10 January 2011

အိန္ဒိယနိုင်ငံ မဟာဗောဓိ စေတီတော်ဝင်းအတွင်း တပ်ချုပ်ကြီးနှင့် ဒေါ်ကြိုင်ကြိုင် လှူဒါန်းထားတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်နှင့် ဆက်သွယ်မေးမြန်းချက်..

မဟာဗောဓိစေတီတော်ရဲ့ အနောက်ဖက် ဘုရားရှင်ပွင့်တော်မူရာ ဗောဓိ ညောင်ပင်အောက် တည့်တည့်မှာ တပ်ချုပ်ကြီးနဲ့ မိသားစုမှ ဆင်းတုတော် တစ်ဆူလှူဒါန်းထားတဲ့ ကျောင်းဆောင်အား မြင်တွေ့ရပုံ.. (ပုံကြီးချဲ့ကြည့်နိုင်ပါတယ်)
ဗောဓိညောင်ပင်..
မဟာဗောဓိစေတီတော်နဲ့ ဘုရားရှင်ပွင့်တော်မူရာ ဗောဓိညောင်ပင်အား အနောက်ဘက်မှ မြင်တွေ့ရပုံ
တပ်ချုပ်ကြီး မိသားစုမှ လှူဒါန်းထားတဲ့ ဆင်းတုတော်နှင့် ကျောင်းဆောင်..
Donated by the Chairman of the SPDC Commander in Chief Defence Service Senior Gernal Than Shwe wife Daw Kyaing Kyaing and Family ဆိုပြီး စာတန်းထိုးထားပါတယ်..။ Click နှိပ်ပြီး ပုံကြီးချဲ့ကြည့်ပါ..

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ် အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိ စေတီတော်ကြီး အတွင်း ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်ရှေ့က မြင်ကွင်း ဓာတ်ပုံတွေနဲ့အတူ အဆိုပါ ဗောဓိညောင်ပင် ရှေ့တည့်တည့်မှာ တပ်ချုပ်ကြီး မိသားစုမှ ကဗ္မည်းထိုး လှူဒါန်းထားပါတယ်။

အဆိုပါနေရာဟာ စေတီတော် အနောက်ဖက်တည့်တည့် ဗောဓိညောင်ပင်ရဲ့ နေရာကောင်းမှာ လှူဒါန်းထားခြင်း ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက  တပ်ချုပ်ကြီးနဲ့ မိသားစု အဆိုပါ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေရာရှိ မဟာဗောဓိစေတီတော် အရှေ့တည့်တည့်မှာ ဓာတ်ပုံရိုက်ယူခဲ့တဲ့ ပုံတစ်ချို့မှာတော့ ဒေါ်ကြိုင်ကြိုင်မှ ဖိနပ်စီးထားပြီး.. တပ်ချုပ်ကြီးမှ အမြင်မတော်ဖွယ်ရာ စေတီတော် ဝင်းအတွင်း ပုဆိုးကိုမလျှက် လှည့်လည်ကြည့်ရှုနေတဲ့ ပုံများဖော်ပြပါရှိနေပါတယ်...။ အဆိုပါ ဓာတ်ပုံများမှာ ဖော်ပြပါရှိတဲ့ နိုင်ငံခေါင်းဆောင်ဆိုတဲ့ မိသားစုတွေရဲ့ မြင်ကွင်းများနဲ့ ပတ်သတ်ပြီး အိန္ဒိယနိုင်ငံမှာ  သီတင်းသုံး နေထိုင်နေတဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်ဦးထာဝရနဲ့ ဆက်သွယ်မေးမြန်းချက်အား တင်ပြလိုက်ရပါတယ်...။

မေး.. အရှင်ဘုရား ပြီးခဲ့တဲ့နှစ်က ဗိုလ်ချုပ်သန်းရွှေရဲ့ အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ မြင်တွေ့ရတဲ့ ဓာတ်ပုံတွေထဲက အကြောင်းအရာတစ်ချို့နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို ဖြေကြားပေး စေလိုပါတယ်ဘုရား...

အရှင်ထာဝရ... ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ဘုရားကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခွင့် မရှိပါဘူး..။ လက်နက်ကိုင်ဖို့ဆိုတာ ပိုပြီးတော့ ဝေးတာပေါ့။ အခုလို ဒေါ်ကြိုင်ကြိုင် ကနေပြီးတော့ ဘုရားပွင့်တဲ့နေရာ မဟာဗောဓိစေတီတော်ရှေ့မှာ ဖိနပ်စီးပြီး ဓာတ်ပုံ အရိုက်ခံတာကတော့ အင်မတန်မှ အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ နောက်တစ်ခုက ဦးဇင်းတို့ ဘုရားရှင်လက်ထက်က သာဓက တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဗိမ္မိသာရမင်းကြီးဟာ  ကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခဲ့တဲ့ ဝဋ်ကြွေးကြောင့် သူဟာဆိုရင် အရှင်လတ်လတ် သူရဲ့ဖြေဖဝါးကို ဓားခွဲခံရတဲ့ သာဓကတွေရှိပါတယ်.. ဦးဇင်းတို့ ဘုရားဗုဒ္ဓဝင်တွေမှာပါ။ ဒီကိစ္စမျိုးကြည့်မယ်ဆိုရင်တော့ ဒေါ်ကြိုင်ကြိုင်ဟာ ယခုဘဝမှာ မခံစားရရင်တောင် လာမယ့်ဘဝမှာ ဒီကိစ္စကို အပြည့်အဝခံစားရလိမ့်မယ်လို့ ဦးဇင်းအနေနဲ့မြင်တယ်။ နောက်သူတို့က အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့ အတွက်ကြောင့် မိစ္ဆာဒိဋ္ဌိအယူလည်း ဖြစ်နေတယ်လို့ ဦးဇင်းတော့ မြင်တယ်။ နောက်တစ်ခုက ဦးဇင်းတို့ ရဟန်းသံဃာ တွေတောင် ဘုရားဝတ္တက မြေမှာ ဘုရားပေါ်တက်တဲ့ အခါဖိနပ်ချွတ်ပြီး ပူဇော်ကြပါတယ်.။

နောက်ပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်လို့ .. ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်လို့ ပြောနေတဲ့ ဗိုလ်ချုပ်သန်းရွှေက ဘုရားဝတ္တကမြေမှာ ပုဆိုးကြီးမပြီး လမ်းလျှောက်တာ တော်တော်ကို အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ ဘယ်လူကြီးလူကောင်းမှ ဒီလိုပုံစံမျိုး မလုပ်ကြပါဘူး။ နောက်တစ်ခုက တကယ့် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားရှင်ပွင့်တော်မူရာ နေရာလေ။ သူတို့ ဘုရားမြေပေါ်မှာ မလုပ်ကောင်းတာတွေ လုပ်နေတယ်လို့ပဲ ဦးဇင်းတော့မြင်တယ်..။ နောက်တစ်ခု ပြန်ကြည့်မယ်ဆိုရင်  ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက ဦးဇင်းတို့ ရဟန်း၊ သံဃာတွေက မိုးထဲရေထဲမှာ လုံးဝဖိနပ်မစီးပဲနဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ မေတ္တာပို့ ဆုတောင်းပွဲတွေ ပြလုပ်ခဲ့တယ်။ ဒါကို ပြန်ကြည့်ချင်းအားဖြင့် ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားမြေတွေ အထွတ်အမြတ်ထားရာ နေရာတွေမှာ ဘယ်လောက်အထိ အလေးအနက်ထားတယ် ဆိုတာသိမြင်နိုင်ပါတယ်.. ။ အဲ့ဒီတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေပါလို့ ပြောနေသူတွေ ပိုပြီးတော့ အလေးအနက် ထားသင့်တယ်လို့ ဦးဇင်းတော့ ပြောချင်ပါတယ်ဟု အရှင်ထာဝရမှ ပြောဆိုသွားပါတယ်။

မေးမြန်းချက်များ ဖြေကြားပေးတဲ့ အရှင်ထာဝရနဲ့ ဓာတ်ပုံများ ပေးပို့လာတဲ့ KO Y အားကျေးဇူးတင်ပါသည်။

ဘုရားရှင်လက်ထက်က အဇာတသတ်မင်းကြီးဟာ ဖခင်ဗိမ္မိသာရမင်းကြီးကို သတ်မိသည့် အကုသိုလ် ကံကြောင့် မည်သို့ပင် ကောင်းမှုကုသိုလ်များ ပြုလုပ်ပါသော်လည်း ထိုအဖကိုသတ်မိသည့် ကံကြီးထိုက်မှုကြောင့် နောက်ဆုံးမှာ အပယ်သို့ ကျရောက်ခဲ့ရပါတယ်။ ထို့အတူ ထိုသို့ ကံကြီးထိုက်လောက်သော သံဃာသင်းခွဲမှု၊ ရဟန်းသံဃာများအား သတ်မိသည့် ကံကြီးများ ကျူးလွန်မိသူများ အဖို့တော့ မိမိတို့လှူဒါန်းပြုမူတဲ့ ကုသိုလ်ကံတွေက တားဆီးနိုင် မတားဆီးနိုင် ဆိုတာကိုတော့ စဉ်းစားချင့်ချိန်စရာ ဖြစ်ပါပေတော့သည်။

ဒီမိုဝေယံ...

မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်... ပြန်ဖတ်လိုလျှင် http://www.demowaiyan.co.cc/2011/01/blog-post_08.html