25 January 2012

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစတင်


NLD ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေး လုပ်ဆောင်မှုများကို ဇန်န၀ါရီလ ၂၉ရက်နေ့မှစတင်၍ ထားဝယ်သို့ နေ့ချင်းပြန်သွားမည်ဖြစ်ပြီး ကျန် တိုင်းနှင့်ပြည်နယ်များကိုလည်း သွားရောက်ရန်ရှိသေးကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ခရီးသွားရာတွင် ဖေဖော်ဝါရီလ ၄ရက်နေ့နှင့် ၅ရက်နေ့တွင် မန္တလေးသို့ တစ်ညအိပ်ခရီးနှင့် ၇ရက်နေ့တွင် ပုသိမ်မြို့သို့ နေ့ချင်းပြန် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီခရီးတွေက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် သွားမှာမဟုတ်ဘဲ ဝင်ပြိုင်တဲ့နေရာတွေကို သွားရောက်လေ့လာ စည်းရုံးရေးဆင်းမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ မဲဆွယ်တဲ့အပိုင်းကို သေချာစိစစ်ပြီးမှ လုပ်ခွင့်ရှိမှာဖြစ်တယ်”ဟု NLD ပါတီမှ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ထို့ပြင် ယင်းခရီးစဉ်များအား သက်ဆိုင်ရာအသီးသီးသို့ အသိပေးမှုများပြုလုပ် မည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကိစ္စများကို NLD မှ တာဝန်ယူမည်ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအား တရားဝင်လုပ်ဆောင်ခွင့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား မှတ်ပုံတင်ခဲ့ပြီး ဦးစွာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းတွင် ပါတီရုံးခွဲများကို ဖွင့်လှစ်ပြီး စည်းရုံးရေးအတွက် ဟောပြာမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

သတင်း..... yangonchronicle