26 April 2011

အပူချိန်ကြောင့် ပြင်ဦးလွင်ရှိ အနီးစခန်းရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင်လိုဏ်ဂူ ရေတံခွန်တို့ ရေနည်းပါးလာ


ရာသီဥတု အပူချိန်ကြောင့် ပြင်ဦးလွင်မြို့ရှိ အနီးစခန်း ရေတံခွန်နှင့် ပွဲကောက်ရေတံခွန်တို့တွင် ယခုနှစ် နွေရာသီ၌ ရေနည်းပါးမှုဖြင့် ကြုံတွေ့နေရကြောင်း သိရှိရပါသည်။ ပြင်ဦးလွင်မြို့တွင် ဓာတ်တော်ချိုင့်(ခေါ်) အနီးစခန်း ရေတံခွန်၊ ၀က်ဝံကျေးရွာအနီးရှိ ၀က်ဝံရေတံခွန်နှင့် ပွဲကောက်ရေတံခွန် ဟူ၍ နာမည်ကျော် ရေတံခွန်စခန်း သုံးခုရှိပြီး အနီးစခန်း ရေတံခွန်နှင့် ပွဲကောက်ရေတံခွန်တို့မှာ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှု များပြားသည့် ရေတံခွန်စခန်းများ ဖြစ်သည်။

''အခုနောက်ပိုင်း ပြင်ဦးလွင်နဲ့ မန္တလေး ရာသီဥတုက သိပ်မကွာတော့သလိုပဲ။ ပူလာပြီ။ အနီးစခန်း ရေတံခွန်မှာလည်း ရေက သိပ်မရှိတော့ဘူး။ နွေအပူချိန်ကြောင့် ထင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုက အားလုံးကို သိသိသာသာ ပြောင်းလဲစေတာပဲ'' ဟု ဓာတ်တော်ချိုင့် (အနီးစခန်း) ရေတံခွန်သို့ သွားရောက် လည်ပတ်ခဲ့သည့် မန္တလေးမြို့ခံက ပြောပြခဲ့သည်။ ''ဟိုအရင် သုံးလေးနှစ်ကဆိုရင် ပိတ်ချင်းမြောင်လိုဏ်ဂူ အပြင်ဘက်က ရေတံခွန်မှာ ရေတွေ တဝေါဝေါနဲ့ ရေအားနဲ့လည်နိုင်တဲ့ ကလေးစီးစရာတွေတောင် ထားလို့ရတယ်။ အခုတော့ ရေတွေနည်းလာတော့ ရေတံခွန်နား တစ်ဝိုက်ပဲ ရေစိုနိုင်တော့တယ်။ ကျန်တဲ့နေရာတွေက ရေစပ်စပ်နဲ့ ဗွက်ထကုန်ပြီလေ။ ခရီးသွားတွေကတော့ လာနေတုန်းပါပဲ'' ဟု ပိတ်ချင်းမြောင်လိုဏ်ဂူ အနီးတွင် ဒေသထွက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ပိုင်ရှင်က ပြောပြခဲ့သည်။ ''ပြင်ဦးလွင်မြို့မှာ မိုးရာသီကရှည်ပြီး နွေရာသီက တိုတယ်။ တချို့ နွေရာသီမှာ ရေတံခွန်တွေမှာ ရေနည်းသွားတာမျိုး ကြုံရလေ့ရှိပေမယ့် ဒီနှစ်တော့ ရေတံခွန်မှာ ရေတွေ အရင်နှစ် နွေရာသီတွေထက် ပိုပြီး ရေနည်းသွားသလိုပဲ'' ဟု ပြင်ဦးလွင်မြို့ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

''ရေကတော့ တော်တော် နည်းနေတယ်။ ပွဲကောက်ရေတံခွန်ကို ကျွန်မတို့ ရောက်သွားတော့ ရေတံခွန်လို့ ပြောလို့ရရုံပဲ ရေရှိတော့တယ်။ ရေတံခွန်အောက်မှာ လူတွေ ရေကစားနေကြတာ အပေါ်ကရေက မကျတော့ ရေကူးကန်ထဲ ရေကစားနေသလိုပဲ။ ရေတွေက အနည်ထပြီး ရေသေလို ဖြစ်နေတယ်'' ဟု သင်္ကြန်ကာလအတွင်း ပြင်ဦးလွင်မြို့သို့ လည်ပတ်ခဲ့သူက ပြောပြခဲ့ကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။