24 October 2011

သစ္စာဖေါက်ခံနေရဆဲ မျိုးဆက်သစ် မြန်မာ့ လူငယ်များ

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘုတ်မှာ မိတ်ဆွေ တယောက် တင်လိုက်တဲ့ သတင်းကိုဖတ်ပြီး တော်တော်လေး စိတ်မအီမသာ ဖြစ်သွားတယ်။ ပညာခေတ်မှာ မြန်မာလူငယ်တွေ ရရှိနေတဲ့ ပညာ အရည်အသွေးနဲ့ ပတ်သက်လို့ပါ။

မောက္ခပညာရေး မဂ္ဂဇင်းမှာ စာတွေရေးဖြစ်၊ ဖတ်ဖြစ်တော့ ကမ္ဘာ့နိုင်ငံ အများစုတွေဟာ ပညာရေးမှာ ရင်းနှီးမြုပ်နှံမှု အပြိုင်အဆိုင် ဖြစ်လာတာကို တွေ့မြင်နေရတယ်။


ကွန်ပျူတာ ကတ်တလောက်စနစ်၊ နောက်ဆုံးထုတ် အင်္ဂလိပ်စာအုပ်များ၊ ကျောင်းသားများအတွက် ဆိတ်ငြိမ် စာဖတ်ရန် နေရာများဖြင့် ထိုင်းနိုင်ငံ၊ ချုလာလောင်ကွန်းတက္ကသိုလ် စာကြည့်တိုက်

၂၁ ရာစုဟာ နည်းပညာ ပေါက်ကွဲတဲ့ ရာစုနှစ်၊ ပညာရေးက အရာရာကို ဦးဆောင်မယ်ဆိုတဲ့ ခေတ်မှာ ကျနော်တို့ရဲ့ တိုင်းပြည် ခေါင်းဆောင်တွေက တက္ကသိုလ် အဆောင်တွေကို ဟိုတယ်လုပ်မယ့် စီးပွားရေး လုပ်ငန်းရှင်တွေဆီ လေလံပစ် ရောင်းစားတာကို တွေ့ရတော့ တော်တော်လေး စိတ်ထိခိုက်ရပါတယ်။ ကျနော့်တို့ရဲ့ နိုင်ငံခေါင်းဆောင်ဆိုသူများ အသိဉာဏ် နည်းပါးရလေခြင်းဆိုပြီး ယူကျုံးမရ ဖြစ်မိပါတယ်။

ကျနော်တို့ မျိုးဆက်တွေဟာ ၁၉၆၂ ခုနှစ် ကတည်းက အုပ်ချုပ်သူတွေရဲ့ ဖျက်ဆီးမှုကို စနစ်တကျ ခံခဲ့ကြ ရပါတယ်။ နှစ် ၂၀ ကိုမျိုးဆက် တခုအဖြစ် သတ်မှတ်ရင် အခုဆိုရင် မျိုးဆက် သုံးခုလောက်ဟာ မတရား ဖျက်ဆီး ခံလိုက်ရပါပြီ။

ကျနော်က ၁၉၉၂ ခုနှစ်မှာ စစ်တွေ ဒီဂရီ ကောလိပ်ကို တက်ခွင့်ရပါတယ်။ ကောလိပ်၊ တက္ကသိုလ်တို့ဆိုတာ ကျောင်းသားတွေ သုတေသနလုပ် အသုံးပြုနိုင်ဖို့ စာအုပ်စာတမ်းတွေ သိပ္ပံသုတေသန လုပ်မယ့် ဓါတ်ခွဲခန်းသုံး ကရိယာတွေ ဘယ်လောက်များများ စားစားရှိသလဲဆိုတဲ့ အချက်က အရေးကြီးသလို ပညာရှင်တွေရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေး အရေးပါပါတယ်။ ကျနော်တက်ရောက်ခွင့် ရခဲ့တဲ့ ဒီဂရီ ကောလိပ်မှာ စာကြည့်တိုက် Library သီးသန့် မရှိပါဘူး။ ကျောင်းသားတယောက် စာဖတ်ချင်လို့ စာအုပ် ငှားချင်သပဆိုရင် စာအုပ်တအုပ် ရဖို့ နာရီနှင့်ချီ စောင့်ဆိုင်းရပါတယ်။ (၀ါရင့် ကျောင်းသားအချို့၏ သင်ပြချက်အရ စာအုပ်မြန်မြန် လိုချင်ရင် စာကြည့်တိုက် ၀န်ထမ်းများကို မုန့်များဖြင့် လာဘ်ထိုးထားခြင်းဖြင့် မိမိလိုချင်သော စာအုပ်ကို အမြန် ရရှိနိုင်သည်မှာ ကိုယ်တွေ့ဖြစ်ပါသည် )။

တက္ကသိုလ် ကျောင်းသားတယောက်ရဲ့ အဓိက တာဝန်က မိမိဘာသာရပ်နှင့် ဆိုင်တဲ့ စာအုပ် စာတန်းတွေ ရှာဖွေ ဖတ်ရှု ရပါမယ်။ ဒါပေမဲ့ ကျနော်တို့ ကျောင်းနေစဉ် တက္ကသိုလ် ကျောင်းသား အများစုက စာဖတ်တဲ့ အလေ့ အကျင့် မရှိကြပါဘူး။ စာမဖတ်တဲ့ အပြင် စာမေးပွဲမှာ ခိုးချတဲ့ အလုပ်ကို ပါလုပ်ကြပါတယ်။ ကျောင်းပြီးလို့ လူ့လောကထဲ ကျင်လည်ရမယ့် လူငယ်တွေ စာမေးပွဲမှာ ခိုးချနေကြခြင်းဟာ ကျနော်တို့လူအဖွဲ့အစည်း အတွက် ကောင်းသော လက္ခဏာ မဟုတ်ပါဘူး။

ကျနော် ၂၀၀၁ ခုနှစ်မှာ ထိုင်းနိုင်ငံက နာမည်ကျော် ချူလာလောင်ကောင် တက္ကသိုလ်မှာ ပညာသင်နေတဲ့ မိတ်ဆွေ တယောက်ဆီကို အလည်အပတ် ရောက်ပါတယ်။ မြန်မာပြည်က ကျောင်းသားတွေနဲ့ မတူညီတဲ့ အချက်က စာဖတ်တာပါပဲ။ နေ့လည်စာ စားပြီးတာနဲ့ စာကြည့်တိုက် (Library) မှာ စာဖတ်နေရာ တစ်နေရာ ရဖို့အတွက် အပြေးအလွား အလုအယက် ယူရတဲ့ အနေအထားပါ။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံက နာမည်ကျော် ဂျဝါဟာလာနေရူး တက္ကသိုလ်ကို ရောက်တော့ အမိမြန်မာပြည်က ကျောင်းသားတွေ ၊ အနာဂတ် ခေါင်းဆောင်လောင်းတွေ ဘယ်အထိ ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲဆိုတာ တွေးမိပြီး စိတ်မကောင်းဖြစ်မိပါတယ်။

တက္ကသိုလ် အာဏာပိုင်တွေက စာကြည့်တိုက်ကို ည (၁၂) နာရီထိ ဖွင့်ပေးထားတယ်။ စာကြည့်တိုက်ကြီး ကိုယ်တိုင်က စာပေလေ့လာနေတဲ့ ကျောင်းသား တယောက်ရဲ့ စိတ်ပိုင်း ဆိုင်ရာတွေနဲ့ သင်ယူလေ့လာ ဆည်းပူးလိုစိတ်ကို တက်ကြွနိုးကြား စေပါတယ်။ ကြီးကျယ်တဲ့ တက္ကသိုလ်တွေနဲ့ ကျောင်းစာကြည့်တိုက် ကြီးတွေဟာ အနာဂတ် ခေါင်းဆောင်တွေရဲ့ အလိုအပ်ဆုံးသော၊ မရှိမဖြစ်သော ရတနာသိုက်တွေ ဖြစ်နေပါတယ်။ စာရေးဆရာကြီး မြသန်းတင့်ရဲ့ စကားလုံးကို ငှားသုံးရမယ် ဆိုရင် ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်ပေါ့ဗျာ။ တိတ်ဆိတ် ငြိမ်သက်စွာနှင့် စာပေလေ့လာနေတဲ့ ကျောင်းသားလူငယ်တွေ စာကြည့်ခန်းထဲ မှာအပြည့်။ တွေးတော၊ ဝေဖန်စဉ်းစားရင်း အနာဂတ်ကမ္ဘာကို ကိုယ့်ပညာနယ်ပယ်အလိုက် စိတ်ကူး ပုံဖော် နေကြပုံများက အားရစရာ၊ အားကျစရာပါ။ ရန်ကုန် တက္ကသိုလ်မှာတော့ ကျောင်းသားတွေ စည်ကားတဲ့ နေရာက လက်ဖက်ရည်ဆိုင် ဖြစ်နေဆဲ။

ကျနော်တို့ ရန်ကုန်တက္ကသိုလ် ပင်မ စာကြည့်တိုက်မှာ စာအုပ်ဖတ်နေတဲ့ ကျောင်းသား တယောက်စ နှစ်ယောက်စက လွဲပြီး ကျန်သူတွေကတော့ သမီးရည်းစား ချိန်းတွေ့တဲ့ သူတွေ ဖြစ်နေပါတယ်။ အဓိပတိ လမ်းမဘေးက သစ်ပင်အောက် ခုံတန်းလျားတွေဟာ အတွဲတွေ ချစ်ဇာတ်လမ်းခင်းတဲ့ နေရာမျှသာ ဖြစ်နေတာ စိတ်မကောင်းစရာ ဖြစ်နေပါတယ်။ ကျောင်းသားတွေ ဒီလိုဖြစ်နေအောင် ဖန်တီးထားတာက စစ်အုပ်ချုပ်ရေး အောက်က ပညာရေးစနစ်ပါ။ တွေးခေါ်စဉ်းစားတဲ့၊ ဝေဖန်ပိုင်းခြားတဲ့ လူငယ်တွေ မလိုဘဲ အမိန့်နာခံတတ်မှု တခုအတွက် ရည်ရွယ်တည်ဆောက် ထားတဲ့ နိမ့်ကျတဲ့ ပညာရေး စနစ်ကြောင့် ဖြစ်ပါတယ်။ လူငယ်ထုကို လမ်းကြောင်းလွှဲထားတယ်။ အသိ ပညာဖွံ့ဖြိုးမှုအတွက် အဆင်မပြေတဲ့ တက္ကသိုလ်ပညာရေးပါ။

