27 October 2011

နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြ

နိုင်ငံရေးပြစ်မှုများဖြင့် အကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများသည် သာမန်အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်စာစားချိန်မှ စတင်သော အစာငတ်ခံ ဆန္ဒပြပွဲတွင် ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား ၁၅ဦးသည် သာမန် အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန်ကို အဓိကထား တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

“ဆန္ဒပြမှုမှာ အဆောင်(၃)၊အဆောင်(၄)၊ အဆောင်(၅)က နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ဦးစီးသူကတော့ မရှိပါဘူး”ဟု ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် ရခိုင်လူငယ်များအဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေက အကျဉ်းထောင်မှာ ကျခံပေမယ့် လူမှုရေးပြစ်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်ကျခံရသူတွေလို လျော့ရက်မရဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေမှာ အကျဉ်းသားတွေဘဝလည်း တိုးတက်လာစေချင်တယ်”ဟု အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းမှ လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။

၁၉၈၈ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အစာငတ်ခံဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများတွင် ၁၉၉၈ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ငါးရက်ကြာ အစာငတ်ခံဆန္ဒပြမှုသည် အကြီးမားဆုံးဖြစ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း....YC(KS)