24 January 2011

အကယ်ဒမီဆုကို ပထမဆုံး ရရှိခဲ့သည့် အနုပညာရှင်ခြောက်ဦး ပေါ်ထွက်ခဲ့သော ၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နေပြည်တော်တွင် ကျင်းပ..

w61724
၂၀၀၉ ခုနှစ်အတွက် ဆုချီးမြှင့်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့က နေပြည်တော်၌ ပဉ္စမအကြိမ်မြောက် ပြုလုပ်ခဲ့ရာ အကယ်ဒမီဆုကို ပထမဆုံးရရှိသည့် အနုပညာရှင်ခြောက်ဦး ပေါ်ထွက်ခဲ့သည့် အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါသည်။ ယခု ပြုလုပ်ခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပေးပွဲသည် (၅၄)ကြိမ်မြောက် အဖြစ် ကျင်းပခဲ့သော ထူးချွန်ဆုပေးပွဲ ဖြစ်ပါသည်။
ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲများ၌ အံ့အားသင့်ဖွယ်ရာ ရလဒ်များ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် ဆုပေးပွဲ အပြီးတွင်မူ ပရိသတ် မျှော်မှန်းထားကြသည့် အနုပညာရှင်များနှင့် ဆုရခဲ့သည့် အနုပညာရှင်များ ထပ်တူနီးပါး တူညီခဲ့သည့်အတွက် ပရိသတ်များ စိတ်ကျေနပ်မှု ရရှိခဲ့သည့် ဆုပေးပွဲဟု ဆိုနိုင်မည် ဖြစ်ပါသည်။ ယခုနှစ် ဆုပေးပွဲသည် အမျိုးသမီး ဇာတ်ဆောင်ဆုကို ပေးအပ်နိုင်ခဲ့ခြင်း မရှိသော်လည်း အခြားသောဆုများဖြစ်သည့် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ ဓာတ်ပုံဆု၊ အသံဆု၊ တေးဂီတဆု၊ အမျိုးသမီးဇာတ်ပို့ဆုနှင့် အမျိုးသားဇာတ်ဆောင်ဆုများကို ပေးအပ်ခဲ့ပါသည်။ ထိုသို့ ပေးအပ်ခဲ့ရာတွင် ၂၀၀၉ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ဇာတ်ကား ၁၆ ကားအနက် ဇာတ်ကား လေးကားက ဆုများကို အသီးသီး ရရှိသွားပြီး ထိုဇာတ်ကားများမှာ ဇော်က ကနေသည်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ၊ အတိတ်ရဲ့အရိပ်နှင့် ကျောက်စက်ရေ ဇာတ်ကားတို့ ဖြစ်ကြပါသည်။ ယခုနှစ် ဆုပေးပွဲတွင် ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိသော အမျိုးသမီး ဇာတ်ဆောင်ဆုသည် ၁၉၈၉ ခုနှစ်နောက်ပိုင်း ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိသော ဒုတိယမြောက် ဆုပေးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် အတွက် ချီးမြှင့်ခဲ့သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်လည်း အမျိုးသမီး ဇာတ်ဆောင်ဆုကို ပေးအပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။
w61722
ဇာတ်ကားဆု
ကြိုးကြာတောင်ပံခတ်သံ (စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး)
ဒါရိုက်တာ စင်ရော်မောင်မောင် ဖန်တီးရိုက်ကူးခဲ့သည့် ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားဖြင့် စင်ရော် ရုပ်ရှင်ထုတ်လုပ်ရေးက ၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဇာတ်ကားဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဆုသည် စင်ရော်ရုပ်ရှင် ထုတ်လုပ်ရေး အတွက် တတိယမြောက် ရရှိခဲ့သော ထူးချွန်ဆု ဖြစ်ပြီး ၁၉၉၄ ခုနှစ်က တစ်ပြည်သူမရွှေထား ဇာတ်ကားဖြင့် လည်းကောင်း၊ ၂၀၀၄ ခုနှစ်က လျှို့ဝှက်သောနှင်း ဇာတ်ကားဖြင့် လည်းကောင်း ဆုများ ရရှိထားခဲ့ပါသည်။
w61723
ဒါရိုက်တာဆု
မီးပွား (ဇော်က ကနေသည်)
အကယ်ဒမီဆုများနှင့် အကြိမ်ကြိမ်လွဲချော်ခဲ့သူ ဒါရိုက်တာမီးပွားက ဇော်ကကနေသည် ဇာတ်ကားဖြင့် ၂၀၀၉ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဒါရိုက်တာဆုကို ပထမဆုံးအကြိမ် ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
