23 October 2011

သာသနာ့ဝန်ထမ်းများ ယာဉ်မောင်းနှင်မှု မင်းကွန်း၌ အထူးအမိန့်ဖြင့် တားပြီ


စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု ဇုန်ဖြစ်သော မင်းကွန်းဒေသ၌ သာသနာ့ဝန်ထမ်းများ ယာဉ်အမျိုးမျိုးမောင်း နှင်သွားလာခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မင်းကွန်းဒေသ သံဃဝိသောဓနီအဖွဲ့မှ အထူးအမိန့်ဖြင့် တားမြစ်ထားပြီး ကျူးလွန် ဖောက်ဖျက်သူအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းကွန်းဒေသ၌ သာသနာ့ ဝန်ထမ်းများနှင့် ပတ်သက်၍ ရဟန်းရှင်လူပြည်သူ များအကုသိုလ် မ ဖြစ်ပွားစေရေး၊ကမ္ဘာကျော်မင်းကွန်း ဒေသ၏သာသနာရေးဂုဏ်သိက္ခာ မကျဆင်းစေရေးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လက်တွေ့အကောင် အထည်ဖော်ရေးတို့အတွက် လူမြင်ကွင်း၌အကြည်ညိုမဲ့စေသော လုပ်ငန်းရပ်များကို ပြုလုပ်ပြောဆိုသော သာသနာ့ ဝန်ထမ်းများအား သန့်ရှင်းအောင် ဆောင်ရွက်သည့် ဆရာတော်သံဃာတော် များနှင့် ဒေသအာဏာပိုင်များပါဝင်သော မင်းကွန်းဒေသ သံဃဝိသောဓနီ အဖွဲ့ကို ယခုနှစ် ဇွန်လ ၃ဝ ရက် နေ့တွင် ဖွဲ့စည်းအပြီး အဆိုပါ အမိန့်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

သံဃဝိသောဓနီအဖွဲ့မှ နယ် လှည့် ဓမ္မကထိကဆရာတော် ဘဒ္ဒန္တနန္ဒိမာဓိပတိက ”အရင်က မင်းကွန်းဒေသမှာ ရဟန်းတွေ၊ ကိုရင်တွေက ဆိုင်ကယ်တွေစီး၊ ကားတွေ မောင်းကြတယ်။ အဲဒီ အခါကျတော့ ဆိုင်ကယ်မှောက် တာတို့၊ဆိုင်ကယ်တိုက်တာတို့ဖြစ်ပြီး ဒဏ်ရာရကြတာတွေရှိတယ်။ ဒါတွေဟာ သံဃကျင့်ဝတ်နဲ့ မညီတဲ့အပြင် လူပုဂ္ဂိုလ်တွေက မြင်ရင်လည်းအကြည်ညိုပျက်ပြီး သာသနာတော်ညစ်နွမ်းစေတယ်။ ဒါအပြင်သာသနာရောင် ထွန်းပြောင်တဲ့ မင်းကွန်းဒေသရဲ့ ဂုဏ်သိက္ခာ ကိုထိခိုက်စေ လို့ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီးဒီအမိန့်ကို ထုတ်လိုက်တာ။ ဒီအမိန့်က မင်းကွန်းဒေသက သာသနာ့ဝန်ထမ်းတွေသာမက မင်းကွန်းကိုလာတဲ့ ပြင်ပက သာသနာ့ဝန်ထမ်းတွေပါ အကုန်လိုက်နာရမှာပါ။ မလိုက်နာဘူးဆိုရင်တော့ သံဃဝိနည်းကိစ္စ စည်းကမ်းအရရော၊ တရားဥပဒေအရပါ ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု မိန့်ကြားသည်။

သတင်း.... Popular News