09 January 2011

နိုင်ငံရေးအကျဉ်းသူ မသန္တာ ကျန်းမာရေးဆိုးဝါး အင်းစိန်ပြည်သူ့ဆေးရုံကြီး တင်ထားရ

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဝင် နိုင်ငံရေးအကျဉ်းသူ မသန္တာဟာ ကျောက်ကပ်ယောင် ဝေဒနာ အပြင်းအထန် ဖြစ်ပွားနေတာမို့ ထောင်ဆေးရုံကနေ အင်းစိန်ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသနေရပါတယ်။

သူ့ ရဲ့ ဝေဒနာဟာ စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ခွဲစိတ်ကုသမှုကို ခံယူရနိုင်တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မသန္တာဟာ ၂၀၀၇ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံကအပြန် ပုဒ်မ ၁၂၄ က နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့တရားစွဲဆိုခဲ့ပါတယ်။ ပုဒ်မ ၁၂၄ အရ ထောင်ဒဏ် တသက်တကျွန်း၊ မတရားအသင်းနဲ့ ဆက်သွယ်မှုအရ ထောင်ဒဏ် ၃ နှစ်၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင် ၅ နှစ်ကျခံနေရသူလည်း ဖြစ်ပါတယ်။

နအဖ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းနေတာမို့ အကျဉ်းသားတွေ ကျန်းမာရေး ဆိုးဝါးနေကြချိန်မှာပဲ အခုလို နိုင်ငံရေးအကျဉ်းသူ မသန္တာကို ထောင်ပြင်ပို့ ဆေးရုံတင်ထားရတာလည်း ဖြစ်ပါတယ်။ အလားတူ နအဖအကျဉ်းထောင်အသီးသီးမှာ ကျန်းမာရေးဆိုးဝါးနေသူ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ ချီ ရှိနေတယ်လို့ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ စာရင်းအရ သိရှိရပါတယ်။

သတင်း..DVB