ဒါရိုက်တာမီးပွားသည် ၁၉၉၇ ခုနှစ်က အရိပ်ဇာတ်ကားဖြင့် တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်က တစ်ခါကဧရာဝတီညများ ဇာတ်ကားဖြင့် တစ်ကြိမ်၊ ၂၀၀၅ ခုနှစ်က မင်္ဂလာပါ ဇာတ်ကားဖြင့် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်က ကြိုးတန်း ဇာတ်ကားဖြင့် တစ်ကြိမ် အကယ်ဒမီ ဒါရိုက်တာဆုကို ရရှိရန် အကြိမ်ကြိမ် ခန့်မှန်းခံရပြီး လွဲချော်ခဲ့ရသူတစ်ဦး ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ဒါရိုက်တာဆုကို ရရှိရန်အတွက် ဒါရိုက်တာမီးပွားသည် မိုးညအိပ်မက်မြူ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျင်၊ ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ စင်ရော်မောင်မောင်တို့နှင့် အပြိုင် ရေပန်းစားခဲ့ရာမှ ဆုရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
w61721
အမျိုးသားဇာတ်ဆောင်ဆု
နေတိုး (မိုးညအိပ်မက်မြူ)
အမျိုးသားဇာတ်ဆောင်ဆုကို ရရှိရန် ပရိသတ်များက ခန့်မှန်းခဲ့ကြပြီး ရေပန်းစားခဲ့သည်နှင့်အညီ အမျိုးသား ဇာတ်ဆောင်ဆုကို နေတိုးက ပထမဆုံးအကြိမ် အဖြစ် ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ နေတိုးသည် မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိသွားခဲ့သူ ဖြစ်ပါသည်။ နေတိုးသည် ၂၀၀၉ ခုနှစ် အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၁၆ ကားအနက် ခြောက်ကားတွင် ပါဝင် သရုပ်ဆောင် ထားခဲ့ပြီး ယင်း ဇာတ်ကားများအနက် ဇော်က ကနေသည်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ စသည့် ဇာတ်ကားတို့ဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိရန် ကြိုတင်ခန့်မှန်းခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။
w61718
အမျိုးသမီးဇာတ်ပို့ဆု
စိုးပြည့်သဇင် (မိုးညအိပ်မက်မြူ)
ဇာတ်ကားတွင် ပါဝင်သော အနုပညာရှင်များ ဆုရရှိရန် ရေပန်းစားခဲ့သည့် မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် စိုးပြည့်သဇင်က အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ စိုးပြည့်သဇင်သည် ယင်းဇာတ်ကားတွင် ကိုမြင့်ဝေနှင့် ချစ်ကြိုးနွယ်ခဲ့သည့် တက္ကသိုလ်ကျောင်းသူ ထားအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ ယခု ထူးချွန်ဆုသည် စိုးပြည့်သဇင် အတွက် ပထမဆုံးဆွတ်ခူးခဲ့သည့် ဆု ဖြစ်ပါသည်။ စိုးပြည့်သဇင်သည် ယင်းဇာတ်ကား၌ပင် အငြိမ့်မင်းသမီး ချစ်သက်နွယ် အဖြစ် သရုပ်ဆောင်ခဲ့သော သင်ဇာဝင့်ကျော်နှင့်အပြိုင် အမျိုးသမီး ဇာတ်ပို့ဆုအတွက် ရေပန်းစားခဲ့ရာမှ ဆုရရှိခဲ့ခြင်း ဖြစ်ပါသည်။
w61719
ဇာတ်ညွှန်းဆုမြင့်ဦးဦးမြင့် (ကြိုးကြာတောင်ပံခတ်သံ)
၂၀၀၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် ဇာတ်ကားဆု အပါအ၀င် အခြားသော ဆုများရရှိရန် ရေပန်းစားခဲ့သည့် ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားဖြင့် မြင့်ဦးဦးမြင့်က ဇာတ်ညွှန်းဆုကို ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ထူးချွန်ဆုသည် မြင့်ဦးဦးမြင့် အတွက် ပထမဆုံး ရရှိခဲ့သည့် ထူးချွန်ဆုလည်း ဖြစ်ပါသည်။ မြင့်ဦးဦးမြင့်သည် ဇော်က ကနေသည် ဇာတ်ကားကို ဇာတ်ညွှန်းရေးသားခဲ့သူ နေ၀င်းမြင့်၊ မိုးညအိပ်မက်မြူ ဇာတ်ကားကို ဇာတ်ညွှန်းရေးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ကျောက်စက်ရေ ဇာတ်ကားကို ဇာတ်ညွှန်းရေးခဲ့သူ ဆုသြချယ်တို့နှင့် အပြိုင် ဆုရရှိရန် ရေပန်းစားခဲ့ရာမှ ဇာတ်ညွှန်းဆုကို ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
ဇာတ်ညွှန်းဆုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲများတွင် ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိဘဲ ၂၀၀၉ ခုနှစ်အတွက်ကိုမူ မြင့်ဦးဦးမြင့်က ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။
w61720
တေးဂီတဆု
ဓိရာမိုရ် (ဇော်က ကနေသည်)
၂၀၀၉ ခုနှစ်အတွက် ရုပ်ရှင် တေးဂီတဆုကို ဇော်က ကနေသည် ဇာတ်ကားဖြင့် ဓိရာမိုရ်က ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဓိရာမိုရ်သည် ဇော်က ကနေသည် ဇာတ်ကားနှင့် မိုးညအိပ်မက်မြူ ဇာတ်ကားတို့တွင် နောက်ခံ တေးဂီတများ ဖန်တီးပေးခဲ့သူ ဖြစ်ပြီး ယင်းဇာတ်ကားများဖြင့်ပင် ရုပ်ရှင်တေးဂီတဆု ရရှိရန် ရေပန်းစားခဲ့သူ ဖြစ်ပါသည်။ ယခု ရရှိသော ထူးချွန်ဆုသည် ဓိရာမိုရ်အတွက် ပထမဆုံး ရရှိခဲ့သည့် အကယ်ဒမီဆု ဖြစ်ပါသည်။

တည်းဖြတ်ဆု
ဇော်မင်း (ဟံသာမြေ) (ကျောက်စက်ရေ)
ဇော်မင်း(ဟံသာမြေ)သည် ကျောက်စက်ရေ ဇာတ်ကားဖြင့် ရုပ်ရှင် တည်းဖြတ်ဆုကို ငါးကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဇော်မင်း(ဟံသာမြေ)သည် ၂၀၀၂ ခုနှစ်က ငါသူတစ်ပါးယောက်ျားမိန်းမ၊ ၂၀၀၄ ခုနှစ်က လျှို့ဝှက်သောနှင်း၊ ၂၀၀၆ ခုနှစ်က မျှော်လင့်ခြင်းများစွာ၊ ၂၀၀၈ ခုနှစ်က မြင့်မိုရ်ထက်ကသရဖူ အစရှိသော ဇာတ်ကားများဖြင့် ရုပ်ရှင်တည်းဖြတ်ဆုများကို ရရှိထားခဲ့ပါသည်။

အသံဆု
ဆန်းဦးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု တစ်ခုဖြစ်သော အသံဆုကို ဆန်းဦးနှင့်အဖွဲ့က အတိတ်ရဲ့အရိပ် ဇာတ်ကားဖြင့် ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဆုသည် ဆွစ်ဇာလန် နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရိုက်ကူးခဲ့သည့် အတိတ်ရဲ့အရိပ် ဇာတ်ကား အတွက် ပွဲဦးထွက် အနေဖြင့် ရရှိသွားခဲ့သော ဆု ဖြစ်ပါသည်။
ဓာတ်ပုံဆု
ကိုကိုဌေးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
အဆိုပါဆုသည် အတိတ်ရဲ့အရိပ် ဇာတ်ကားအတွက် ဒုတိယမြောက် ဆွတ်ခူးပေးနိုင်ခဲ့သည့် ထူးချွန်ဆု တစ်ဆု ဖြစ်ပါသည်။ ယင်းဇာတ်ကားတွင် ကိုကိုဌေးနှင့်အတူ သုံးပေါင်နှင့် Martin Fucts တို့က ရုပ်ရှင်ဓာတ်ပုံဆိုင်ရာ ဖန်တီးမှုများကို တွဲဖက် လုပ် ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ကိုကိုဌေးအတွက်မူ ယခုရရှိသောဆုသည် ငါးကြိမ်မြောက် ရရှိခဲ့သော ထူးချွန်ဆု ဖြစ်ပါသည်။ ကိုကိုဌေးသည် ၁၉၉၄ ခုနှစ်က မသုဓမ္မစာရီ၊ ၁၉၉၇ ခုနှစ်တွင် မြင့်မြတ်နှလုံးသား၊ ၂၀၀၁ ခုနှစ်တွင် ကောင်းကင်ထက်ကပန်းတစ်ပွင့်၊ ၂၀၀၄ ခုနှစ်တွင် လျှို့ဝှက်သောနှင်း အစရှိသော ဇာတ်ကားများဖြင့် ထူးချွန်ဆုများ ရရှိထားပါသည်။
၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ရရှိသူများ
  • ဇာတ်ကားဆု - ကြိုးကြာတောင်ပံခတ်သံ
  • ဒါရိုက်တာဆု - မီးပွား(ဇော်က ကနေသည်)
  • အမျိုးသားဇာတ်ဆောင်ဆု - နေတိုး (မိုးညအိပ်မက်မြူ)
  • အမျိုးသမီးဇာတ်ပို့ဆု - စိုးပြည့်သဇင် (မိုးညအိပ်မက်မြူ)
  • ဇာတ်ညွှန်းဆု - မြင့်ဦးဦးမြင့် (ကြိုးကြာတောင်ပံခတ်သံ)
  • တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) (ကျောက်စက်ရေ)
  • ဓာတ်ပုံဆု - ကိုကိုဌေးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
  • အသံဆု - ဆန်းဦးနှင့်အဖွဲ့ (အတိတ်ရဲ့အရိပ်)
  • တေးဂီတဆု - ဓီရာမိုရ် (ဇော်က ကနေသည်)
ရင်းမြစ် New Eleven ဂျာနယ်....