08 March 2011

အမှတ်တရအိမ်-ကိုမျိုး(မြန်မာစာ)

“ဗိုလ်ချုပ်အောင်ဆန်းထိုင်ခုံမှာထိုင်ရင်ဘာလို့ ငရဲကြီးမှာလဲဟင်..ဖေဖေ”

`အမှတ်တရအိမ်´

ကိုမျိုး(မြန်မာစာ)

ကိုယ်တွေက အနာဂတ်ကိုသမီးတို့ မျိုးဆက်လက်ထဲ မှာပဲ ထားခဲ့ ကြရမှာမဟုတ်ပါလား...။
-------------------------------------------------------------------

“ငရဲကြီးမယ်ဆိုတာက သမီးကို ဖေဖေ သက်သက်မဲ့ ခြောက်တာမဟုတ်လား။ ဖေဖေပဲ ကလေးတွေကို ကြောက်အောင် မခြောက်မလှန့်ရဘူးဆို” အိမ်အပြန်လမ်းမှာ ဘ၀င်မကျ ဖြစ်နေရဟန်ဖြင့် သမီးလေး မေးလာသောစကားဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်း ထိုင်ခုံမှာထိုင်ရင် ငရဲကြီးမယ် ဆိုတာပြခန်း လုပ်ထားတာတွေ ပျက်စီးသွားမှာ စိုးရိမ်လို့ ပြောတာမဟုတ်လား။ အဲ့ဒီဟာတွေ သမီးမကိုင်အောင် သက်သက်မဲ့ ခြောက်ပြောတာ မဟုတ်လား...။” 

ဦးဝိစာရလမ်းမကြီးထက်က ဘလေဇွန်ကုန်တိုက်ကပ်လျှက်ရှိ သမီးလေးတို့ Total ကျောင်းနှင့် မြေတစ်ဆက် တစ်ကြောတည်း ခြံချင်းဆက်စပ်တည်ရှိနေသည့် အိမ်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း စစ်ရုံးပြုလုပ်ခဲ့ဖူးသော သမိုင်းဝင် အဆောက်အအုံကြီး တစ်ခုဖြစ်ကြောင်း သမီးလေးကို ပြောပြထားခဲ့ဖူးသည့်အတွက် စာမေးပွဲအပြီးမှာ သမီးလေးကို ထိုအိမ်ကြီးဆီသို့ ပို့ဆောင်ပေးဖြစ်ခဲ့ရာမှ ဤဇာတ်လမ်း စသည်ဆိုရပါမည်။

ယနေ့မှာ လွတ်လပ်ရေးမတိုင်မီက ကြီးကျယ်ခန့်ထည်ခဲ့သော ရုံးအဆောက်အအုံကြီးတွေကို ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေ အဖြစ်သတ်မှတ်ပေးကာ ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းဖို့ ပြင်ဆင်နေကြသည့် အချိန်အခါသမယ လည်းဖြစ်၍ ရှေးဟောင်းအမွေအနှစ်တွေကို သမီးလေးတို့ သိရှိ တန်ဖိုးထားတက်စေချင်သည့်ဆန္ဒလည်းရှိပါသည်။ ထို့အတွက် နှစ်ပေါင်းတစ်ရာကျော် ဟူသော နှစ်ကာလကြောင့် သာမက မြန်မာပြည်၏ လွပ်လပ်ရေး ဗိသုကာကြီးလည်းဖြစ်၊ မြန်မာ့တပ်မတော်၏ ဖခင်ကြီးလည်းဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရုံးထိုင်ခဲ့ဖူးသော အဆောက်အအုံ ဖြစ်ခြင်းကြောင့် သမိုင်းဝင် နေရာတစ်ခုဟုဆိုနိုင်နေသည့် အဆိုပါအိမ်ကြီး (House of memories အမည်ရ ထမင်းဆိုင်) ဆီသို့ သမီးလေးကို ပို့ဆောင် ပေးဖြစ်ခဲ့ခြင်းလည်း ဖြစ်၏။

