26 January 2011

အခြေခံပညာကျောင်းအချို့တွင် ကျောင်းသားများအား မုန့်ဖိုးများစွာမပေးရန် နှိုးဆော်လာ..

     ဓာတ်ပုံ AP
အခြေခံပညာကျောင်းအချို့တွင် ကျောင်းသား၊ ကျောင်းသူများအား မုန့်ဖိုးများစွာမပေးရန် နှိုးဆော်ထားရှိထားကြောင်း ကျောင်းသား၊ ကျောင်းသူများထံမှ စုံစမ်းသိရှိရပါသည်။

ထိုသို့ နှိုးဆော်ရခြင်း၏အဓိက အကြောင်းရင်းမှာ ကျောင်းသား၊ ကျောင်းသူများ၏ လက်ထဲတွင် ငွေကြေးများစွာရှိပါက ပညာရေးနှင့် မသက်ဆိုင်သည့် နေရာများတွင် အလွဲသုံးစားပြုလုပ်မှုများ မဖြစ်စေရန် ရည်ရွယ်နှိုးဆော်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    ကလေးများ ငွေကြေးအများအပြား ကျောင်းသို့ယူလာခြင်းနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ကို "တချို့ ကလေး တွေကိုကြည့်လိုက်ရင် လက်ထဲမှာ အနည်းဆုံး ကျပ်နှစ်သောင်းကျော် ကျောင်းကို ယူလာတာတွေ့ရပါတယ်။ ဒီပိုက်ဆံဘယ်ကရတာလဲလို့ မေးရင် မိဘတွေက မုန့်ဖိုးပေးလိုက်တာလို့ ပြောပါတယ်။  ကလေးရဲ့လက်ထဲမှာ ပိုက်ဆံရှိတော့ မလိုလားအပ်တဲ့ ပြဿနာတွေရှိလာမှာစိုးလို့ ဒီလို နှိုးဆော်ထားတာပါ။ ကျောင်းကနေ အိမ်ကိုပြန်တဲ့အခါမှာ ရုပ်ရှင်ဝင်ကြည့်တာတွေ၊ ဂိမ်းကစားတာတွေလုပ်မှာ စိုးလို့ပါ။ လူငယ်တွေက ယောက်ျား လေးရော၊ မိန်းကလေးတွေပါအ၀တ် အစားနဲ့ အလှအပအတွက်ကို အချိန် ပေးပြီးပြုလုပ်လာကြတယ်။ လိုအပ်တဲ့မုန့်ဖိုးထက် ပိုပေးထားရင် တလွဲအသုံးချမှာစိုးလို့ မိဘတွေကို နှိုးဆော်ထားတာပါ"ဟု ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာအောင်ကိုကိုက ရှင်းပြခဲ့ပါသည်။

တချို့ ကလေး တွေကိုကြည့်လိုက်ရင် လက်ထဲမှာ အနည်းဆုံး ကျပ်နှစ်သောင်းကျော် ကျောင်းကို ယူလာတာတွေ့ရပါတယ်။ ဒီပိုက်ဆံဘယ်ကရတာလဲလို့ မေးရင် မိဘတွေက မုန့်ဖိုးပေးလိုက်တာလို့ ပြောပါတယ်။  ကလေးရဲ့လက်ထဲမှာ ပိုက်ဆံရှိတော့ မလိုလားအပ်တဲ့ ပြဿနာတွေရှိလာမှာစိုးလို့ ဒီလို နှိုးဆော်ထားတာပါ

    အဆိုပါ နှိုးဆော်မှုကို ယခုနှစ် ပညာသင်နှစ်တွင် စတင်နှိုးဆော်ခြင်း ဖြစ်ပြီး အခြေခံပညာကျောင်းအချို့၌ သာ နှိုးဆော်မှုရှိကြောင်း သိရသည်။
"ဒီနှိုးဆော်မှုလေးက တခြား ကျောင်းတွေမှာ ပြုလုပ်လား၊ မပြု လုပ်ဘူးလားဆိုတာတော့ မပြော တတ်ဘူး။ တချို့စည်းကမ်းလေးတွေ ကြတော့ ကျောင်းတစ်ကျောင်းနဲ့ မတူညီနိုင်ပါဘူး"ဟု ဆရာကြီးက ဆက်လက်ရှင်းပြခဲ့ပါသည်။
    "သားသမီးတွေကို ပညာရေးမှာ ထူးချွန်စေချင်လို့ မြို့ထဲကျောင်းမှာထားတာပါ။ ပညာရေးမှာလည်း ထူးချွန်ကြပါတယ်။ တစ်ခုရှိတာက ကျောင်းစာကိုပြိုင်ဆိုင်ကြတာတွေ အပြင် တခြားပြိုင်ဆိုင်မှုလေးတွေလည်း ရှိကြတာတွေ့ရပါတယ်။ သူငယ်ချင်းတွေက တစ်နေ့ကိုမုန့်ဖိုး များများရလို့ သမီးကမုန့်ဖိုး တိုးတောင်းတာတွေ၊ အသုံးအဆောင် ပစ္စည်းလေးတွေကအစ ပြိုင်ဆိုင်မှုလေးတွေရှိပါတယ်။ မိဘတစ်ယောက် အနေနဲ့တော့ တတ်နိုင်သမျှဖြည့်ဆည်း ပေးနေရတာပါပဲ။ တစ်နေ့တစ်နေ့ ကုန်ကျစရိတ်က ကျောင်းသွားတာနဲ့ ကျူရှင်သွားတာပေါင်းလိုက်ရင် သောင်းဂဏန်း ကပ်နေပါပြီ။ ဒါတောင် တခြားကုန်ကျစရိတ်တွေ မပါသေးဘူး" ဟု ရန်ကုန်မြို့တွင်းရှိ အထက်တန်း ကျောင်းတစ်ကျောင်း တွင် ကလေးနှစ်ဦး၏မိခင်တစ်ဦးက ဆိုပါသည်။
မင်္ဂလာဒုံမြို့နယ် အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမတစ်ဦးက "ဆရာမတို့ ကျောင်းမှာတော့ ကလေးတွေက မုန့်ဖိုးမရတာ များပါတယ်။ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း အရမ်းကွာခြားပါတယ်"ဟု NEW ELEVEN ဂျာနယ်မှာ ဖော်ပြပါရှိပါသည်..။