိတွင် ပုဂ္ဂလိကမှဆိပ်ကမ်းလွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း ဆိပ်ကမ်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။


မြန်မာ့ဆိပ်ကမ်း အာဏာပိုင် လက်အောက်ရှိ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်း နှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်းများ၏ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင် များသို့ B.O.T စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပြီး နောက်တွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း အား ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း တစ်ခုက မြန်မာ့ဆိပ်ကမ်း အာဏာပိုင် နှင့်အတူ ဧပြီလ ၁ ရက်နေ့တွင် ပူးတွဲ စီမံခန့်ခွဲမှုစတင်ခဲ့ကြောင်း သိရသည်။




သို့သော် လက်ရှိအချိန်တွင်မူ အကြောင်းကြောင်းကြောင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း လွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း သိရှိရသည်။ ထိုသို့ ဆိုင်းငံ့ထားချိန်ကို အနည်းဆုံး ဧပြီလကုန်အထိ ထားရှိပြီး အချိန်သုံးလနီးပါးခန့်လည်း ကြာသွားနိုင်ကြောင်း အဆိုပါအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။




''ဘာကြောင့် ဒီလိုလုပ်ရတယ် ဆိုတဲ့အကြောင်းရင်းကိုတော့ သေချာမသိပါဘူး။ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ပုဂ္ဂလိကကို ဦးဆုံးလွှဲ ပြောင်းပေးတာပါ။ အခု ဗိုလ်အောင်ကျော်ဆိပ်ကမ်း လွှဲပြောင်းမှု ဆိုင်းငံ့နေတော့ နောက်လာမယ့်ဆိပ်ကမ်းတွေ လွှဲပြောင်းဖို့က ဘယ်လိုလဲဆိုတာ မသိသေးပါဘူး''ဟု၎င်းကဆိုသည်။




၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ ရက် နေ့တွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း အား ပုဂ္ဂလိကနှင့် ဆိပ်ကမ်းအာဏာပိုင် ပူးပေါင်းလုပ်ဆောင်မှု၌ အုပ်ချုပ်မှုပိုင်းအား ပုဂ္ဂလိကမှတာဝန်ယူပြီး လုပ်ငန်းလုပ်ဆောင်မှု အပိုင်းအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ယူကာ လုပ်ငန်းများဆောင်ရွက်ရန် ရှိခဲ့သော်လည်း ဧပြီလနောက်ဆုံးပတ်အတွင်း သတင်းများအရ ထိုသို့ ဆောင်ရွက်နေမှုများပင် မရှိတော့သည့် အနေအထားတွင် ရှိနေကြောင်းသိရသည်။




ထို့အပြင် ကွန်တိန်နာလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း''မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဘက်ကလွှဲတာ ရပ်ထားတာမဟုတ်ဘူး။ ပုဂ္ဂလိကလွှဲယူနေတာကို ခေတ္တရပ်ထားတာလို့ သိရတယ်''ဟု weeklyeleven တွင်ဖော်ပြထားပါသည်။

အင်းလေးကန် အတွင်းရှိ အင်းလေး ဖောင်တော်ဦးဘုရား ၀န်းကျင်တွင် ကန်ရေပြင်ဟာစံချိန်တင် ရေခန်းခြောက်မှုဖြစ်ပေါ်

အင်းလေးဖောင်တော်ဦးဘုရားကို ၂၀၁၀ပြည့်နှစ် ဧပြီလအတွင်းက တွေ့ရစဉ်


ယခုနှစ်တွင် ရာသီဥတုပူပြင်းပြီး မိုးမရွာသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသ အင်းလေးကန်အတွင်းရှိ အင်းလေးဖောင်တော်ဦးဘုရားဝန်းကျင်တွင် စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်လျက်ရှိ ကြောင်းဒေသခံများထံမှ သိရှိရပါသည်။


ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရား ၀န်းကျင် ရေခန်းခြောက်မှုရှိခဲ့သော်လည်း ဘုရားခြေတော်ရင်းလှေကား ထစ်လှေဆိပ်အထိ စက်လှေ မော်တော်များ သွားလာနိုင်ပြီး ရေကျ၍ ကုန်းပေါ်လာမှုကြောင့် စက်လှေပေါ်မှဆင်းပြီး ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရန် ပေ ၂၀ မှ ပေ ၄၀ အထိသာ လမ်းလျောက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။




''အင်းလေး ကန်မကြီးတစ်ခုလုံးပဲ ခန်းခြောက်ကုန်တယ် ပြောနေကြလို့ ကိုယ်တိုင်အင်းထဲကို ဆင်းပြီး လာကြည့်တာပါ။ ရာသီဥတုပူပြင်းပြီး မိုးမရွာလို့ ကန်မကြီးမှာ ရေချိန်ပေ တော်တော်ကျသွားပေမယ့် အလျားငါးမိုင်၊ ခြောက်မိုင် အနံ နှစ်မိုင်၊ သုံးမိုင်လောက် ကျယ်တဲ့ အင်းလေးကန်မကြီးမှာ ရေအပြည့်ရှိနေပါသေးတယ်။ အင်းလေးကိုသွားတဲ့ ချောင်းလမ်းတွေဖြစ်တဲ့ နမ့်ကတ်ချောင်း၊ အမှတ်(၁)ချောင်း၊ အမှတ်(၂)ချောင်းတွေရဲ့တချို့နေရာ တွမှာ ရေအနက်တစ်ပေခွဲ၊ နှစ်ပေ လောက်အထိ ရေကျသွားပေမယ့် စက်လှေမော်တော်တွေမောင်းလို့ ရပါသေးတယ်။ စက်လှေမောင်းသူ ရဲ့ ရေလမ်းကြောင်းကျွမ်းကျင်မှုနဲ့ ညောင်ရွှေဖောင်တော်ဆိုက် ဆိပ်ကမ်းကနေ ဖောင်တော်ဦးဘုရား ခြေတော်ရင်း လှေဆိပ်အထိ ရေမိုင်ဆယ့်သုံးမိုင်ကို ပဲ့ချိတ်မော်တော်စီးပြီးသွားခဲ့ပြန်ခဲ့ ပါတယ်။ ရေကျခန်းခြောက်တာမို့ လှေဆိပ်ကနေ ဘုရားရင်ပြင်တော် အထိ မြောက်ဘက်ကဆို ၁၀ ပေကနေ ပေ ၂၀ လောက် အနောက်ဘက်ကဆို ပေ ၃၀ လောက်ပဲ လမ်းလျောက်ပြီး တက်ရတာပါ''ဟု တောင်ကြီးမြို့မှ ဘုရားဖူးလူငယ်တစ်ဦးက ပြောပြသည်။