ကမ္ဘာ့နိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေဟာ သူ့တို့နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာမယ့် လူငယ်တွေအတွက် ပညာရေး ကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြတာကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရပါတယ်။ (Worldwide Education and Library spending) ၀ဘ်ဆိုဒ် စာမျက်နှာမှာ ဖေါ် ပြချက် အရ အမေရိကန် ပြည်ထောင်စုက ပညာရေး ကဏ္ဍမှာ ဒေါ်လာ ဘီလီယံ (၅၀၀) နဲ့ နံပါတ် တစ်နေရာမှာ ရှိနေပါတယ်။ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေက ဒုတိယ၊ တတိယနှင့် စတုတ္တနေရာ အသီးသီးမှာ ရှိနေကြ ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ စာကြည့်တိုက် တခုတည်းမှာ သုံးတဲ့ အသုံးစရိတ်က ဒေါ်လာ ၁၂ ဘီလီယံ ရှိပါတယ်။ ဒီလောက် ရင်းနှီးမြုပ်နှံမှု လုပ်နေတာတောင် ၂၀၀၉ ခုနှစ်က လုပ်တဲ့ (Program for International Student Assessments - PISA) စစ်ဆေးမှုမှာ အမေရိကန် ပြည်ထောင်စုက ကျောင်းသားတွေ နံပါတ် (၁၄) နေရာကို ရောက်သွားတဲ့ အတွက် အုပ်ချုပ်သူတွေ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပါတယ်။ ပညာရေး ၀န်ကြီး (Arne Duncan) က ဆိုရင် ဒီသတင်းကို ကြားပြီး တုန်လှုပ် ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ (Spunik moment) လို့ ပြောဆိုခဲ့ပါတယ်။ Spunik moment ဆိုတာ ဆီုဗီယက် ပြည်ထောင်စုက ကမ္ဘာပတ် လမ်းကြောင်းထဲကို ဂြိုဟ်တု လွှတ်တင် လိုက်တဲ့အချိန်၊ အမေရိကန်က ခေတ် နောက်ကျ ကျန်ခဲ့ပြီ ဆိုပြီး အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပေါ်ခဲ့တဲ့ သုတေသနနှင့် နည်းပညာလှုပ်ရှားမှု အကြောင်းရည်ညွန်း ပြောသွားတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ဆိုရင် (King Abdullah Science and Technology Institute) တက္ကသိုလ် တခုတည်းမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံ ခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံ့ခေါင်းဆောင် တွေဟာ ပညာရေးကို ဘယ်အတိုင်းအတာထိ စိတ်ဝင်စားနေတယ် ဆိုတာ သိသာပါတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် အုပ်ချုပ်သူတွေ၊ ပညာရှင်တွေ၊ ကျောင်းအာဏာပိုင်တွေဟာ မကြာခင်မှာ ဖြစ်ပေါ်လာမယ့် (Asean Economic Community - အာဆီယံ စီးပွားရေးကွန်မြူနတီ) ၀င်ဆန့်ဖို့ ကြိုတင် ပြင်ဆင် နေကြတာကို တွေ့မြင်နေရတာ တော်တော် အားကျစရာ ကောင်းပါတယ်။ တာဝန်ရှိသူတွေသာ ပြင်ဆင်တာ မဟုတ်ဘဲ ကျောင်းသားတွေ ကိုယ်တိုင်က လာမယ့်အနာဂတ် ကာလမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေ အပေါ် ရင်ဆိုင်ဖို့ ပြင်ဆင် နေကြပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၂၇ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍမှာ သုံးထားပြီး အမျိုးသား ထုတ်ကုန် GDP နှင့် တွက်ရင် ပညာရေး အသုံးစရိတ်က ကမ္ဘာ့နံပါတ် တစ်နေရာမှာ ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံ၊ စစ်အာဏာပိုင်တွေက နိုင်ငံတခုရဲ့ ကျက်သရေဆောင် အမျိုးသား စာကြည့်တိုက်နှင့် တက္ကသိုလ်တွေကို လေလံတင် ရောင်းချလိုက်၊ ပညာရေး အသုံးစရိတ်ကို အနိမ့်ဆုံးထားလိုက်၊ လူငယ်ထုကို မတွေးခေါ်တတ်အောင် ပိတ်ဆို့လိုက်၊ ထောင်ချလိုက်၊ သင်ရိုးကိုလည်း ပြောင်းလဲပြုပြင်ခွင့် မပေးနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အလုပ်တွေကို လုပ်နေတာ တော်တော် ရင်လေးစရာ ကောင်းလှတယ်။ ပညာရေးကို ဘယ်ပုံ၊ ဘယ်နည်း တည်ဆောက် ပုံဖော်နေကြသလဲ ဆိုတာ စိုးရိမ်စရာပါ။

နိုင်ငံရဲ့ လူဦးရေ တ၀က်ရှိတဲ့ လူငယ်တွေ ၂၁ ရာစုကို ဘယ်ပညာရေး၊ ဘယ်အတွေးအခေါ်နှင့် ရင်ဆိုင် ဖြတ်သန်းကြမလဲ ဆိုတာ အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံက မျိုးဆက်သစ် လူငယ်တွေ အုပ်ချုပ်သူတွေ အဆက်ဆက်ရဲ့ သစ္စာဖေါက်ခြင်းကို ခံနေလိုက်ရပြီလားလို့ တွေးမိပါတယ်။

လှရွှေ

Sources; Think Again, Education (Foreign Policy)

Worldwide education and library spending

Ministry of education (Thailand)