မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ
ကြိုတင်ခွင့်ပြုချက် မတင်ဘဲ သွားရောက် လေ့လာခွင့်ရှိသည့် ဒေသများသည်
နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ ရှိလာပြီး ကြိုတင်ခွင့်ပြုချက်
မတင်ဘဲ သွားလာခွင့်ပြုရမည့် ဒေသသည် နိုင်ငံဧရိယာ၏ ရာခိုင်နှုန်း ၂၀ ခန့်
ကျန်ရှိနေကြောင်း သိရသည်။
နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နိုင်ငံတွင်း လည်ပတ်မှုများနှင့်
ပတ်သက်၍ ယခင်က ကြိုတင်ခွင့်ပြုချက် မလိုအပ်ဘဲ သွားလာရန် ခွင့်ပြုသည့်
မြို့နယ်များ၊ မြို့ပေါ်သာ သွားလာခွင့်ပြုသည့် မြို့နယ်များ၊
ကြိုတင်ခွင့်ပြုချက် တောင်းခံရသည့်မြို့နယ်များ၊ ခရီးသွားများ
လုံးဝသွားရောက်ခွင့် မရှိသည့် ကန့်သတ်ဒေသများဟု ရှိခဲ့သည်။
အစိုးရသစ် လက်ထက်တွင် ယခင်သတ်မှတ်ခဲ့သည့် သတ်မှတ်နယ်မြေ ဒေသများ၌
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့် နယ်မြေအနေအထားတို့ပေါ် မူတည်၍
ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသားများ အတွက်
ပြည်တွင်းသွားလာမှုနှင့် ပတ်သက်သော နယ်မြေဒေသ သတ်မှတ်ချက်များအား ပြည်ထဲရေး
ဝန်ကြီးဌာနမှ ယခုနှစ်အတွင်း အသစ်ပြန်လည် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
''ပြည်ထဲရေးက ထုတ်ထားတဲ့ စာပါ မြို့နယ်တွေကို ရေတွက်ကြည့်ပြီး
တွက်ချက်မယ်ဆိုရင် တစ်နိုင်ငံလုံး (စာပါမြို့နယ်) အတိုင်းအတာအရ
သွားလာခွင့်ပြု နယ်မြေ ၇၂ ရာခိုင်နှုန်း၊ မြို့ပေါ်ခွင့်ပြု၊
မြို့ပြင်ခွင့်ပြု ချက် တောင်းခံရမယ့် နယ်မြေ ၁၆ ရာခိုင်နှုန်းနဲ့
ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်တဲ့နယ်မြေ ၁၂ ရာခိုင်နှုန်း ဆိုပြီးတော့
တွက်လို့ရပါတယ်။ ခြုံပြောရရင်တော့ ရာခိုင်နှုန်း ၈၀ ကျော်လောက်
ကြိုတင်ခွင့်ပြုချက် တင်စရာ မလိုဘဲ သွားနိုင်တယ်လို့ တွက်ဆလို့ရပါ တယ်'' ဟု
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသား
ဧည့်သည်များ လည်ပတ်သွားလာ နိုင်သည့် ခရီးစဉ်ဒေသများတွင်
ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရသည့် ဒေသများသည် ကချင်ပြည်နယ်၊
ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊
ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်တို့တွင် တည်ရှိနေသည်။
ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်တို့သည်
ရာနှုန်းပြည့် သွားလာခွင့် ပြုထားသော ဒေသများ ဖြစ်သည်ဟု သိရသည်။
ကျန်ဒေသများ၌ ကြိုတင်ခွင့်ပြုချက် မလိုအပ်ဘဲ သွားလာခွင့် ပြုထားသော
မြို့နယ်များ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၉၈ ရာခိုင်နှုန်း၊
မန္တလေးတိုင်း ဒေသကြီးတွင် ၉၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၈၈
ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၈၁ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်း
ဒေသကြီးတွင် ၈၀ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၂၉ ရာခိုင်နှုန်း၊
ကချင်ပြည်နယ်တွင် ၂၈ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၂၅ ရာခိုင်နှုန်း၊
ချင်းပြည်နယ်တွင် ၂၂ ရာခိုင် နှုန်း၊ ကယားပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း
အသီးသီး ရှိနေသည်။
ကြိုတင်ခွင့်ပြုချက် တောင်းခံရသည့် ဒေသများအနက် နေပြည်တော်သည်
ဒေသအားလုံးသို့ ကြိုတင်ခွင့်ပြုချက် ရာနှုန်းပြည့် တောင်းခံရန် လိုအပ်သော
ဒေသဖြစ်သည်ဟု သိရသည်။
တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် ကြိုတင်ခွင့်ပြုချက် မလိုအပ်ဘဲ
သွားလာခွင့် ပြုထားသည့် မြို့နယ် ၂၃၇ မြို့နယ်ဖြင့် ၇၂ ရာခိုင်နှုန်း၊
မြို့ပေါ်သာ သွားခွင့်ပြုထားသည့် မြို့နယ် ၅၂ မြို့နယ်ဖြင့် ၁၆
ရာခိုင်နှုန်း၊ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည့် မြို့နယ် ၄၁
မြို့နယ်ဖြင့် ၁၂ ရာခိုင်နှုန်း ရှိနေသည်ဟု သိရသည်။

သတင်း...news-eleven