(The Scotsman မှ 2 Feb 2012 ရက်စွဲပါ Burma's 1 m exiles look homewards ကို yangon chronicle မှ ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)
တောအုပ်တစ်ခုတွင်းမှ အရောင်အဝါမှေးမှိန်နေသော ခရစ်ယာန်ဘုရားရှိခိုကျောင်း တစ်ကျောင်း၌ မြန်မာဒုက္ခသည် ၃၀၀ ကျော် ဝတ်ပြု ဆုတောင်းရန် နံနက်ခင်းတစ်ခုတွင် စုဝေးလျက်ရှိသည်။
ဆုတောင်းသူများရှေ့ဆုံး၌ ရပ်နေသူ သင်းအုပ်ဆရာကယခုလို ပြောပြီးဆုမွန်ကောင်းတောင်းသည်။ "စစ်မက် ဖြစ်ပွားဖို့အတွက် အချိန်ရှိသလို၊ ငြိမ်းချမ်းရေးအတွက်လည်း အချိန်ဆိုတာရှိတယ်။ နှစ်ပေါင်း ၆၃ နှစ်လောက် ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ခဲ့တာ တော်လောက်ပါပြီ။ ကျွန်ုပ်တို့ရဲ့လှပတဲ့ နိုင်ငံမှာ သင်တို့အားလုံးကို မကြာခင် တွေ့ရမယ်လို့မျှော်လင့်မိပါတယ်"
သင်းအုပ်ဆရာ Simon Htoo(ဆိုင်မွန်ထူး) အနေဖြင့် ယခုလိုပြောင်မြောက်လှသည့် စကားလုံးများကို လွန်ခဲ့သည့် လများအတွင်း ထုတ်ဖော်ပြောဆိုရန်မှာ ဖြစ်နိုင်ခြေမရှိသောကိစ္စတစ်ခု ဖြစ်သည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများနှင့် အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းမှုများက ကမ္ဘာပေါ်တွင်လူဦးရေအများ ဆုံးသောဒုက္ခသည်စာရင်းတွင်ပါရှိ သည့် မြန်မာဒုက္ခသည်များ အမိမြေသို့ ပြန်လည်ခြေချခွင့်ရရှိမည့် အလားအလာများကိုဖြစ်ပေါ်စေသည်။ ခန့်မှန်းချက်များအရ တိုင်းရင်းသားလူနည်းစုများနှင့် အတိုက်အခံများအပေါ် ရက်စက်ကြမ်းတမ်းစွာ ဖိနှိပ်ညှဉ်းပန်းမှု များကြောင့် အိုးအိမ်စွန့်ပစ်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့် မြန်မာဒုက္ခသည်ပေါင်း တစ်သန်းခန့်မှာ နိုင်ငံ ၅ နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက် ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်များအနက် ကရင်တိုင်းရင်းသားလက်နက်ကိုင်သူပုန်များမှာ စစ်အစိုးရထံမှ ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၆၃ နှစ်တာကြာမျှ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြသည်။ အခြားသော ကချင်တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မှာလည်း ထိုနည်းလည်းကောင်းပင်တိုက်ပွဲဝင်ခဲ့သည်။
"အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုပါပဲ၊ အချိန်အားဖြင့် ငါးမိနစ်အတွင်းလုပ်လို့ရတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဆောင်ရွက်တယ်ဆိုတာကတော့ မတူညီတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီကိစ္စဟာ သူတို့ရဲ့မျက်နှာပေါ်ကအပြုံးတွေပေါ်မှာ မမူတည်ပါဘူး။ သူတို့ရဲ့နှလုံးသားနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါဟာနောက်ထပ်လှည့်ကွက် တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ဟု ကရင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာ Simon Htoo က ပြောသည်။
အကယ်၍ ဒုက္ခသည်များမြန်မာပြည်သို့ပြန်မည်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနှင့် တရုတ် အစရှိသည့် နိုင်ငံများမှ ပြန်လာကြရမည် ဖြစ်သည်။ ယင်းဒုက္ခသည်များ၏ နေထိုင်မှုအခြေအနေမှာ အလွန်အမင်းပင် အမျိုးမျိုးအဖုံဖုံ ကွဲပြားသည်။ ဘင်္ဂလားဒေ့ရှ်တွင်မူ မွတ်စလင်တိုင်းရင်းသား လူနည်းစုများဖြစ်သည့် ရိုဟင်ဂျာလူမျိုး လေးသိန်းခန့် တရားမဝင်နေထိုင်လျက်ရှိသည်။ ထိုင်းနယ်စပ်ဒေသတစ်လျှောက်ရှိ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် အနာဂတ်မျှော်လင့်ချက် ကင်းမဲ့လျက်ရှိသော မြန်မာဒုက္ခသည်များနေထိုင်လျက်ရှိသည်မှာ မျိုးဆက်သုံးဆက်လောက် ရှိသွားပြီဖြစ်သည်။
"ဒုက္ခသည်စခန်းထဲက ပြည်သူတွေကို ရွေးချယ်ခွင့်မဖြစ်မနေပေးသင့်ပါတယ်။ အမိမြေကိုပြန်မလား၊ ထိုင်းနိုင်ငံထဲမှာပဲ ဆက်နေသွားမလား၊ အခြားနိုင်ငံတစ်ခုခုမှာ သွားရောက်အခြေချနေထိုင် မလားဆိုတဲ့ရွေးချယ်ခွင့်ပါ။ မြန်မာ့နိုင်ငံရေးကို ကျွန်မတို့အယုံအကြည်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးဟာအခုအချိန်အထိ ရှင်းရှင်းလင်းလင်းမဖြစ်သေးလို့ပါပဲ" ဟု မြန်မာနိုင်ငံ၏ မာသာထရီဇာ ဟုတင်စားခေါ်ဆိုခြင်းခံရသော "မယ်တော်" ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်က ပြောသည်။ သူမ၏ ဆေးခန်းသည်ဒုက္ခသည်ထောင်ပေါင်းများစွာကို ဆေးဝါးကုသပေးခဲ့သည်။ "အခုအချိန်မှာ ဘယ်ဒုက္ခသည်မှ မပြန်ကြသေးပါဘူး" ။
ဒုက္ခသည်များအား နိုင်ငံရင်းသို့ပြန်ပို့ရေးအတွက် ပဏာမဆွေးနွေးမှုများလုပ်ကိုင်ဆောင်ရွက်လျက်ရှိချိန်တွင် ထိုင်းဒုက္ခသည် စခန်းများသို့ လစဉ်ဝင်ရောက်လာသူ ဒုက္ခသည်ဦးရေမှာ ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း ထိုင်းဒုက္ခသည်စခန်းများအတွက် အစားအသောက်နှင့် အခြားသော အထောက်အပံ့များထောက်ပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Thai Burma Border Consortium(TBBC) မှအကြီးအကဲ Jack Dunford က ပြောကြားသည်။
ထိုင်းနိုင်ငံအနေဖြင့်မူ အခြေအနေအရပ်ရပ် လုံခြုံစိတ်ချမှုမရှိသေးသရွေ့ ဒုက္ခသည်များကို ဖိအားပေး ပြန်လွှတ်ခြင်းမျိုး လုပ်ဆောင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ဒုက္ခသည် တစ်သောင်းခန့်အား မိခင်နိုင်ငံသို့ ပြန်လွှတ်ရန် စီစဉ်ထားပြီးဖြစ်ပြီး ကျန်ရှိသူများပါ လိုက်ပါသွားရေးအတွက် ဆွေးနွေး မှုများပြုလုပ်လျက်ရှိသည်။
"လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီလို့ ယုံကြည်ရတဲ့အချိန်ကတည်းက ဒုက္ခသည်တွေကို မိခင်နိုင်ငံပြန်ကြဖို့ ကျွန်တော်တို့ လှုံ့ဆော်လျက်ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေဟာ ယခုအချိန်အထိ စိုးရွံ့ထိတ်လန့်နေကြပြီး အိမ်ပြန်ဖို့တိုက်တွန်းမှုတွေ၊ အားပေးအားမြှောက်ပြုမှုတွေ လိုအပ်နေပါတယ်" ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးဖြစ်ပြီ ဒုက္ခသည်များ မိခင်နိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် တာဝန်ရှိသူ Firoz Salahuddin ကပြောကြားသည်။
ထိုင်းနိုင်ငံ၊ မယ်လ ကဲ့သို့သော ဒုက္ခသည်စခန်းမှ တဲငယ်လေးများတွင်နေထိုင်သူအားလုံးမှာ ယခုအခါ မြန်မာနိုင်ငံတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်လင့်ခြင်း၊ စိုးရွံ့ခြင်း၊ သံသယဖြစ်ခြင်းအစရှိသည့်စိတ်တို့ဖြင့် စောင့်ကြည့်လျက်ရှိကြသည်။ "ကျွန်မနိုင်ငံဆီကိုကျွန်မပြန်ချင်ပါတယ်။ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတာ မြို့ကြီးတွေမှာပဲဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မတို့ကျေးလက်ဒေ သတွေမပါလောက်ပါဘူး" ဟု ဒုက္ခသည်စခန်းတွင် ခိုလှုံလျက်ရှိသူ မမေစိုးကပြောပြသည်။ သူမသည် ဖခင်ဖြစ်သူ မြန်မာစစ်သားများ၏ သတ်ဖြတ်ခံရကာ တစ်ရွာတည်းနေအမျိုးသမီး ၎င်းတို့၏ မုဒိမ်းကျင့်ခြင်း ခံရပြီးနောက် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။