29 December 2011

အကျဉ်းထောင်များသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်လေ့လာမည

မြန်မာနိုင်ငံအတွင်း အစိုးရသစ်လက်ထက်မှစတင်၍ ဖွဲ့စည်းခဲ့သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဒီဇင်ဘာလနှောင်းပိုင်းတွင် နိုင်ငံ အတွင်းရှိ အကျဉ်းထောင်များသို့ ပထမဆုံးအကြိမ် သွားရောက်လေ့လာမည်ဖြစ်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်လေ့လာမည့် အကျဉ်းထောင်များမှာ ရန်ကုန်မြို့အနီးတစ်ဝိုက်၌ တည်ရှိသော အကျဉ်းထောင်များ၊ ရဲဘက်စခန်းများကို သွားရောက်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းသားများ၏ အခြေအနေကို ခြုံငုံလေ့လာ၍ တွေ့ရှိချက်များကို သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားစာ တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အကျဉ်းထောင်များသို့ သွားရောက်လေ့လာမည့် ရက်အတိအကျကို တရားဝင်ထုတ်ဖော် ပြောကြား သွားခြင်း မရှိသေးသော်လည်း ဒီဇင်ဘာလနှောင်းပိုင်းတွင် ကော်မရှင်အနေဖြင့် သွားရောက်လေ့လာရန် လျာထားကြောင်း သိရသည်။

ထို့ပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကချင်ပြည်နယ် Conflict area များသို့ ဒီဇင်ဘာလအတွင်း သွားရောက်လေ့လာခဲ့ပြီး ၎င်းဧရိယာ အတွင်းရှိ ဒုက္ခသည်များအတွက် Refugee Camp များမှာထားပြီး လက်ရှိအချိန်တွင် UNHCR ကတ်များ ဆောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များသို့လည်း သွားရောက် လေ့လာခဲ့ပြီး ကျေနပ်အားရမှုများ ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အစိုးရသစ်လက်ထက်တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပိုင်နိုင်မှုရှိသည့် အငြိမ်းစား ဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအား ပြစ်ဒဏ်ကျခံခြင်းမှ ပြန်လည် လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံသို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုထားချက်သည် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အထင်ရှားဆုံး စွမ်းဆောင်မှုပင် ဖြစ်သည်။


သတင်း...yangonchronicle