17 February 2011

စင်္ကာပူရောက် မြန်မာများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒစကားများ..

စင်္ကာပူရောက်မြန်မာများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒစကားများ.. အသံဖိုင်.. နားဆင်ရန်။ 
စင်္ကာပူ - စင်္ကာပူရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ခုလို စကားပြောခွင့်ပေးတဲ့ ဒေါ်စုကို ကျေးဇူးတင်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် - ဟုတ်ကဲ့ ရပါတယ်။

စင်္ကာပူ - ကျွန်တော်တို့ ဒီနေ့ စင်္ကာပူမှာ ပြည်ထောင်စုနေ့ အခမ်းအနားတစ်ခုကျင်းပပါတယ်။ ပြည်ထောင်စုနေ့နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြိုကိုလည်း ကျင်းပပါတယ်။ စင်္ကာပူရောက်မြန်မာအများစုဟာ Economic Migrate တွေ များပါတယ်။ Professional ရော အလုပ်သမားတွေပါ မြန်မာမိသားစုအားလုံး သိန်းဂဏန်းလောက် နေထိုင်ကြပါတယ်။ ဒီနေ့ဒေါ်စုကို ပြောချင်တဲ့ အချက်သုံးချက်ရှိပြီး ပထမဆုံးအချက်ကတော့ ဒေါ်စုချမှတ်လိုလားတဲ့ လူမှုကွန်ရက်ထဲမှာ ကျွန်တော်တို့ စင်္ကာပူရောက်မြန်မာများကလည်း ပါဝင်ဖို့အတွက် အပြည့်အ၀အင်အားပြုထားပါတယ်။

  ဒေါ်အောင်ဆန်းစုကြည်- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

စင်္ကာပူ - ပြည်တွင်း Network အပြင် ပြည်ပနိုင်ငံအသီးသီးနဲ့လည်း ဆက်သွယ်ဖို့အတွက်လည်း အဆင်သင့်ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်စုအနေနဲ့ အကြံဥာဏ် ညွှန်ကြားချက်လေး ပေးပါခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည် - အဓိက အရေးကြီးတာ ပြည်ပကဆိုရင် ညီညွတ်မှု ရှိဖို့ပေါ့နော်။ နောက်တစ်ခုက ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း ကူညီရိုင်းပင်းကြတယ် ဆိုတာမျိုးကို ဖြစ်စေချင်ပါတယ်။ ဥပမာဆိုရင် စင်္ကာပူမှာ လာပြီး အလုပ်လုပ်တဲ့သူတွေမှာ ပြဿနာရှိတယ်ဆိုရင် အချင်းချင်းဝိုင်းပြီး အကူအညီပေးတာ၊ Social Group လူမှုရေးအထောက်အပံ့ပြု၊ လူမှုရေးအကူအညီအဖွဲ့လိုမျိုး စင်္ကာပူမှာ စပြီးလုပ်စေချင်တယ်။ အဲဒီကနေတဆင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆက်စပ်ပြီးတော့ Network လို သဘောမျိုးပေါ့။ အဲလို အဖွဲ့လေးတွေကို လုပ်စေချင်ပါတယ်။ ဥပမာ ထိုင်းတို့၊ မလေးရှားတို့မှာဆို အကြောင်းကြောင်းကြောင့် အကျဉ်းကျနေတဲ့သူတွေရှိတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်၊ ကျွန်မတို့က ကျွန်မတို့ နိုင်ငံသား အချင်းချင်းကို ကူညီစေချင်တယ်။ ရာဇ၀တ်မှု ဆိုရင်တောင်မှ တရားဥပဒေအရ လိုက်ပေးမယ့် ရှေ့နေငှားပေးတာတို့၊ ထောင်ကျသွားပြီး အကျဉ်းကျသွားပြီဆိုရင်တောင် ထောင်ဝင်စာ သွားမယ့်လူတွေရှိတာတို့၊ နောက်ပြီးတော့ သူတို့ရဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မိသားစုတွေနဲ့ အဆက်အသွယ်လုပ်ပေးတာတို့ ၊ အဲလိုဟာလေးတွေနဲ့ စပြီးပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ညီညွတ်မှုကို ထူထောင်စေချင်ပါတယ်။

