28 April 2011

မြန်မာနိုင်ငံတွင် လိင်စိတ်ကြွစေသော ကော်ဖီမစ်၊ ပီကေနှင့် ချောကလက်ဈေးကွက် ကွမ်းယာဆိုင်ထိ ပြန့်နှံ့

ပြည်ပနိုင်ငံများမှ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော လိင်စိတ်ကြွစေသည့် ကော်ဖီမစ်၊ ပီကေ၊ ချောကလက် စသည့်ပစ္စည်းများ မြန်မာနိုင်ငံ ဈေးကွက်အတွင်း တွင်ကျယ်စွာ ရောင်းချလျက်ရှိ၍ သတိပြုသင့်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ သိရသည်။

“ဒီမှာလည်း တရားဝင် မှတ်ပုံတင်ထားတာ မဟုတ်ဘူး။ ဆေးဆိုင်မှာ ရောင်းချခွင့်လည်း မရှိဘူး။ လမ်းဘေးဆိုင်တွေမှာလည်း ရောင်းချခွင့် မရှိဘူး။ ရောင်းရင် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီက စစ်ဆေးပြီး အရေးယူလို့ရတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ တာဝန်ရှိသူက ပြောသည်။

နယ်စပ်မှတစ်ဆင့် ဖြတ်ကျော် ဝင်ရောက်လာသော အဆိုပါ ပစ္စည်းများကို အမျိုးသား အများစု ဝင်ထွက်ရာ ကွမ်းယာဆိုင်များတွင် ရောင်းချလျက်ရှိပြီး သင်္ကြန်ကာလအတွင်းက အဆိုပါပစ္စည်းများ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

“ပစ္စည်းအမျိုးအစားတွေကတော့ မျိုးစုံပါပဲ။ ဒီလိုဆေးတွေထဲမှာ မူးယစ်ရီဝေစေတဲ့ ဆေးတွေပါတယ်လို့ သိရတယ်။ ဥပမာ ပီကေဆိုရင် ထုပ်ပိုးထားပုံက တကယ့်အပြင်မှာ ရောင်းနေတဲ့ ပီကေအတိုင်းပဲ။ ဒါမျိုးတွေကို အမျိုးသမီးလေးတွေ စားမိရင်တော့ ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေက အများကြီးပဲမို့ ဒီလိုပစ္စည်းတွေ ရောင်းချနေတာကို အမြန်ဆုံးထိန်းချုပ် အရေးယူနိုင်ဖို့ လိုပါတယ်” ဟု မရမ်းကုန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ယခုအခါ အဆိုပါ ပစ္စည်းများသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သာမက အခြား တိုင်းဒေသကြီး များတွင်ပါ ရောင်းချလျက် ရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးကလည်း ဆိုသည်။ “ချောကလက်၊ ပီကေလို ပုံစံအပြင် ရေထဲထည့်တိုက်တဲ့ ဆေးရည်လည်း ရှိတယ်။

တချို့ဆေးတွေက လိင်စိတ်မတိုးဘဲနဲ့ မူးယစ်ဆေးဝါးပုံစံမျိုး ဖြစ်သွားတာတွေလည်း ရှိတယ်။ မူးယစ်ဆေးစွဲနေတဲ့သူတွေ အဲဒီလိုဆေးတွေကို အရက်နဲ့ တွဲသောက်ပြီး မူးယစ်ဆေးဝါးလိုပုံစံမျိုး အသုံးပြုတာ တွေ့ဖူးတယ်” ဟု အသက် ၂၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပစ္စည်းများသည် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့မှ ဝင်လာသော ပစ္စည်းများဖြစ်ပြီး ဈေးနှုန်းမှာ ကျပ် ၃၀၀၀နှင့် ကျပ် ၈၀၀၀ကြား ဈေးရှိကြောင်း၊ ဈေးကွက်အတွင်း ဝင်ရောက်သည်မှာ ၃နှစ်မျှ ရှိပြီဖြစ်ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "