28 April 2011

တရုတ်နိုင်ငံလုပ် မိုဘိုင်ဖုန်းဟန်းဆက်အတု ရန်ကုန်မြို့ဈေးကွက် ပေါ်ပေါက်လာခြင်း

ဟန်းဆက်အတုများ ဈေးကွက် ပေါ်ပေါက်လာခြင်းကြောင့် ဝယ်ယူသူများ နစ်နာလာကြောင်း ရန်ကုန်မြို့ အတွင်းရှိ မိုဘိုင်းဖုန်း ဈေးကွက်အတွင်းမှ ၂၀-၄-၂၀၁၁ ရက်က သိရသည်။ CDMA 800MHz ၊ CDMA 450MHz ၊ GSM စသည့် ဟန်းဆက်အမျိုးအစား အားလုံးအတွက် အရည်အသွေး မပြည့်မီသော ဟန်းဆက်များ ဈေးကွက်အတွင်း ရောက်ရှိနေခြင်းကြောင့် ဝယ်ယူသူများ နစ်နာလာခြင်းဖြစ်ကြောင်း မော်ဒယ်နံပါတ်တူ၊ ပုံစံတူ၊ အမျိုးအစားတူများ ဖြစ်နေခြင်းကြောင့် ရောင်းချသူများနှင့် အသုံးပြုသူများ အနေဖြင့် အခက်အခဲဖြစ်နေရခြင်းအပြင် ဈေးကွက်အတွင်း၌လည်း ဈေးနှုန်း မတည်ငြိမ်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရောင်းအားကောင်းသော မိုဘိုင်းဟန်းဆက် အမျိုးအစားပေါ် မူတည်၍ ထိုကဲ့သို့ ဟန်းဆက်အတုများ ပေါ်ပေါက်နေခြင်းဖြစ်ပြီး၊ အလွယ်တကူ ခွဲခြားမသိရှိနိုင်ကြောင်း၊ ဝယ်ယူသူများ အနေဖြင့် အသုံးပြုပြီးပါက ပုံမှန်အမျိုးအစားထက် အရည်အသွေး နိမ့်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက “ပုံစံတူ၊ အရည်အသွေးတူ ဟန်းဆက်အတုတွေအပြင် ပစ္စည်းအချို့ကို ထုတ်ယူထားပြီး တန်ဖိုးလျှော့ချထားတာ မျိုးလည်း ရှိပါတယ်။ အစစ်တွေရော၊ အတုတွေရော အားလုံး တရုတ်နိုင်ငံက ဝင်တာများတယ်” ဟု ပြောပြသည်။

ရောင်းချသူများ၊ ပြုပြင်ရေး ပညာရှင်များအနေဖြင့် ခွဲခြားသိရှိနိုင်သော်လည်း သုံးစွဲသူများ အနေဖြင့် အလွယ်တကူ မသိရှိနိုင်၍ နစ်နာမှုများရှိနေခြင်း ဖြစ်သည်။ မိုဘိုင်းဖုန်း ဟန်းဆက်များ ဝယ်ယူတော့မည်ဆိုပါက ယုံကြည်စိတ်ချရပြီး အာမခံချက်ရှိသော ဆိုင်တွင် ဝယ်ယူသင့်ပြီး ယခုနောက်ပိုင်း ဆိုင်အတော်များများကလည်း အာမခံဖြင့် ရောင်းချပေးလာကြကြောင်း သိရသည်။

နာမည်ကြီးပြီး အသုံးပြုမှု အများဆုံးဖြစ်သော iPhone၊ Nokia ၊ Sony Ericsson စသည့် ဟန်းဆက်များအပြင် အခြား ကျပ်ငါးသိန်းတန် ဟန်းဆက်များလည်း အတုဈေးကွက်၌ တွင်ကျယ်နေကြောင်း ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "