24 January 2012

လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသော သံဃာတော်အရှင်သူမြတ်(၄၁)ပါးအား ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပြု


ယနေ့နံနက် ၉နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်အရှင်သူမြတ်အပါး (၄၁)ပါးအား ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲအခမ်းအနားကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အနော်ရထာလမ်း အတွင်းရှိ မကွေးပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အရှင်ဂမ္ဘီရ (မဂ္ဂင်ကျောင်း)အပါအဝင် သံဃာအပါး(၄၁)ပါးမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရွှေဝါရောင်အရေးခင်းတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော သံဃာတော်များဖြစ်သည်။

‘အားလုံးက မေတ္တာတရားတွေနဲ့ချည်း သွားကြမယ်။ တစ်ဖက်က ဒီမိုကရေစီပေးနေပြီ တစ်ဖက်ကလဲ စစ်မှန်တဲ့ ဒီမိုကရေစီတွေကို ထပ်တောင်းဆိုနေကြပြီ။ ဒီမိုကရေစီချင်းဆိုတာ မတူစရာအကြောင်းမရှိပါဘူး။ အားလုံးတူညီလို့ရှိရင် ပေါင်းသင်းလို့ရတာချည်းပါပဲ။ ဖြူစင်တဲ့ သန့်ရှင်းတဲ့ အစိုးရကြီးပေါ်ပေါက်လာပါစေလို့ ဘုန်းကြီးတို့ မျှော်လင့်ပါတယ်’ ဟုမကွေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန ဦးပါမောက္ခ မှ မိန့်ကြားသည်။

ထို့နောက် အရှင်ဂမ္ဘီရမှ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီနိုင်ငံတစ်ခုမှာ နိုင်ငံရေးအကျဉ်းသားလုံးဝမရှိကြောင်း အကယ်၍ရှိခဲ့ပါက နိုင်ငံရေးမငြိမ်မသက် ဖြစ်တတ်ကြောင်း ထိုသို့သောအကြောင်းအရာများ မရှိသေးပါက စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်ခုဟု သတ်မှတ်၍ မရကြောင်း အရှင်ဂမ္ဘီရမှ မိန့်ကြားသည်။

‘လူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်နေတယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်လို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံဒီမိုကရေစီရေး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးတွေ ဆက်ပြီးတော့ အလုပ်လုပ်သွားကြမယ် ’ဟု အရှင်ဂမ္ဘီရ မှ မိန့်ကြားသည်။

အခု လာရှိုးထောင်ကလွတ်လာပြီး မြင်နေရတဲ့ အနေအထားအရ အများကြီးတိုးတက်မှုလမ်းကြောင်းတွေပေါ် ရောက်လာပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခုလိုပွဲမျိုး ကျွန်တော်မကြုံဘူးပါဘူး။ အခု ကျွန်တော်တို့ ရောင်နီပျပျမြင်နေရပါပြီ။ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ အားလုံးကိုလည်း မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ နောက်ပြန်မဆုတ်ကြပါနဲ့။ အစောကမြင်နေရတဲ့ ရောင်နီပျပျလေး ပိုပြီးတော့ လင်းလာအောင် ပိုပြီးတော့ မြင်ရအောင် ကျွန်တော်တို့ စုပေါင်းပြီးတော့ ချီတက်ကြပါစို့လို့ပြောချင်ပါတယ် ’ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျမှပြောသည်။

အဆိုပါအခမ်းအနားအား ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိရန်နှင့် အကျဉ်းသားများ လွတ်မြောက်ရန် ရည်ရွယ်၍ တစ်မိနစ် ငြိမ်သက်ခြင်းအပါအဝင် အစီအစဉ်(၉) ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် တက်ရောက်သူ ဦးရေ ၂၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

သတင်းများပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။