အင်းလေးဖောင်တော်ဦးဘုရားကို ၂၀၀၉ခုနှစ်ဆောင်းတွင်းကတွေ့ရစဉ်

ညောင်ရွှေဆိပ်ကမ်းမှ အင်းလေးကန်မကြီး မြောက်ဘက်အ၀င်ဝအထိ နမ့်ကတ်ချောင်းလမ်းအတိုင်း ရေမိုင် လေးမိုင်၊ ကန်မကြီးမြောက်ဘက်အ၀င်ဝမှ တောင်ဘက်အ၀င်ဝအထိ ကန်မကြီးကိုဖြတ်၍ ရေမိုင် ငါးမိုင်ခွဲ၊ ကန်မကြီးတောင်ဘက် အ၀င်ဝမှ အမှတ်(၁)၊ (၂)ချောင်းလမ်းများဖြင့် ဖောင်တော်ဦးဘုရားခြေတော်ရင်း လှေဆိပ်သို့သုံးမိုင်ခွဲ စုစုပေါင်းရေမိုင် ၁၃ မိုင်ကို ပဲ့ချိတ်မော်တော်စီး၍ သွားလာနိုင်ကြောင်း၊ ဖောင်တော်ဦး ဘုရား အ၀င်၊ အထွက် ချောင်းများ ရေခန်းခြောက်မှုမှာ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ယခုတစ်ကြိမ်သာ ကြုံဖူးကြောင်း၊ ဖောင်တော်ဦးဘုရားသာမက နန်းပန်အလိုတော်ပေါက်ဘုရား၊ ငါးဖယ်ချောင်းကျောင်း(ကြောင်ခုန်ကျောင်းဟုလည်း ဒေသခံများကခေါ်)၊ ရက်ကန်းရုံ၊ ငွေထည်အလုပ်ရုံ၊ အခြား လက်မှုလုပ်ငန်းများကိုလည်း စက်လှေ မော်တော်ဖြင့် သွားရောက်ဖူးမြော်လေ့ လာနိုင်ဆဲဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားကြီးတစ်ဦးထံမှ သိရှိရသည်။.weeklyeleven မှ ပြန်လည်ဖော်ပြပေးလိုက်ပါသည်.။

မေလ(၂)ရက်နေ့ နာဂစ် (၂)နှစ် ပြည့်ပြီ

၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့တွင် ပန်းတစ်ပွင့်ဟု အမည်တွင်သော နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီးသည် မှာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကို အဓိက၀င်ရောက်ခဲ့ပြီး လူဦးရေ ၁၃၀၀၀၀ ကျော် အသက်ဆုံးရှုံးစေခဲ့ကာ အိမ်ထောင်စုပေါင်း သိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။


မုန်တိုင်းမတိုက်ခတ်မီက တည်ရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခြေအနေများစွာသည် မုန်တိုင်းတိုက်ပြီးနောက် ပျက်စီးမှုပမာဏ ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသာမက မိသားစုဝင်များဆုံးရှုံးခဲ့ခြင်း၊ လုပ်ငန်းများပြိုလဲခဲ့ခြင်း၊ နှစ်ကာလရှည်ကြာစွာ နေထိုင်ရာပတ်ဝန်းကျင်ရပ်ရွာများ မျက်စိရှေ့မှောက် တွင် ပျက်စီးခဲ့ခြင်းစသည်တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများစွာ လည်းရရှိစေခဲ့သည်။




သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားဖြစ်ပေါ်ပြီးတိုင်း ရာသီဥတု ပြောင်းလဲမှု အနည်းနှင့်အများရှိတတ်မြဲဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တွေ့ကြုံ ခံစားနေရပြီဖြစ်သည်။ ထိုသို့ ပြောင်းလဲမှုဒဏ်ကို နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းအတွင်းတွင်လည်း ရင်ဆိုင်နေရပြီး အပူရှိန်သိသိသာသာ မြင့်တက်မှုကြောင့် ရေသုံးစွဲမှုမြင့်မားလာသကဲ့သို့ ရေတွင်းရေကန်များခန်းခြောက်ခြင်း၊ ရေအရင်းအမြစ်နည်းပါးခြင်း၊ ရေကြောများပြောင်းလဲသွားခြင်း စသည်တို့ကြောင့်မိုးအ၀င် နောက်ကျမှု ကြာရှည်လာသည်နှင့် အမျ ပိုမိုပြင်းထန်ခံစားရလျက် ရှိနေသည်ကို တွေ့ရသည်။


''အဖွဲ့အစည်းတွေက နာဂစ်နောက်ပိုင်း တူးပေးထားတဲ့ ကန်အများစု ကလည်း လက်ရှိအချိန်မှာ ခန်းခြောက် ကုန်ပါပြီ။ နဂိုရှိခဲ့တဲ့ ကန်တွေက ရေကလည်း ရေငန်ဝင်သွားတဲ့အတွက် လှယ်ထုတ်ပြီး မိုးရေစုဆောင်းနေရတုန်း အခြေအနေမှာရလိုက်သုံးလိုက် ဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ရေမရှိတော့ပါဘူး။ လက်ယက်တွင်းကလည်း နေရာတိုင်း အိမ်တိုင်း တူးလို့ ရတာမဟုတ်ဘူး။ ရတဲ့အိမ်ကနေမရတဲ့ အိမ်ကမျသုံးရတာပါ''ဟု ပျဉ်ထောင်တွင်းကျေးရွာမှ ဒေသခံတစ်ဦးက ရှင်းပြခဲ့သည်။




ရေအခက်အခဲမှာ ကျေးရွာများတွင်သာမကဘဲ မြို့ပေါ်ရပ်ကွက် နေသူများပါ ရင်ဆိုင်နေရခြင်းဖြစ် သည်။ အချို့မြို့များတွင် ရေစည် ခုနစ်စည်ပါ ရေကားတစ်စီးလျင် ကျပ် ၂၅၀၀၊ ရေတစ်စည်ပါ လက်တွန်းလှည်းတစ်စီးလျင် ကျပ် ၂၅၀ ၀န်းကျင်ခန့်ပေးကာ ၀ယ်ယူသုံးစွဲရ လျက်ရှိပြီး အချို့ရွာများတွင် ရာဝင်အိုးခြောက်လုံးဆံ့ ရေကားတစ်စီး လျင် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ၀န်းကျင်အထိ ပေးကာသုံးစွဲရလျက်ရှိကြောင်း သိရသည်။ ထို့ပြင်ရေ၀ယ်ယူသုံးစွဲနိုင်ခြင်းမရှိသော ရပ်ကွက်နှင့် ကျေးရွာနေသူများအနေဖြင့် သောက်သုံးရေရရှိရန်အတွက် ရေလက်ကျန် ရှိရာကန်များ၊ တွင်းများမှအချိန်ယူ သယ်ယူသုံးစွဲရခြင်းများ ရှိနေပြီး ရရှိသည့် ရေအရည်အသွေးမှာလည်း တစ်ည မှ တစ်ရက်ခွဲဝန်းကျင်ထားရှိပြီးမှ အနည်ကျကာ သောက်သုံးနိုင်သည့် အခြေအနေမျိုးတွင်ရှိကြောင်း၊ ယခု ကဲ့သို့ အပူချိန်ပြင်းသည့်နွေရာသီတွင် ရေလိုအပ်မှုပမာဏ မြင့်မားနေခြင်းကြောင့် ဒေသအချို့တွင် ရေပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဒေသအချို့တွင် ရှိနေသည့် ရေလက်ကျန်မှာ နောက် ထပ် ၁၀ ရက်မှ ၁၅ ရက်ဝန်းကျင် သာ လုံလောက်မှုရှိနိုင်ကြောင်းနှင့် ထိုအတောအတွင်း မိုးရွာသွန်းမှု မရှိခဲ့ပါက ပြင်းထန်ဆိုးရွားသည့် ရေရှားပါးမှုဒဏ်ကို ခံစားရဖွယ်ရှိနေကြောင်း နာဂစ်ဒဏ်သင့်ဒေသခံအချို့ ထံမှသိရသည်။weeklyeleven မှ ဖတ်ပြီးပြန်လည်မျှဝေလိုက်ပါသည်.။

ရခိုင်ပြည်နယ်တောင်ကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ဦးသန်းမောင် ဖမ်းဆီးခံရ

တောင်ကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးဖြစ်သူ ဦးသန်းမောင်ကို အာဏာပိုင်များက ဧပြီလ ၂၈ ရက်နေ့ ညဥ့်အချိန်တွင် သူ့နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု သတင်းရရှိသည်။


ဦးသန်းမောင်မှာ မြို့နယ်စီး အဖွဲ့ဝင်တဦး ဖြစ်ပြီး အန်အယ်ဒီ အဖွဲ့ချုပ်၏ အထောက်အကူပြု လုပ်ငန်းများနှင့် ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် အိုင်အယ်လ်အို၏ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေသူ တဦးဖြစ်ကြောင်း သိရှိရသည်။


အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ် တဦးက “ သူကို မေဒေးနေ့မှာ တခုခု တောင်ကုတ်မှာ လူပ်ရှားမူ လုပ်မယ်ထင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အချိန်မှာ သူ့ကို အပြင်းအထန် ရိုက်ပုတ်ပြီး ကြိုးတုတ်ခေါ်ယူသွားတာ ဖြစ်ပါတယ်။ ရဲတွေသာမက စစ်သား တွေလည်း သူ့ကိုဖမ်းတဲ့ အထဲမှာ ပါဝင်ပါတယ်” ဟု ပြောသည်။


ဦးသန်းမောင်၏ နေအိမ်သို့ စစ်သားများနှင့် ရဲသားများသည် ဧည့်စာရင်း စစ်မည်ဟု ဆိုကာ ညဥ့်အချိန်မတော် ၀င်ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း အဆိုပါ လူငယ်က ပြောသည်။


“ညဥ့်အချိန်မတော် သန်ခေါင်ယံမှာ ဧည့်စာရင်း စစ်စရာ ရှိတယ်ဆိုပြီး ဦးသန်းမောင်ရဲ့ အိမ်ကို သူတို့ဝင်လာတယ်။ ဦးသန်းမောင်က ညဥ့်အချိန်မတော် ပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ ၀င်လာတဲ့အတွက် ပိုင်နက် ကျူးကျော်မူနဲ့ တရားစွဲမယ်ဆိုတော့ သူတို့က ဦးသန်းမောင်ကို ရိုက်နက်တယ်။ ကြိုးတုတ်တယ်။ ပီးရင် နေရာတခုကို ဆွဲခေါ်သွားပါတယ်။ သူတို့မှာ ဦးသန်းမောင်ကို ဖမ်းဖို့ နောက်ခံ အကြောင်း တခုခု ရှိတဲ့အတွက် ခုလို ဖမ်းတာလို့ ကျွန်တော်တို့က ယူဆပါတယ်။”


ဦးသန်းမောင်မှာ ဖမ်းဆီးခံရသည့် အချိန်မှ စပြီး ယခုအချိန်ထိ မိသားစုနှင့် မတွေ့ရသေးသဖြင့် မိသားစုများ အနေဖြင့် အထူး စိုးရိမ်နေကြသည်ဟု သိရသည်။


နိရဉ္စရာမှ တောင်ကုတ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ရဲသားတဦးက ဦးသန်းမောင်အား ဖမ်းဆီးထားခြင်းကို အတည်ပြုပြောကြားပြီး ဧည့်စာရင်း စစ်သူများကို မချေမငံ ပြော၍ ၀တ္တရား နှောင့်ယှက်မူဖြင့် ဖမ်းဆီး တရား စွဲဆိုထားကြောင်း ပြောကြားသည်။


ယခင်က တောင်ကုတ်မြို့မှ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖမ်းဆီးရာတွင် စစ်သားများ ပါဝင်ခြင်း မရှိခဲ့ဘဲ ယခုတွင်မှ ဖမ်းဆီးရာတွင် စစ်သားများ ပါဝင်လာခြင်းမှာ တောင်ကုတ်မြို့အပါအ၀င် တချို့မြို့ကြီးများတွင် ဗုံးခွဲမည်ဆိုသော သတင်းများ ပျံ့နှံ့နေ၍ ရဲသားနှင့် စစ်သားများ ပူးတွဲ လုံခြုံရေး ယူထားသဖြင့် ယခုကဲ့သို့ အရပ်သားများကို ဖမ်းဆီးရာတွင် စစ်သားများ ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။ဤသတင်းအားနိရဉ္စရာလွတ်လပ်သောသတင်းဌာန တွင်ဖော်ပြထားပါသည်.။

တပ်မှုးတပ်သားပြောစကား အပိုင်း(၂) ဗိုလ်ကြီးဟောင်း ခင်မောင်ညွန့်....

Get this widget
Track details
eSnips Social DNA

VOA တွေ့ဆုံမေးမြန်းခန်း အသံဖိုင်ပါ..

၂၉ရက် ညသန်းခေါင်ကျော် အချိန်တွင်စစ်တွေတွင် ငလျင်လှုပ် ထိခိုက်ပျက်စီးမူ တစုံတရာ မရှိ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဧပြီလ ၂၉ ရက်နေ့ ညသန်းခေါင်ကျော် အချိန်၌ အတော်အသင့် ပြင်းအားရှိသော ငလျင် တခု လှုပ်ခတ်သွားခဲ့သည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမူနှင့် အပျက်အစီး မရှိကြောင်း သိရသည်။ ငလျင်သည် ဧပြီလ ၂၉ ရက်နေ့ ညဥ့် သန်းခေါင်ကျော် အချိန် ၁၂ နာရီ ၃၃ မိနစ် တွင် အင်အား ၅.၁ ရက်ချက်စကေးဖြင့် လှုပ်ခတ်ခဲ့ပြီး စုစုပေါင်း ၁၃ စက္ကန့် ကြာမြှင့်သည်။


ငလျင်သည် စစ်တွေမြို့မှ မိုင် ၆၀ အကွာ ရှိသော ပင်လယ်ပြင်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြောသည်။ ငလျင် လူပ်မူကို မြို့သူမြို့သား တချို့သိရှိလိုက်သော်လည်း တချို့မှာ မသိရှိလိုက်ကြောင်း စစ်တွေမြို့ခံ အမျိုးသားတဦးက ယခုကဲ့သို့ ပြောသည်။ “လူတွေ အိပ်နေချိန်မှာ ငလျင် လှုပ်တော့ တချို့ကလည်း သိလိုက်တာပေါ့နော်။


တချို့ကလည်း အိပ်နေတော့ မသိလိုက်ဘူး။ ငလျင် ငလျင်ဆိုပြီး တချို့က ထအော်သလို တချို့ကလည်း ကြောက်ပြီး အိမ်ပေါ်က ဆင်းပြေးတဲ့ အတွက် ရုတ်ရုတ်ကလေး ဖြစ်သွားတာပေါ့နော်” ဟုပြောသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင် အင်အား အတော်အသင့် ပြင်းထန်သော ငလျင် တခု လူပ်ခတ်ခဲ့သဖြင့် မာန်အောင်ကျွန်းနှင့် ရဲကျွန်းတစ်ဝိုက်တွင် တည်ရှိသော ရွှံ့မီးတောင် ၉ လုံး ပေါက်ကွဲ ခဲ့သည်။ဤသတင်းအား နိရဉ္စရာ လွတ်လပ်သောသတင်းဌာန မှာဖော်ပြထားပါသည်.။

ဧပြီ(၃၀) ရက်ညတွင် ပဲခူးတိုင်း ကျောက်တံခါးမှာ ဗုံးပေါက်ကွဲ


ပဲခူးတိုင်း ကျောက်တံခါးမြို့ပေါ်က စက်မှုလယ်ယာဝင်းထဲမှာ သောကြာနေ့ညတုန်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အခုချိန်ထိ လူအသေအပျောက် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာတွေထဲက ဒါဟာ နောက်ဆုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။


ကျောက်တံခါး မြို့နယ် စက်မှုလယ်ယာဝင်းအတွင်း သောကြာနေ့ည ၁၀ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း မြို့ခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။


"မနေ့က ၃၀ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ ကျောက်တံခါးမြို့ရဲ့ မြောက်ဘက် အမှတ် (၇၀) စက်မှုလယ်ယာပေါ့။ စက်မှုလယ်ယာ ဆိုတာ လယ်ထွန်စက်စခန်းပါ။ အဲဒီစက်မှုလယ်ယာဝင်းထဲမှာ ရှိတဲ့ လယ်ထွန်စက်ကြီးအောက်မှာ ထောင်ထားတဲ့ ဗုံးကွဲတာ။ ၁၀ နာရီခွဲမှာ ကွဲတယ်။ ကွဲတော့ အချိန်က လူသွားလူလာလည်း မရှိတော့ဘူးလေ။ နောက်ပြီးတော့ ဒီဝင်းထဲမှာ စက်တွေပဲထားတာဆိုတော့ လူအထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ဒီစက်ကြီးနဲ့ အပေါ်က အမိုးနဲ့တော့ ပျက်စီးသွားတာပေါ့။ အဲဒါပြီးတော့မှ နောက် အချိန်အတော်လေး ကြာပြီးသွားတော့ ခုနကဖြစ်သွားတဲ့နေရာနဲ့ ကိုက် ၇၀ ၀န်းကျင်လောက်မှာ မြေပြင်ပေါ်မှာပဲ နောက်တလုံး ထပ်ကွဲတယ်။ အဲဒါလည်း လူ အထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ပေါက်ကွဲမှုဖြစ်သွားတဲ့ အနေအထားကိုပဲ သိရသေးတယ်လေ။ ကျန်တာကတော့ဗျာ ခေါ်ယူစစ်ဆေး မေးမြန်းမှုတို့ကတော့ အခုချိန်အထိတော့ မကြားသေးဘူးခင်ဗျ။"


အခုချိန်ထိတော့ ဒီပေါက်ကွဲမှုကြောင့် အသေအပျောက် ရှိတယ်လို့ မကြားရသေးဘူးလို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဗုံးပေါက်ကွဲမှုတွေ အနှံ့အပြား ဖြစ်ပေါ်နေတာမို့ လူထုအကြား ထင်ယောင်ထင်မှား ပြောဆိုမှုတွေ ကလည်း အမျိုးမျိုး ထွက်ပေါ်နေတယ်လို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြပါတယ်။


"ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ စဉ်စားကြည့်တာက ဒီအချိန်မှာ ကျနော်တို့က သတင်းဌာနတွေကလည်း ကြားနေရတယ်ဗျ။ အဲဒီလို ဗုံးကွဲတာတွေ ကြားနေရတယ်။ အချိန်ကလည်း တိုက်ဆိုင်နေတယ်လေ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖို့ကြိုးစားနေတဲ့အချိန်၊ နောက်တခုက သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းမှုမရတဲ့အချိန် တင်းမာနေတဲ့အချိန်ပေါ့နော်။ ဒီလို အချိန်မျိုးတွေမှာ အခုလို ဒီနယ်ဘက်ပေါ့နော်။ ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါးနယ်ဘက်မှာ ဗုံးကွဲတယ်ဆိုတော့ ဒီနယ်ဘက်က လူတွေကတော့ စိုးရိမ်တာပေါ့။ နောက်တခုက ဒီလို ဗုံးကွဲတယ်ဆိုရင် နီးစပ်ရာလူတွေကို ခေါ်ပြီးတော့ စစ်ဆေးတာတို့ ကလည်း ရှိတော့ မဆိုင်သူတွေအနေနဲ့လည်း စိတ်ညစ်ရတာပေါ့ဗျာ။"


အထူးသဖြင့်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စစ်အစိုးရက ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြတ်နေ့တုန်းက ရန်ကုန် ကန်တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာတော့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ စစ်အစိုးရက တရားဝင် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ လူ အသေအပျောက် အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့က ရဲစခန်းအတွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ရဲအရာရှိတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဤသတင်းအား (VOA) သတင်းဌာန တွင်ဖော်ပြထားပါသည်.။

မြန်မာနိုင်ငံမှအလုပ်သမား ဘ၀ကျပ်တည်းမှု စစ်အစိုးရမှာ တာဝန်ရှိ


ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခါသမယမှာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေကတော့ တိုးတက်မှုမရှိဖြစ်နေဆဲပဲလို့ မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခ၀င်ငွေတွေ နိမ့်ကျနေတာ၊ အခြေခံ အခွင့်အရေးတွေ မရှိဘူးဆိုတာကို မကြာသေးခင်တုန်းကပဲ တောင်းဆိုဆန္ဒပြကြတဲ့ အခြေအနေတွေက ပြသနေပြီး ဒီအခြေအနေတွေဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေတယ်လို့ ကမ္ဘာ့အလုပ်သမားနေ့အတွက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ အဲန်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။



ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ နောက်ထပ်မဖြစ်ပွားရလေအောင်နဲ့ တိုင်းပြည်မှာ တည်ငြိမ်မှုရှိစေဖို့အတွက် ဒီပြဿနာတွေကို ဖြေရှင်း ပေးဖို့ရာ လက်ရှိ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေမှာနဲ့ အိုင်အယ်လ်အို တို့မှာ အပြည့်အ၀ တာဝန်ရှိတယ် လို့လည်း အဲန်အယ်လ်ဒီက အခုလို ပြောဆိုခဲ့ပါတယ်။



"ပြည်တွင်းအလုပ်သမားတွေရော၊ ပြည်ပအလုပ်သမားတွေရော သူတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနစ်နာနေတယ်။ ဒါကြောင့်လဲ မကြာခဏ ဆန္ဒပြတောင်းဆိုတာတွေ ကြားနေရတယ်ပေါ့။ အဲဒါကြောင့် ဒီကိစ္စက အုပ်ချုပ်နေတဲ့ အစိုးရနဲ့ အိုင်အယ်လ်အို တို့မှာ တာဝန်ရှိတယ်၊ သူတို့က ဒီဟာတွေကို ပြေလည်အောင် ဆောင်ရွက်ပေးသင့်တယ်ဆိုတာ အဲဒါပါပဲ။"



အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒီကနေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာတွေထဲမှာတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အလုပ်သမားတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုပြီး လုပ်ငန်းခွင် သာယာအောင် အလုပ်သမားတွေရဲ့ ခံစားခွင့်နဲ့ အခွင့်အလမ်းတွေ ပိုပြီး ရရှိလာအောင် အလေးထား ဆောင်ရွက်နေ ပါတယ်လို့ ပြောဆိုထားပါတယ်။ စစ်အစိုးရက ဒီလိုပြောဆိုနေပေမဲ့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ အလုပ်သမားတွေနဲ့ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို သိသိသာသာ ဖော်ပြခဲ့ပေမဲ့လို့ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ သေသေချာချာ တိတိကျကျ ဖော်ပြထားတာမျိုး မရှိဘူးလို့လည်း အဲန်အယ်လ်ဒီက ပြောဆိုခဲ့ ပါတယ်။



ဒါ့အပြင် မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံး လာခဲ့ရပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အရင်ကထက် အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေဟာ တစထက်တစ ပိုပြီး ဆိုးရွားလာခဲ့တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ မြန်မာပြည်တ၀ှမ်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာဆိုရင် ပြည်သူတွေအပေါ် အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ မြန်မာစစ်တပ်တွေအတွက် ဒေသခံ ရွာသူရွာသားတွေကို ပေါ်တာ ထမ်းခိုင်းတာတွေနဲ့ အဓမ္မ ကလေးစစ်သား စုဆောင်းမှုတွေဟာ နေရာအနှံ့မှာ ဖြစ်ပွားနေတယ်လို့ အဲန်အယ်လ်ဒီ ရဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။



အဲန်အယ်လ်ဒီက မေဒေး နေ့မှာ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ အခမ်းအနား ကျင်းပခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျန်ဒေသတွေ ဖြစ်တဲ့ ပဲခူးမြို့နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့တွေမှာလည်း မေဒေး နေ့ အခမ်းအနားတွေကို ပြုလုပ်ကျင်းပ ခဲ့သလို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း မြန်မာအလုပ်သမား အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ မေဒေး နေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။ဤသတင်းအား (VOA)သတင်းဌာန တွင် ဖော်ပြထားသည်.။


နအဖ စစ်အုပ်စုရဲ့ လုပ်ရပ်ကြောင့်အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရသည့် ကရင်နယ်မြေတွင် မေဒေးနေ့ ကျင်းပ

ညောင်လေးပင်ခရိုင်အတွင်း လမ်းဖောက်လုပ်ရေး အဓမ္မလုပ်အားခိုင်းစေမှု (ဓါတ်ပုံ - FTUK)

ကရင်ပြည်နယ်အတွင်းရှိ ခရိုင်သုံးခုတွင် ကော်သူးလေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(အက်ဖ်တီယူကေ)မှ ကြီးမှူး၍ ကမ္ဘာ့ အလုပ်သမားနေ့(မေဒေး) အခမ်းအနားကို ဒေသခံများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။




မေဒေးနေ့ ကျင်းပပုံနှင့် ပတ်သက်၍ အက်ဖ်တီယူကေ စည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ စောလေစေးက “ကျနော်တို့ မေဒေးနေ့ကို သထုံ၊ ဖာပွန်နဲ့ ဒူးပလာယာခရိုင်တွေမှာ ကျင်းပပြုလုပ်တာပါ။ အစီအစဉ်ကတော့ ပထမပိုင်းမှာ ကြွေးကြော်သံ တွေနဲ့ချီတက်ကြပြီး ဟောပြောပွဲလုပ်တယ်။ ဒုတိယပိုင်းမှာတော့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရမှု ရပ်တန့်စေဖို့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်ကြတာဖြစ်တယ်”ဟု ကေအိုင်စီကို ပြောသည်။




ဖာပွန်ခရိုင်၊ လူသောမြို့နယ်တွင် ကျင်းပသည့် အခမ်းအနားတွင် ဒေသခံ ၃၀၀ကျော်က အဓမ္မလုပ်အားခိုင်းစေမှု၊ တိုင်းရင်း သားပြည်သူများအား တိုက်ခိုက်သတ်ဖြတ်မှုများနှင့် အဓမ္မ မြေယာသိမ်းပိုက်မှု ရပ်တန့်ရေး၊ အလုပ်သမားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို မြန်မာပြည်အခြေစိုက် အိုင်အယ်လ်အိုသို့ တိုင် ကြားခွင့်ရှိရန် ကြွေးကြော်ခဲ့ကြသည်။



အဆိုပါလူသောမြို့နယ်တွင် ၁၉၉၇ခုနှစ်ကတည်းက ဒေသခံများ၏ လယ်မြေများကို စစ်တပ်က တဖြည်းဖြည်း သိမ်းပိုက်လာခဲ့ ခြင်းကြောင့် ဒေသခံရွာသားများ၏ လယ်ယာဧက ၂၀၀၀ကျော် သိမ်းပိုက်ခံခဲ့ရပြီး ယခုအချိန်ထိ ပြန်လည်မရရှိသေးဟုလည်း လယ်ယာဆုံးရှုံးခဲ့သူ စိုက်ပျိုးရေးလုပ်သားသမဂ္ဂအဖွဲ့ဝင် ထီးဘောခီးရွာသား စောဝေထူး ၄၇နှစ်က ယခုလို ကေအိုင်စီကို ပြော သည်။



“ကျနော်တို့ဒေသမှာ လယ်ယာမြေတွေကို စစ်တပ်က အတင်းသိမ်းပိုက်ယူလိုက်တာ ဧက ၂၀၀၀ကျော်သွားပြီ။ သူတို့(စစ်တပ်) က အဲလိုသိမ်းယူထားတဲ့ လယ်မြေတွေကို ဘာမှမလုပ်ဘဲ ကျနော်တို့တွေ လယ်မလုပ်နိုင်အောင် ဗုံးတွေထောင်ထားတယ်။ အခုချိန်ထိ ကျနော်တို့ လယ်တွေကို ပြန်မရသေးဘူး။ ဒါကြောင့် ကျနော်တို့ဒေသခံတွေဟာ လယ်မြေတွေ ဆုံးရှုံးခံရတဲ့အပြင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရတယ်”ဟု ဆိုသည်။




ဧပြီလ ၂၇ရက်နေ့က ထီးဘောခီးရွာသားတဦးသည် ၎င်း၏လယ်ယာမြေသို့ ပြန်သွားရာ နအဖတပ်များ ထောင်ထားသည့် ဗုံးကို နင်းမိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။




ယခုနှစ်အတွင်း ကရင်ပြည်နယ်၊ တောင်ငူခရိုင်အတွင်း စစ်တပ်၏ လုပ်အားခိုင်းစေမှုမှာ အများဆုံးဖြစ်ပြီး ထိုသို့ခိုင်းစေခံရသူ များထဲတွင် အက်ဖ်တီယူကေအဖွဲ့ဝင် ရွာသားများလည်း ပါဝင်သည်ဟု စောလေစေးက ပြောသည်။




သူက “ကျနော်တို့ သိရှိသလောက်ဆို တောင်ငူခရိုင်မှာက လုပ်အားပေးဒဏ်ခံရတာ အများဆုံးပဲ။ တပ်ရိက္ခာသယ်ရတာ၊ တပ် စခန်း ဆောက်လုပ်တာ၊ ကင်းစောင့်ခိုင်းတာတွေ ရှိတယ်။ ဒါ့အပြင် စစ်တပ်က တရက်ကို ရွာသား ၂ယောက်စီ ခေါ်ထားပြီး ထင်းခုတ်၊ ၀ါးခုတ်၊ ထမင်းချက် စတာတွေ လုပ်ခိုင်းတယ်”ဟု ဆိုသည်။




ထိုသို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများကို မြန်မာနိုင်ငံတွင်းရှိ အိုင်အယ်လ်အိုရုံးသို့ တိုင်ကြားရန်အတွက် သွား လာရေးခက်ခဲခြင်း၊ စစ်တပ်၏ ချုပ်ချယ်ကန့်သတ်မှုများကြောင့် လွတ်လပ်စွာ တိုင်ကြားခွင့်ပါ ဆုံးရှုံးနေရသည်ဟုလည်း အက်ဖ် တီယူကေက ပြောသည်။




ဖာပွန်ခရိုင်တွင် မေဒေးနေ့ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၁၀ကြိမ်မြောက် ရှိသွားပြီဖြစ်ပြီး အလားတူ အခမ်းအနားကို ကေ အဲန်ယူ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်နှင့် သထုံခရိုင်၊ ဘီးလင်းမြို့နယ်တို့တွင်လည်း တချိန်တည်း ပြုလုပ်ခဲ့ကြသည် ဟု သိရသည်။




၁၉၉၈ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် အက်ဖ်တီယူကေအဖွဲ့သည် စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်သားများသမဂ္ဂဟူ၍ သမဂ္ဂအဖွဲ့ငယ်သုံးဖွဲ့ခွဲကာ ကရင်ပြည်နယ်အတွင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းကာ ဒီမိုကရေစီစနစ်ကို ဦးတည်သည့် အ လုပ်သမားအရေးဆိုင်ရာ စည်းရုံးရေးနှင့် ပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိပြီး မြန်မာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(အက်ဖ်တီယူဘီ)နှင့် ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့တခုဖြစ်သည်။ဤသတင်းကို ကရင်သတင်းစဉ် တွင်ဖော်ပြထားပါသည်။

ပေါ့လျော့မှုကြောင့် ကျည်လွတ်ထွက် CF-SSA ခြုံခိုတိုက်သည်ဟု လားရှိုးဒုတိုင်းမှူးစွပ်စွဲ

အပစ်ရပ် (၄၆ နှစ်မြောက် SSA မွေးနေ့) သျှမ်းပြည်တပ်မတော် တပ်မဟာ ၁

နအဖ စစ်ယာဉ်တန်းက မိမိဖာသာ ပေါ့လျော့မှုကြောင့် မိမိကျည်လွတ်ထွက်မှုကို အပစ်ရပ်သျှမ်းပြည် တပ်မတော်ခြုံ ခိုတိုက်ခိုက်သည်ဟု လားရှိုးဒုတိုင်းမှူးက SSA ရုံးတာဝန်ခံအားခေါ်ပြော စွပ်စွဲခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။




“မနေ့ကဖြစ်တဲ့ခြုံခိုတိုက်ခိုက်မှုဆိုတာ မဟုတ်ဘူး၊ ကျနော်တို့ အတိအကျ စုံစမ်းပြီးပြီ။ စစ်ယာဉ်တန်းက နအဖစစ်သား တွေပေါ့လျော့မှုကြောင့် သူတို့အော်တိုသေနတ် MA 79 ကျည်လွတ်ထွက်ပြီး သူတို့ အချင်းချင်းပြန် ထိမိတာ၊တယောက် သေတယ်၊ ၄ ယောက်ဒဏ်ရာရတယ်။ အဲဒါကိုလားရှိုးဒုတိုင်းမှူးက အသေအချာမစစ်ဆေး ဘဲနဲ့ ကျနော်တို့ လားရှိုး ရုံးတာဝန်ခံကို ဆင့်ခေါ်ပြီး ‘တပ်မဟာ ၁ က ခြုံ ခိုတိုက်ခိုက်တာ၊ ဒီကိစ္စတာဝန်မယူရင် စစ်ရေးနဲ့ ပြန်အရေးယူမယ်’ ပြောတယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး စွပ်စွဲတာဘဲ” - ဟု တပ်မဟာ ၁ တပ်မှူး တဦးကပြောပါသည်။



ဧပြီ ၂၉ ရက် ခမယ ၃၂၆ တန့်ယန်း စစ်ယာဉ်တန်း ၃ စီး တန့်ယန်းဘက်မှ လားရှိုးဘက်သို့ ခရီးထွက်စဉ် မိုင်း ရယ်မြ့နယ် ဟိုယကျေးရွာအုပ်စု - ဟိုယ နှင့် လွိုင်ငင်း အကြား ၎င်းတို့ပေါ့လျော့မှုကြောင့် မတော်တဆ ဖြစ်ရသည့် ကိစ္စအပေါ် ရမခ (အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်) ဒုတိုင်းမှူးက မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည် တပ်မတော် လက်ချက်အဖြစ် စွပ်စွဲသည်ဟု ဆိုသည်။

နအဖအာဏာပိုင်များ ပြဿနာအရင်းအမြစ် အတိအကျ စုံစမ်းသင့်ကြောင်း ၊ အပစ်ရပ် SSA ကို ယခုကဲ့ သို့ လက်လွတ် စပယ် လက်ညှိုးမထိုးသင့်ကြောင်း - ဤကဲ့သို့ ဆက်ပြော၏။

“(အပစ်ရပ်)သျှမ်းပြည်တပ်မတော် အနေနဲ့ စပစ်ဖို့ အမိန့်အာဏာမရှိ၊ နအဖ စစ်တပ်ကျူးကျော်လာမှ မိမိ ကိုယ်မိမိ ခုခံကာကွယ်ဖို့ဘဲရှိတယ်။ နအဖ နဲ့ ဗိုလ်မွန်းပေါင်းပြီး အကြံအဖန်ထုတ်တာလဲ ဖြစ်နိုင်တယ်။ တကယ်မတော်တဆဖြစ် တဲ့ကိစ္စ ဖြစ်ချင်ဖြစ်မယ်၊ တမင်ကြံဖန် လံကြိုပ် ဇာတ်လမ်းဆင်တာလဲဖြစ်နိုင်တယ်” - ဟုသျှမ်းသံ တော်ဆင့်သို့ပြန်လည် ပြောပြပါသည်။


၁၉၆၄ က စတင်တည်ထောင်ခဲ့သော သျှမ်းပြည်တပ်မတော်သည် ၁၉၈၉ တွင် (ထောင် ၁၀၆ နှစ် ကျခံနေ ရသည့် ) ဗိုလ်ချုပ်ဆေထဲန် ဦးဆောင် အပစ်ရပ်ခဲ့သည်။ အထူးဒေသ ၃ အပစ်ရပ် သျှမ်းပြည်တပ်မတော်အမည် ဖြင့် ရပ်တည် ခဲ့သော်လည်း ထိုစဉ် န၀တ က အထူးရဲ တပ်ဖွဲ့အနေဖြင့်သာ သဘောထားဆက်ဆံခဲ့သည်။


ယခုအသွင်ပြောင်းမည့်ကိစ္စတွင် CF - SSA အနေဖြင့် မူအားဖြင့်သာလက္ခံထားပြီး ‘လူသူလက်နက်စာရင်း တချို့ပေး ထားခဲ့သော်လည်း ရာနှုန်းပြည့်အသွင်ပြောင်းခြင်းမဟုတ်၊ သျှမ်းပြည်တပ်မတော် အမှတ်တံဆိပ် ဖြုတ်ပြီး ဌာနေ ပြည်သူ့ စစ်တံဆိပ်အစားထိုးတပ်ရမည်ဆိုပါက’ လုံးဝလက်ခံမည်မဟုတ်၊ ယခုအသွင်ပြောင်းစာရင်းပေးထားသည်မှာ လည်း ၁၀% လောက်သာရှိပြီး ၉၀% က လုံးဝ လက်မခံသေးကြောင်း အဆိုပါတပ်မှူး ကပြောပါသည်။ဤသတင်းကို သျှမ်းသံတော်ဆင့် တွင်ဖော်ပြထားပါသည်.။

မွန်ပြည်နယ် ကျိုက်မရောမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ် ကလိုင်ကနိုင်ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ရုံးမှ ဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်။

“ဗုံးဖေါက်တဲ့လူက ဆိုင်ကယ်နဲ့လာတယ်လို့ပြောတာပဲ၊ ဖြစ်တာက မြို့ပေါ်မှာပါ ည ၁၁ နာရီလောက် ပေါက်ကွဲမှုက ဖြစ်တယ်” ဟု ကျိုက်မရောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုသည် မြို့ပေါ်တွင်ဖြစ်ပွားခြင်းကြောင့် ဒေသခံများ ထိန့်လန့်ကြောက်ရွံ့နေကြကြောင်းကိုလည်း ၄င်းက ပြောသည်။

ယခုလပိုင်းအတွင်းမှာ ပေါက်ကွဲမှုဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး၊ မြန်မာစစ်အစိုးရတို့က ပေါက်ကွဲမှုဖြစ်ပွားတိုင်း အတိုက်ခံအဖွဲ့အစည်းတို့၏ လက်ချက်ဟု စွပ်စွဲပြောဆိုတက်သော်လည်း ပေါက်ကွဲမှုဖြစ်ပွားတိုင်း တရာခံကိုဖမ်းဆီးရရှိခြင်းမရှိသေးပါ။

“ကျနော်တို့ မကြားသေးပါဘူး၊ ကျနော်တို့ပါတီအနေနဲ့ အဲဒီလိုလုပ်ရပ်မျိုး လုပ်မှာမဟုတ်ပါဘူး၊ ကျနော်တို့ဟာ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖြေရှင်းချင်တယ်” ဟု ဒုတိယဥက္ကဌ နိုင်ရဿက ပြောသည်။လွတ်လပ်သောမွန်သတင်းအေဂျင်စီ တွင် ဤသတင်းအားဖော်ပြထားပါသည်.။

မြန်မာပြည်တွင် ခေတ်စားနေသော လူသုံးကုန် အချို့အရစ် ကျဝယ်လို့ ရမယ်ဆိုပြီး လိမ်လည်နေကြသူများ

နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ လူသုံးကုန် လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက် ပစ္စည်းတချို့ကို အရစ်ကျ ငွေချေစနစ်နဲ့ ဝယ်ယူနိုင်ကြောင်း ပြောဆိုပြီး လိမ်လည်တဲ့ ဖြစ်ရပ်တစ်ခု ဧပြီလ ပထမပတ်က ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပွားခဲ့ကြောင်း သိရတယ်။ နာမည်စာရင်းပေးပြီး အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မယ်ဆိုတဲ့ ပစ္စည်းတွေက သွပ်၊ တီဗီ၊ ဒီဗီဒီ၊ အင်ဗာတာ၊ ဆိုင်ကယ် စတာတွေပါ။


ဧပြီလ ၈ ရက်နေ့က ကျုံပျော်မြို့နယ် မှော်သေးရွာမှာ ဖြစ်ခဲ့တာပါ။ လိမ်လည်သူတွေက ငသိုင်းချောင်းမှ သူတို့ရဲ့ အသိကို ခေါ်ပြီး ဆိုင်ကယ်ကယ်ရီနဲ့ မှော်သေးရွာကို လာလိမ်ကြတာပါ။ လင်မယား နှစ်ယောက် လာလိမ်တာလို့ ဆိုတယ်။ သည်ပစ္စည်း အချို့ကိုအရစ်ကျ ရောင်းပေးမယ်၊ ဝယ်ချင်ရင် ကျပ်ငွေနှစ်ထောင်ပေးပြီး နာမည်စာရင်း ပေးသွင်း ဝယ်ယူနိုင်တယ်လို့ ပြောကြောင်း သိရတယ်။


အလိမ်ခံရသူ တွေကလည်း ရွာခံလူတစ်ယောက် ပါတဲ့အတွက် မလိမ်လောက်ဘူးထင်ပြီး အယောက် နှစ်ရာကျော်လောက် စာရင်းပေးတဲ့ထဲ ပါသွားတယ်လို့ အလိမ်ခံရသူ ရွာခံတစ်ဦးက ပြောပါတယ်။ တစ်ဦးက ကျပ်နှစ်ထောင်နှုန်းနဲ့ အယောက် နှစ်ရာကျော်လောက် ရှိတာကြောင့် ကျပ်လေးသိန်းကျော်လောက် ပါသွားတယ်လို့ဆိုတယ်။ အဲသည်အချိန်မှာပဲ ငသိုင်းချောင်းမှ အလိမ်ခံရသူ အချို့က သူတို့လည်းသည် ပုံစံနဲ့ လိမ်သွားကြောင်းပြောမှ အလိမ်ခံရကြောင်း သိရတာပါ။


ကျုံပျော်မြို့နယ်က ၂၈ နှစ်အရွယ် အလိမ်ခံရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ နာမည်ကိုပြောပြီး လိမ်ကြတာဖြစ်ပြီး ဝယ်လိုရမယ့် ပစ္စည်းတွေ ကလည်း နယ်မှာအသုံးလိုတဲ့ ပစ္စည်းတွေဆိုတော့ အဆင်ပြေပြေနဲ့ ရတာဆိုပြီး ရွာခံတွေက ဝယ်ယူဖို့စာရင်း ပေးကြကြောင်း သိရပါတယ်။ အဲ သည်လို လိမ်လည်မှုတွေ မခံရအောင် ဒေသခံတွေအနေနဲ့ ပစ္စည်းမရသေးဘဲ ငွေကြိုပေးတဲ့ ဝယ်ယူမှုမျိုးတွေကို မလုပ်သင့်ဘူးလို့ ဆိုပါကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၃၀ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။