05 September 2013

မီဒီယာတွေကိုကြောက်နေတဲ့ ရွှေတိဂုံဂေါပက

ရွှေတိဂုံစေတီတော်၏ သတင်းထုတ်ပြန်ရေး ကိစ္စနှင့် ယခုရက်ပိုင်းအတွင်း ကောလာဟလများ ထွက်ပေါ်လျက် ရှိချိန်တွင် စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်သည့် ဂေါပကအဖွဲ့ဝင်များ အစည်းအဝေးတွင် မီဒီယာများသို့ သတင်းအချက်အလက် များကို တိုက်ရိုက်ထုတ်ပြန် တော့မည်မဟုတ် ဟု အတည်ပြုဆုံးဖြတ် လိုက်ကြောင်း စေတီတော်ဂေါပကအဖွဲ့ တာဝန်မှူး ဦးမြင့်ဦးက စက်တင်ဘာ ၄ ရက် နေ့တွင် ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှုအရှိဆုံး နေရာဖြစ်သော ရွှေတိဂုံစေတီရှိ သတင်းအချက်အလက် များကို သတင်းမီဒီယာများကို တွေ့ဆုံရှင်းလင်းပြီး တိုက်ရိုက်သတင်း ထုတ်ပြန်တော့မည် မဟုတ်သည့်အပြင် သတင်းများကို တိုက်ရိုက်ဖြေကြားမှုများပါ ပြုလုပ်တော့ မည်မဟုတ် ဘဲ သတင်းအချက်အလက် များကို စေတီတော် ဝက်ဘ်ဆိုက်တွင်သာ ဖော်ပြပေးသွား မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

သတင်းအချက်အလက်များအား သတင်းမီဒီယာများသို့ ဆက်လက်လက်ခံ ဖြေကြားပေးသွားမည်ဟု စက်တင်ဘာလ ၂ ရက်နေ့က The Voice ၏ မေးမြန်းချက်ကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းကြိုင်က ပြန်လည်ဖြေကြား ခဲ့ပြီး နောက်တွင် ယခုကဲ့သို့ အတည်ပြု ဆုံးဖြတ်ချက် ထွက်ရှိလာခြင်းဖြစ်သည်။

"မေးမြန်းချင်တဲ့ အကြောင်းအရာ၊ မေးခွန်းတွေကို စာတင်ပြီးတော့ မေးခွင့်ရှိပါတယ်။ ပြီးရင် ရွှေတိဂုံ ဝက်ဘ်ဆိုက်ကနေ ပြန်လည် ဖြေကြားပေးသွားပါမယ်။ အရင်လိုတော့ လက်ခံမဖြေကြားတော့ ဘူး။ ဂေါပကအဖွဲ့ လူကြီးတွေက အလုပ်များတဲ့အတွက် ဒီလိုမျိုးလုပ်ရတာပါ" ဟု ယင်းစေတီ၏ လုပ်ငန်းဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းအေးက ပြောကြားသည်။