ရောက်တုန်းရောက်ခိုက် မှာလည်း ဤအိမ်၏ အထင်ကရနေရာ တစ်ခုဖြစ်သော အိမ်အပေါ်ထပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သွားခဲ့သော ရုံးခန်းအား အဓိကထားပိုဆောင်ကာ လေ့လာစေဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းဟူ၍ အခန်းဝ နဖူးစီးတွင်အင်္ဂလိပ် စာတန်းဆိုင်းဘုတ် ချိတ်ဆွဲကာ ပြခန်းလေးသဖွယ် ထိန်းသိမ်းစောင့်ရှောက် ထားသည့်အခန်းတွင်းမှာ ဗိုလ်ချုပ် အသုံးပြုခဲ့သော အလုပ်စားပွဲရှိသည်။ ဗိုလ်ချုပ်အသုံးပြုခဲ့သည့် လက်နှိပ်စက်က အစ ရုံးသုံးပစ္စည်း များကိုလည်း စားပွဲပေါ်တွင် စာတန်းလေးများ စနစ်တကျရေးထိုးကာ ခင်းကျင်းပြသထားသည်။ ဗိုလ်ချုပ်၏အလုပ်စားပွဲ နှင့်ထိုင်ခုံဆီ သမီးလေးအားရ၀မ်းသာ ပြေးသွားစဉ်မှာတော့ “

သမီးရေအဲ့ဒါ...ဗိုလ်ချုပ်အောင်ဆန်း အလုပ်ထိုင်လုပ်ခဲ့တဲ့ ထိုင်ခုံနော်၊ သွားမထိုင်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ကိုယ်ကအစိုးရိမ် ကြီးကာ သတိလှမ်း ပေးလိုက်မိခဲ့ပါသည်။ သမီးလေးမှာ ပြခန်းပြတိုက် တကာကို လေ့လာရေးသွားခဲ့ဖူးသည့် အလေ့အထ ရှိထား၍ ဗိုလ်ချုပ်အောင်ဆန်း ထိုင်ခုံမှာ ထိုင်ဖို့မပြောနှင့် လက်ဖြင့်ပင် ကိုင်တွယ်ခြင်းမပြုရ မှန်းသိထားသူဖြစ်ပါလျှက် ဖခင်ဖြစ်သူက သူကိုထိုသို့ ဟစ်အော်ဟန့်တား သတိပေးစကား ဆိုလိုက်ခြင်း အပေါ်ဘ၀င်မကျ ဖြစ်ခဲ့ ရဟန်တူပါ၏။

သိုပေမဲ့ ထိုအခန်းနံရံမှာ ချိတ်ဆွဲထားသော ဗိုလ်ချုပ်တို့ မင်္ဂလာပွဲဖိတ်စာပုံ။ အင်္ဂလိပ်စာဖြင့် ရေးသားထားတဲ့ ဖိတ်ကြားစာ။ ဗိုလ်ချုပ်တို့ မင်္ဂလာပွဲပုံ၊ ဗိုလ်ချုပ်ကမတ်တပ်ရပ်လျှက် ထိုစားပွဲပေါ်မှ စာရွက်မှာစာရေးသား လက်မှတ် ရေးထိုးနေသောဓါတ်ပုံ။ ဗိုလ်ချုပ်တို့မိသားစုဓါတ်ပုံ။ အိမ်ရှင်ဖြစ်သော ၀ဏ္ဏကျော်ထင်ဘွဲ့ ရပုဂ္ဂိုလ် အင်္ဂလိပ်ကြီးနှင့် ဗိုလ်ချုပ်တို့ ဓါတ်ပုံ၊ ဗိုလ်ချုပ်တို့ မိသားစုဓါတ်ပုံ စသည်တို့ကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့ပြီးခါမှ အပြန်လမ်းရောက်မှသာ သူဘ၀င် မကျခဲ့သည့်စကား အတွက် မေးခွန်းထုတ် ဖြေရှင်းချက် တောင်းခြင်းဖြစ်ပါသည်။
“ဗိုလ်ချုပ်အောင်ဆန်းထိုင်ခုံမှာထိုင်ရင်ဘာလို့ ငရဲကြီးမှာလဲ ဟင်..ဖေဖေ”
“ငရဲကြီးမယ်ဆိုတာက သမီးကိုဖေဖေ သက်သက်မဲ့ခြောက်တာ မဟုတ်လား။ ဖေဖေပဲကလေးတွေကို ကြောက်အောင် မခြောက်မလှန့် ရဘူး ပြောထားပြီးတော့...”

ချက်ကျလက်ကျ မေးခွန်းထုတ်လာပြန်သည့် သမီးလေး၏ စကားကိုမဖြေနိုင်ပါက ကိုယ်ဟာရှေ့စကား နောက်စကား မညီသည့်သူ ဖြစ်ချေတော့မည့်ပုံပင်။ သမီးလေး ကျေနပ်သည် အထိ၊ ဘ၀င်ကျသည် အထိဖြေဖို့ မိဘဖြစ်သူ ကိုယ့်မှာ တာဝန်ရှိသလိုလည်း ခံစားလိုက်ရသည်။ တကယ်တမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းထိုင်ခုံ နှင့်စားပွဲဆီသမီးလေး ပြေးသွားလိုက်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်း ထိုင်ဖူးခဲ့သော ထိုင်ခုံမို့ သမီးလေး သွားထိုင်လိုက်မှာကို စိုးရိမ်မိခဲ့တာ အမှန်ပါ။ ထိုနည်းတူ ထိုင်လျှင်ငရဲကြီးမည်ဆိုသော စကားကလည်း သမီးကြောက်အောင် သက်သက်မဲ့ပြောခဲ့ ခြောက်ခဲ့ခြင်း မဟုတ်သည်ကတော့ သေချာပါ၏။

“သမီးလေးကို ဖေဖေက ကြောက်အောင် ခြောက်တာမဟုတ်ပါဘူး.. သမီးလေးရဲ့ ။ သမီးအဲ့ ဒီခုံသွားမကိုင်၊ သွားမထိုင်မှန်း ဖေဖေယုံပါတယ်။ ဒါပေမဲ့ သွားတက်ထိုင် လိုက်မိမှာ ဖေဖေတကယ်ပဲ စိုးရိမ်မိတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဖေဖေတို့ နိုင်ငံရဲ့ဖခင်လေ။ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ပဲသမီး။ သမီးလေးကကလေးဆိုတော့ မသိနားမလည်ပဲ မရိုမသေ ပြုမိသလို ဖြစ်သွားမှာ ဖေဖေစိုးရိမ်တာ။ ငရဲဆိုတာကြီးကို ဖေဖေတို့ သမီးတို့ မရောက်ချင်သလို၊ ရောက်မှာကို ကြောက်ကြရသလိုပဲ၊ ဖေဖေတို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးကိုလည်း မရိုမသေ ပြုသလိုဖြစ်မှာကို ဖေဖေတို့ သမီးတို့ ကြောက်ကြရမယ် မဟုတ်လားသမီး။ အဲ့ဒါကို ဖေဖေစိတ်ထဲက စိုးရိမ်မိလို့ ကြောက်မိလို့ ပြောလိုက်တာပါ သမီးလေးရယ်... ။ ဖေဖေရှင်းပြတာ သမီးလေးနားလည်လား။ ကျေနပ်ရဲ့လား၊ ဘ၀င်ကျပြီလား....။”

သမီးလေးက နားလည်ဟန်တော့ပြ၏။ ဘ၀င်ကျ ၊ကျေနပ်သွား ပုံလည်းရသည်။ သမီးတို့ ကျေနပ်မှ ဘ၀င်ကျမှကို ဖြစ်မည်။ ကိုယ်တွေက အနာဂတ်ကိုသမီးတို့ မျိုးဆက်လက်ထဲမှာပဲ ထားခဲ့ကြရမှာ မဟုတ်ပါလား...။

ကိုမျိုး(မြန်မာစာ)

၂၀၁၁ခုနှစ် မတ်လ ၉ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်မှ...