12 May 2012

မေလ ၁၁ ရက်နေ့ ညနေပိုင်းက ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ရုံးခန်း ဖွင့်လှစ် ပေးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက်--

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက်--

မေလ ၁၁ ရက်နေ့ ညနေပိုင်းက ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ရုံးခန်း ဖွင့်လှစ် ပေးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်း ပြောကြားခဲ့ရာမှာ-


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူပြည်သူတွေအနေနဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို သိသင့်ကြောင်း အခုလို ပြောပါတယ်။


"ပြည်သူတွေ သိဖို့ လိုပါတယ်။ ပြည်သူတွေ မသိလို့ရှိရင် ကျွန်မတို့ကိုထောက်ခံသင့် မထောက်ခံသင့် ဆိုတာ ဆုံးဖြတ်လို့ ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ပြည်သူတွေက ကျွန်မတို့ကို မျက်စေ့မှိတ် နား ပိတ်ပြီးတော့ ထောက်ခံ တာမျိုးကို ကျွန်မတို့ မလိုလားပါဘူး။ တကယ်ပဲ စဉ်းစဉ်းစားစားနဲ့ ထောက်ခံသင့် မထောက်ခံသင့်ကို ဆုံးဖြတ်ပြီးမှထောက်ခံတာမျိုးကိုပဲ ကျွန်မတို့ လိုလားပါတယ်။ 


ဒီတော့ ပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီတခုကို ထောက်ခံသင့် မထောက်ခံသင့် ဆုံးဖြတ်တဲ့ အခါမှာ အဓိက ဒီအချိန်မှာ လေ့လာရမယ့် အချက်အလက်ကတော့ ဒီနိုင်ငံရေးပါတီဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆိုတဲ့ ကိစ္စပါပဲ။"


"ပြည်သူအများသိတဲ့အတိုင်းပဲ။ အခုအချိန်မှာဆိုလိုရှိရင် ကျွန်မတို့ဟာ ဒီမိုကရေစီ အပြောင်းအလဲတွေ စလုပ်ဖို့ အခွင့်အရေးတွေ ရှိနေပါပြီ။ စပြီးတော့ လုပ်နိုင်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပြီလို့ ကျွန်မတို့ ပြောလို့ မရသေးပါဘူး။ 



ဘာဖြစ်လို့လည်း ဆိုတော့ တကယ်ဒီမိုကရေစီ အပြောင်းအလဲဖြစ်ပြီဆို လို့ရှိ ရင် ဒီနိုင်ငံမှာ ပြည်သူရဲ့ သြဇာသာ လွှမ်းမိုးရမှာ ဖြစ်ပါတယ်။အခုထက်ထိတော့ ပြည်သူရဲ့ သြဇာလွှမ်းမိုးတဲ့ နိုင်ငံလို့ ကျွန်မတို့
 ပြောလို့ မရပါဘူး။

"ပွင့်လင်း မြင်သာမှု ရှိပြီး ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးသာ လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

"အခုဆိုရင် ကျွန်မတို့ နိုင်ငံကို အပြောင်းအလဲတွေ ဖြစ်နေပြီ။ အတော်ပဲ တခါထဲ တိုးတက်နေပြီ ဆိုပြီးတော့ ဒီနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြုပ်နှံချင်တဲ့သူတွေ၊ ဒီနိုင်ငံကို ကူညီချင်တဲ့ နိုင်ငံတွေအဖွဲ့အစည်းတွေ အတော်များတယ်ဆိုတာကို သတင်းတွေ နားထောင်တဲ့ ကျွန်မတို့ ပြည်သူတွေ သိမှာပါ။
ကျွန်မတို့ နိုင်ငံမှာ ဘယ်လောက် ပြောင်းလဲသလဲ။ ဘယ်လောက် တိုးတက်လဲ ဆိုတာကတော့ ပြည်သူတွေ အသိဆုံးပါဘဲ။ ကျွန်မ ရှင်းပြနေစရာ မလိုပါဘူး။ ကျွန်မတို့ အတွက် အရေးကြီးတာကတော့
နိုင်ငံခြားက ဧည့်သည်တော်တွေ လာလို့ရှိရင် နိုင်ငံခြားအဖွဲ့အစည်းတွေ၊နိုင်ငံခြား အစိုးရတွေက ကျွန်မနဲ့ ဒီကိစ္စကို အမြဲ ဆွေးနွေးပါတယ်။

ကျွန်မအမြဲ ပြောတာက ဘယ်လို အထောက်အကူမျိုးပဲ ပေးပေး၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အထောက်အကူပဲ ဖြစ်ဖြစ်၊ လူသားချင်းစာနာတဲ့ အထောက်အကူပဲ ဖြစ်ဖြစ်၊ ကျွန်မတို့ လိုချင်တဲ့ အထောက်အကူမျိုးဟာ ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးဖြစ်စေချင်တယ်။  ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုး မဟုတ်ဘဲနဲ့ ပြည်သူကို အုပ်ချုပ်သူများကိုသာ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးကိုတော့ ကျွန်မတို့ မလိုလားပါဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီတော့ ဒီလို အထောက်အကူမျိုး ဖြစ်ရဲ့လားဆိုတာကို သိဖို့က ပွင့်လင်း မြင်သာဖို့ လိုတယ်။ ပွင့်လင်း မြင်သာမှု မရှိဘူးဆိုရင် ဘယ်သူတွေကို ဘယ်လိုကူနေတယ်ဆိုတာ ကျွန်မတို့ ဘယ်လိုလုပ် သိမှာလဲ။

ကျွန်မက အဲဒါကိုလည်း တောင်းဆိုတယ်။ ကျွန်မတို့ နိုင်ငံကို ကူညီတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း လုပ်ပါ။ ပွင့်လင်းမြင်သာမှုနဲ့ လုပ်ပါ။ ကျွန်တော်တို့ အစိုးရက ကျွန်မတို့ အဖွဲ့အစည်းက ဘာအတွက် ဘယ်လောက် လှူပါတယ်။ ဘယ်အဖွဲ့အစည်း ဘယ်ဌာနမှ တဆင့် လှူပါတယ်ဆိုတာ အများပြည်သူသိအောင်လုပ်ပါ။"