ငါတို့ဗိုလ်ချုပ်
၂၀၁၁ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင်ကျရောက်သော
ဗိုလ်ချုပ်အောင်ဆန်း ၉၆နှစ်ပြည့် မွေးနေ့ အမှတ်တရ ။
“ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊
တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊
မျက်ရည်ဖြိုင်လို့
ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’
ပြည်ထောင်စုရေး ကြိုးပမ်းဆောင်
ပြည်ချစ်ဒို့ ခေါင်းဆောင် ၊
ဒီမိုကရေစီလမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။
နိုင်ငံရေးဆိုသည်မှာ ပုထုစဉ်တို့၏ သိပ္ပံပညာရပ် ဖြစ်သည်။
နိုင်ငံရေးမည်သည် တရားသည်ဆိုသော သဘောမရှိ။ အောင်နိုင်အောင် စီစဉ်ဆောင်ရွက် ကြရကြောင်း၊ လွတ်လပ်ရေးကို မပေးတာ မတရားဘူး၊ တရားရာကျအောင် လွတ်လပ်ရေး ပေးပါဟု တောင်းခြင်း။ ယူအန်အို (UNO) တို့ ဘာတို့ကို ကြေးနန်းရိုက်၊ စာပို့လူလွှတ် တောင်းနေလို့ ဘယ်တော့မှမရနိုင်။ သတင်းစာတွေထုတ်။ ဟိန်းဟောက်နေရုံနဲ့လည်း မရနိုင်။ အင်အားနဲ့ ကျကျနနရှိမှ လွတ်လပ်ရေးကို ရနိုင်မည်။ အားရှိမှ လူလေးစားသည်။ ဒါကြောင့် အားရှိကြောင်း ပြနိုင်အောင် ကြိုးစားကြရမည်။
(၁၇-၁၁-၄၆ နေ့က သာစည်တွင် ဟောပြောချက်မှ)
အမှန်မှာ နိုင်ငံရေး သည်လောကီရေးပင် ဖြစ်သည်။ နိုင်ငံရေးမှာ နိဗာန်ရောက်ကြောင်း တရားမဟုတ်။သို့သော်လည်း လောကီရှိမှလည်းလောကုတ် ရှိနိုင်၏။ လောကုတ်ရှိမှ လည်း လောကီတည် နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။
(၁၉၄၀ ဖေဖေါ်ဝါရီလ ထုတ် ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၄ တွင် သခင် အောင်ဆန်း ရေးသားချက်မှ)
နိုင်ငံရေးဆိုသည်မှာ ဘာလဲ၊ အမှန်မှာ နိုင်ငံရေးဆိုသည်မှာ အမြင့်တွင်ရှိသည် လည်းမဟုတ်၊ အနိမ့်တွင် ရှိသည်လည်းမဟုတ်၊ မျက်လှည့်လည်းမဟုတ်၊ ဗေဒင်ဟောခြင်းလည်းမဟုတ်၊ အဂိရတ် ပညာလည်းမဟုတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေသည့် အမျိုးသားရေးကိစ္စလည်းမဟုတ်၊ နိုင်ငံရေးသည် အစဉ်သဖြင့် တိုးတက်ဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင့် ကိုက်ညီရသည်။ အတိုပြောရမည်ဆိုလျှင် နိုင်ငံရေးဆိုသည်မှာ ရဲဘော်ပင်ဖြစ်သည်။ ရှေးပဝေသဏီ ကပင် အရစ္စတိုတယ် ပြောခဲ့သလို ရဲဘော်သည်ပင် နိုင်ငံရေး သတ္တဝါ ဖြစ်သောကြောင့်ပင် ရဲဘော်၏ စားရေး၊ အိပ်ရေး၊ နေရေး၊ အလုပ်လုပ်ရေးသည်ပင် နိုင်ငံရေး ဖြစ်သည်။
ရဲဘော် နိုင်ငံရေးအကြောင်း စဉ်းစားချင်မှ စဉ်းစားမည်။ ရဲဘော် နိုင်ငံရေးကို ရှောင်ပေလိမ့်မည်။ သို့သော် နိုင်ငံရေးက ရဲဘော် အိမ်မှာသော်လည်းကောင်း၊ ရုံးမှာသော်လည်းကောင်း၊ အလုပ်ရုံမှာသော်လည်းကောင်း တွယ်ကပ်နေလိမ့်မည်။ နေ့စဉ်နှင့် အမျှ ရဲဘော်သည် နိုင်ငံရေးကိုလုပ်နေရသည်။ ကိုင်တွယ်နေရသည်။ ရုန်းကန်နေရသည်။
ရဲဘော်၏ ဘဝပြောင်းလဲသလို နိုင်ငံရေးကလည်း ပြောင်းလိုက်သည်။ ရဲဘော်တို့ အသက်ရှင် နေထိုင်ရေး ပိုမိုကောင်းမွန်စွာနေထိုင်ရေး အတွက် လွတ်လပ်ရေး ရရှိရမည်။ နေထိုင်မှုအတွက် လွတ်လပ်ရေး၊ တဦးချင်းအလိုက် တမျိုးသားလုံးအလိုက် ဖန်တီးနိုင်မှု၊ ဖွံ့ဖြိုးအောင်ဆောင်ရွတ်နိုင်မှု အတွက်လွတ်လပ်ရေး၊ အခြားသူများ၏ အခွင့်အရေးကို မထိခိုက်စေဘဲ ရဲဘော်တို့၏ အဆင့်အတန်း တိုးတက်နိုင်မှုအတွက် လွတ်လပ်ရေးရှိရမည်ဟု ကျွန်တော်တို့ ပြောဆိုနေကြခြင်းဖြစ်သည်။ ဤသည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။ သို့သော် နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စပင်ဖြစ်သည်။
နိုင်ငံရေးဆိုသည်မှာ ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရသည့် သံသရာပင်ဖြစ်ပါသည်။ အဆုံးမရှိဘဲ တဝဲလယ်လယ် လည်ပတ်နေသော အကျိုးနှင့် အကြောင်း၊ အတိတ်၊ ပစ္စပ္ပုန် နှင့် အနာဂါတ်တို့၏ သံသရာကြီးပင်ဖြစ်သည်။
၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် ဖဆပလ ပထမကွန်ကရက်တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းမှ
လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးက ထွက်တော့မယ်၊ မထွက်လို့လဲ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်ရေးရပြီးတော့ (Power Politics) "အာဏာနိုင်ငံရေး" လာလိမ့်မယ်။ Power Politics နဲ့ ကျွန်တော်နဲ့ မဖြစ်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း ၏ အစ်ကို ဦးအောင်သန်းရေးသော အောင်ဆန်းမိသားစု စာအုပ်မှ
စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ ခ်ဂါ အလင်းဆက်