စင်္ကာပူ - ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့အားလုံး မှတ်ထားပါတယ်။ ကျွန်တော်တို့အဲလို အဖွဲ့ဖွဲ့ပြီးတော့ ဒေါ်စု ခုနက အကြံပေးသလို အကူအညီအထောက်အပံ့တွေ ပေးဖို့ ဆန္ဒရှိပါတယ်။ ဒုတိယအချက်ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက NLD ကနေ ထုတ်ပြန်လိုက်တဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် ထုတ်လုပ်လိုက်တဲ့ ကြေငြာချက်ကို စင်္ကာပူရောက်ဒီမိုကရေစီ အင်အားစုတွေအားလုံးက အကြွင်းမဲ့ လက်ခံ သဘောတူပါတယ်ခင်ဗျ။ ဒီသဘောထားကြေငြာချက်ကိုလည်း Print out ထုတ်ပြီး နီးစပ်ရာလိုက် ဝေငှနေပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကိုလည်း အကြံဥာဏ်ပေးချင်တယ်ဆို ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီးပွားရေး ပိတ်ဆို့မှုဆိုတာ အမြဲပဲ ဒီပုံစံရှိနေရမယ် မဟုတ်ပါဘူး။ အကယ်၍ ကျွန်မတို့ နိုင်ငံအတွက် အကျိုးဖြစ်မှာ၊ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေအတွက် စီးပွားရေးအရလည်း ဘာမှအထိမနာပဲ နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းမှာတွေ ရှိတယ်ဆိုရင်လည်း ကျွန်မတို့ကို အကြံပြုစေချင်ပါတယ်။

စင်္ကာပူ - တတိယအချက်ကတော့ ခုနက ဒေါ်စု ကျွန်တော်တို့ကို အကြံပေးသလိုပါပဲ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးစီကို NLD ကနေ မဲဖောက်စနစ်နဲ့ ကူညီပံ့ပိုးနေတာကို ကြားသိရပါတယ်။ အဲဒီအစီအစဉ်ကို ၀ိုင်းဝန်းပံ့ပိုးကူညီဖို့ ဆန္ဒရှိပါတယ်။ အဲဒါအပြင် ရေရှည်စီမံကိန်းအရ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုထဲက သားသမီးများရဲ့ အသက်မွေးဝမ်းကျောင်းကိစ္စကို ကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်စုထံမှ အကြံပေးချက်တွေကို လိုအပ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် - အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို မဲနှိုက်ပြီးတော့ တာဝန်ယူမယ်ဆိုတာသိရလို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လို့ ဒီကိစ္စကို စနစ်တကျလေး လုပ်စေချင်ပါတယ်။ ဘာပဲ ပြောပြော ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေရော ၊ အဲဒီကမှတဆင့် ပြည်သူပြည်သားတွေကိုရော တာဝန်ရှိစေချင်တယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေ ဘယ်သူ့ကိုမှ အလကားပေးတယ် ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အကြောင်းကြောင်းကြောင့်သာ ပေးရတာ။ လူတိုင်းလူတိုင်းဟာ သူ့ရဲ့ လုပ်အားနဲ့ ရတယ်ဆိုတာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေဟာ တကယ့်ကိုပဲ အကူအညီလိုနေပါတယ်။ သူတို့ရဲ့ မိသားစုတွေကို ကူညီတဲ့နေရာမှာဆိုလို့ ရှိရင် ရေတိုအနေနဲ့ မဟုတ်ပဲနဲ့ ရေရှည်အစီအစဉ်တွေနဲ့ လည်းကူညီစေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့ ပြည်တွင်းက လူမှုအထောက်အကူကတော့ အကျဉ်းသားမိသားစုတွေရဲ့ သားသမီးများ ပညာရေးကို ဦးစားပေးပြီးလုပ်ပါတယ်။ ဒါကတော့ ရေရှည်ပေါ့နော်။ သူတို့ ပညာမတတ်လို့ မဖြစ်ဘူး။ နောင်တစ်ချိန်မှာ ပညာတတ်လာတဲ့အခါ တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ်။ တိုင်းပြည်အတွက် ပိုပြီးတန်ဖိုးရှိတဲ့ လူငယ်တွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ အဲလိုကိစ္စမျိုးကို ဦးတည်ပြီးတော့ လုပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီတဲ့နေရာမှာ အရေးအကြီးဆုံးကတော့ ကျန်းမာရေးပေါ့။ အဲဒီကျန်းမာရေးကို အဓိကထားပြီး ကူညီစေချင်ပါတယ်။ ပြည်ပကနေ ကူညီနိုင်မယ့်လူတွေကတော့ အကျဉ်းသားတွေရဲ့ သားသမီးများ ပညာရေးပေါ့၊ အဲဒါကို အဓိကထားပြီး ကူညီစေချင်ပါတယ်။

စင်္ကာပူ - ဟုတ်ကဲ့ပါ ခင်ဗျ။ အခု ဒေါ်စုပြောသွားတာတွေကို သေသေချာချာမှတ်သားပြီး စင်္ကာပူနဲ့ မလေးရှားမှာ ရှိနေတဲ့ အဖွဲ့တွေ ပူးပေါင်းလို့ အကူအညီပေးနိုင်ဖို့ ကြိုးစားပါမယ်ခင်ဗျ။ ဒေါ်စုအနေနဲ့ တခြား ဘာများ မှာကြားချင်ပါသေးသလဲ ခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည် - နောက်တစ်ခုအရေးအကြီးဆုံးက ပြည်ပနိုင်ငံများကနေပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို သိရှိနားလည်ဖို့အတွက်ကို အမြဲပဲ မျက်လုံးဖွင့် နားစွင့်လို့ နေရအောင်လို့ တတ်နိုင်တဲ့ နည်းနဲ့ လုပ်ပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေ၊ နိုင်ငံရဲ့ အခြေအနေကို ကမ္ဘာက သိလာတဲ့အခါ ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာက ပိုပြီး သိလာနိုင်မှာပါ။ အဲဒီအထဲမှာ တိုင်းရင်းသားတွေရဲ့ အရေးကလည်း သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသားတွေထဲမှာ မြန်မာတွေလည်း ပါပါတယ်။ မြန်မာတွေကတော့ လူဦးရေ အများဆုံးတိုင်းရင်းသားပေါ့။ အဲဒီတိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွှတ်ကြဖို့ ကျွန်မတို့ အများကြီး ကြိုးစားရပါမယ်။ ဒါဟာ အလိုလိုဖြစ်လာမှာ မဟုတ်ပါဘူး။ မိုးပေါ်ကနေ ကျလာမယ့် အရာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ လုပ်ယူမှ ဖြစ်မှာပါ။

စင်္ကာပူ - စီးပွားရေးပိတ်ဆို့မှုဟာ ပြည်သူတွေကို ထိခိုက်မှုမရှိပါဘူးဆိုတဲ့ အချက်ကို ပြည်ပကို ရောက်နေတဲ့ အတတ်ပညာရှင်တွေရော သာမန်ပြည်သူတွေပါ ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် ဒီထက်ပိုပြီး အသေးစိတ် ပြောပြပေးပါခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည်- ကျွန်မတို့ အဲလို အသေးစိတ်လုပ်ဖို့လည်း စီစဉ်ပါ့မယ်။ ဒါပေမယ့်လည်း အခုစင်္ကာပူမှာ ရောက်နေတဲ့ စီးပွားရေး လုပ်နေတဲ့ မြန်မာတွေကလည်း ပြန်ပြီးတော့ ကျွန်မတို့ကို ကူညီနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ အလုပ်မလုပ်နိုင်ပဲနဲ့ စင်္ကာပူကို ထွက်ပြီးတော့ အလုပ်လုပ်ရတာ ဘာကြောင့်လဲ။ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ကျွန်မတို့ကို အသိပေးမယ်ဆိုရင် ကျွန်မတို့ကလည်း ဒီထက်ပိုပြီးတော့ တိတိကျကျ ပြုစုနိုင်ပါလိမ့်မယ်။ ကြေငြာစာတမ်းမှာလည်း ပါပါတယ်။ ပညာရှင်အဖွဲ့တစ်ဖွဲ့ကသာ လာပြီးတော့ ကူညီပေးနိုင်ရင်ဆိုတဲ့အကြောင်းကို ရေးထားပါတယ်။ အားလုံးကနေပြီးတော့ လူရိုသေရှင်ရိုသေရှိတဲ့ ကမ္ဘာ့ပညာရှင်အဖွဲ့ကနေ လာပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် စီပွားရေးပိတ်ဆို့မှုကို လိုလားတဲ့သူနဲ့ ဖယ်ရှားစေချင်တဲ့လူတွေကြားထဲမှာ သူတို့က ပိုပြီးတော့ သမာသမတ်ကျကျနဲ့ တချို့ကိစ္စတွေကို အများသဘောတူ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

စင်္ကာပူ - ကျေးဇူးတင်ပါတယ် ခင်ဗျ။ တခြားရော ဒေါ်စုအနေနဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကို ဘာများပြောချင်ပါသေးသလဲခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည် - ထူးထူးထွေထွေတော့ မရှိပါဘူး။ အခုလို အဝေးကနေပြီးတော့ အမိနိုင်ငံအတွက် ၀ိုင်းဝန်းလုပ်ပေးကြတဲ့အတွက် ၀မ်းသာပါတယ်၊ ဂုဏ်ယူပါတယ်။ အားလုံးကလည်း ဒီလိုစိတ်ထားတွေကို ပိုပြီးတော့ ခိုင်မာလာအောင်၊ ပိုပြီးတော့ အားကောင်းလာအောင်လို့ လုပ်မယ်ဆိုလို့ ရှိရင် ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာပါ။ များများလုပ်နိုင်ရင် မြန်မြန်ရောက်နိုင်ပါတယ်ဆိုတာကိုလည်း သိပြီးသားပါ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကနေပြီး စင်္ကာပူမှာ ရောက်နေတဲ့ ပြည်သူပြည်သားအားလုံး ကျန်းမာ ချမ်းသာပါစေလို့လည်း ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
အသံဖိုင် Download လုပ်ချင်ရင်.. http://www.mediafire.com/file/106waebi9xvnsxd/Amay%20Suu%20Speech%20Singapore%20Demo%20Group.mp3
အသံ Edit မလုပ်ခင် ပထမဦးဆုံး ရောက်ရှိလာတဲ့ Raw Fileမှာ ပထမတစ်ခေါက် အမေစုနဲ့ ပထမတစ်ခေါက် ဖုန်းပြောရင်း ဖုန်းအဆက်အသွယ် ပြတ်သွားတဲ့ အချိန်မှာ အချင်းချင်း ပြောဆိုနေကြတဲ့ သမ္မတ ဝန်ကြီးချုပ်နဲ့ စကားပြောနေရတဲ့ အတွက် စိတ်လှုပ်ရှားမှု ဖြစ်ရပါတယ် ဆိုတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် (သမ္မတ၊ဝန်ကြီးချုပ်အနေနဲ့) တင်စားပြော ဆိုတာလေးကိုတော့ အထူး သဘောကျမိပါတယ်..။ ဒါကျွန်တော်တို့ အားလုံး ဖြစ်စေလိုချင်တဲ့ ဆန္ဒမှန်တွေပါ..။

ပေးပို့ပေးတဲ့ ဦးတင်မောင်ဝင်းနဲ့ - စင်ကာပူရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအား အထူးကျေးဇူးတင်ပါတယ်..။

ဒီမိုဝေယံ