03 September 2013

အခြေခံပညာအဆင့် အင်္ဂလိပ်စာသင်ရိုး အဆင့်မြှင့်မည်

အခြေခံပညာအဆင့် အင်္ဂလိပ်စာ သင်ရိုးများကို အဆင့်မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်စတင်သင်ကြား ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗြိတိသျှ ကောင်စီမှ ၂-၉-၂၀၁၃ ရက်က သိရသည်။ “ပညာရေးဝန်ကြီးဌာနနဲ့ ဗြိတိသျှ ကောင်စီတို့ပူးပေါင်းပြီး သင်ရိုးအဆင့်မြှင့်တင် ရေးဆွဲမှာဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာတွေမှာ သင်ခန်းစာ ထပ်ဖြည့်တာတွေ ဖြည့်မယ်၊ ဖြုတ်သင့်တာတွေ ဖြုတ်မယ်။ သင်ရိုးက ပြောင်းတာ မဟုတ်ပါဘူး။ အဆင့်မြှင့်တာဖြစ်တဲ့အတွက် သင်ရိုးတွေ ပိုကောင်းလာမှာပါ။ အပြောစွမ်းရည်တိုးတက်ဖို့ သင်ခန်းစာတွေ ထပ်ထည့်ပေးသွားမှာပါ” ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။ “ ဗြိတိသျှကောင်စီအနေနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲတဲ့နေရာမှာ နိုင်ငံခြားက ပညာရှင်တွေ၊ Unicef က ပညာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ဖိတ်ခေါ်ပြီး ပရောဂျက်တွေ ပြုလုပ်ပြီး အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်စာ အရည်အသွေး မြင့်မားစေဖို့ ဦးတည် ရေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ဗြိတိသျှကောင်စီမှ ဒေါက်တာ ခိုင်ဖြူထွဋ်က ပြောသည်။ အင်္ဂလိပ်စာ ဘာသာရပ် အဆင့်မြှင့်တင်ရန် သင်ရိုးညွှန်းတမ်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှု အပိုင်း၊ သင်ထောက်ကူ ပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အနေအထားပေါ်မူတည်၍ သင်ရိုးညွှန်းတမ်းအပြင် အကြံပြုချက်များပါ တစ်ပါတည်း ရေးဆွဲသွားမည်ဖြစ်ကြောင်း  ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "