03 September 2013

ရန်ကုန်မြို့ မြေအသုံးချမှုကို အရောင် ၁၁ ရောင်ခွဲပြီး သတ်မှတ်မည်

 မြို့ပြစည်းမျဉ်းနဲ့ မလျော်ညီတဲ့ မြေအသုံးချမှုတွေမရှိဘဲ ကြည့်လိုက်တာနဲ့ သိနိုင်အောင် ရန်ကုန်မြို့ မြေအသုံးချမှုတွေ မရှိဘဲ ကြည့်လိုက်တာနဲ့ သိနိုင်အောင် ရန်ကုန်မြို့ မြေအသုံးချမှုကို အရောင် ၁၁ ရောင်နဲ့ မျဉ်းကျားတစ်ခု သတ်မှတ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဦးတိုးအောင်က “ဒီလို သတ်မှတ်ရတာက မြေအသုံးချမှုတွေ မရှိဖို့နဲ့ ကန့်သတ်ချက်နဲ့အညီ အဆောက်အအုံ တည်ဆောက်နိုင်ဖို့၊ လူတိုင်း ထင်သာမြင်သာရှိအောင် ကြည့်ရုံနဲ့ သိနိုင်ဖို့ အဓိက ရည်ရွယ်တယ်” လို့ ပြောပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လူနေထိုင်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အရောင် ၁၁ ရောင်နဲ့ မျဉ်းကျားတစ်ခုကတော့ လူနေသိပ်သည်းမှုနည်းတဲ့ အဝါနုရောင်ကို ဆိတ်ငြိမ်ရပ်ကွက်တွေကို သတ်မှတ်မှာ ဖြစ်ပြီး အင်းလျား၊ ရွှေတောင်ကြား စတဲ့ လူနေတိတ်ဆိတ်တဲ့ နေရာတွေ၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိတဲ့ အဝါရောင်ကတော့ အထပ်မြင့်တွေ မများတဲ့ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းမြို့နယ်တို့လို နေရာတွေ ဖြစ်ပါတယ်။ အဝါရင့်က လူနေသိပ်သည်းမှုများတဲ့ မြို့ထဲလို နေရာတွေ ဖြစ်ပါတယ်။ မြို့မြေမျိုးစုံ ရောနှောပါဝင်တဲ့ ပန်းရောင်က မြို့တွင်းနေရာတွေဖြစ်ပြီး ရုံးတွေ၊ စီးပွားရေး အဆောက်အအုံ၊ လူနေသိပ်သည်းမှု များတဲ့ နေရာတွေကို အဓိကထားတယ်လို့ ဆိုပါတယ်။ ကုန်သွယ်မှုနဲ့ စီးပွားရေးဇုန် အနီရောင်က စီးပွားရေး အဆောက်အအုံတွေ ကျယ်ကျယ်ပြန့်ပြန့် များတဲ့နေရာဖြစ်ပြီး တော်ဝင်စင်တာ၊ စိန်ဂေဟာ၊ ဂျန်းရှင်းစကွဲတို့ ဖြစ်ပါတယ်။ စက်မှုနဲ့ ကုန်လှောင်လုပ်ငန်းဇုန် ခရမ်းရောင်က စက်မှုဇုန်ထဲမှာ ကုန်လှောင်ရုံတွေ ထားတဲ့နေရာကို သတ်မှတ်တာ ဖြစ်တယ်လို့ သိရပါတယ်။ မီးခိုးရောင်က ဆိပ်ကမ်းနဲ့ ဆိပ်ကမ်းဆက်စပ် ဝန်ဆောင်မှုနေရာတွေကို သတ်မှတ်ပါတယ်။ စိမ်းလန်းမြေနဲ့ ရေပြင်များဇုန် အစိမ်းရောင်က အစိမ်းနဲ့ အပြာဇုန်လို့ ပြောလို့ရတယ်။ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓုလပန်းခြံ၊ အင်းလျားကန်တို့ကို သတ်မှတ်တယ်။ အစိုးရအဖွဲ့အစည်းနဲ့ အခြေခံအဆောက်အအုံ အပြာရောင်ဇုန်က လွှတ်တော်အစိုးရ အဖွဲ့အစည်းနဲ့ အခြေခံအဆောက်အအုံတွေကို သတ်မှတ်ပါတယ်။ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန် အညိုရောင်က မြို့ထဲမှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ရှိတဲ့နေရာတွေကို သတ်မှတ်တယ်လို့ သိရပါတယ်။ အရောင်သီးသန့် မဟုတ်ဘဲ ပန်းရောင်မျဉ်းကျားနဲ့ သတ်မှတ်တဲ့ ကမ်းနားအထူး ဖွံ့ဖြိုးရေးဇုန်က ရန်ကုန်ဆိပ်ကမ်းလို နေရာမျိုးကို သတ်မှတ်မှာ ဖြစ်တယ်လို့ ပြောပြခဲ့ကြောင်း  ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "