29 October 2009

မြို့နယ် စည်ပင်က နာရေးကူညီမှုအသင်းကို တရားစွဲတော့မည် ...။


ဇူလိုင်လက မြောက်ဒဂုံကို ပြောင်းရွှေ့ဖွင့်ထားတဲ့ နာရေးကူညီမှုအသင်း ဆေးခန်းအဆောက်ဦးကို အသုံးပြုခွင့်မရသေးဘဲ ဆေးခန်းဖွင့်မှုနဲ့ နာရေးကူညီမှုအသင်းကို မြို့နယ်စည်ပင်သာယာက တရားစွဲဖို့ ပြင်နေပါတယ်။ မြောက်ဒဂုံကို ပြောင်းရွှေ့ဖွင့်ထားတဲ့ နာရေးကူညီမှုအသင်း ဆေးခန်းရှေ့ ရေမြောင်း မတူးလို့ဆိုပြီး မြို့နယ်စည်ပင်က အဆောက်အဦး အသုံးပြုခွင့် ချမပေးဘူးလို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က ပြောပါတယ်။ ဒီလဆန်းပိုင်းက ၅ ပေအကျယ် ၅ ပေ အနက်ရှိတဲ့ ရေမြောင်းတခု ဆေခန်းရှေ့မှာတူးဖို့ မြို့နယ်စည်ပင်က ညွှန့်ကြားခဲ့ပြီး မတူးရင် အဆောက်အဦး အသုံးပြုခွင့် မပေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ပတ်ဝန်းကျင်က ရေမြောင်းမတူးဘဲ နာရေးကူညီမှုအသင်း ဆေးခန်းရှေ့တခုတည်းမှာသာ တူးထားမယ်ဆိုရင် ရေလှောင်ကန်လို ဖြစ်သွားပြီး ခြင်ပေါက်ဖွားလာနိုင်လို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် မတူးတာလို့ ဦးကျော်သူ က ပြောပါတယ်။

အဆောက်အဦး အသုံးပြုခွင့် မရသေးဘဲ ဆေးခန်းဖွင့်နေတဲ့အတွက် တရားစွဲဆိုဖို့ မြို့နယ်စည်ပင်က ဒီနေ့ ဆင့်ခေါ်ထားတယ်လို့ ဦးကျော်သူ က ပြောပါတယ်။ “စွဲတော့ မစွဲသေးဘူး စွဲဖို့လုပ်နေပြီ။ ဒီနေ့ပဲမြို့နယ်ရုံးကို တရားစွဲဖို့ကိစ္စပြောဖို့ ဆိုပြီးတော့ ခေါ်တာပဲ။ ကျနော်တော့ မသွားဘူး။ မသွားတာက တရားစွဲမယ်ဆိုရင် နာမည်ပေးပါတဲ့၊ ဘယ်သူ့ကို စွဲရမလဲတဲ့၊ ကျော်သူကို စွဲပါဆိုပြီးတော့ ကျနော့်နာမည် ပေးထားပြီးပြီ။ရုံးချိန်းခေါ်လည်း မသွားဘူး၊ တရားရုံးခေါ်လည်း မသွားဘူး၊ ဖမ်းသာ ဖမ်းလိုက်တော့လို့ ကျနော် ပြောထားပြီးပြီ။” မြို့နယ်စည်ပင်ရုံးရဲ့ ဆင့်ခေါ်မှုကို မသွားတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးကျော်သူက ပြောပါတယ်။ “ကျနော်တို့က မှန်တဲ့ဟာ လုပ်နေတာ။ တိုင်းပြည်ကို ပုန်ကန်ဖို့ လုပ်နေတာ မဟုတ်ဘူး။ ပြည်သူကို ပံ့ပိုးကူညီတဲ့ ကိစ္စလုပ်နေတာ၊ ကုသိုလ်ဖြစ် အားလုံး အခမဲ့ လုပ်ပေးနေတာ။ ဒီလို တရားစွဲမယ်ဆိုလည်း စွဲတော့ပေါ့၊ မတတ်နိုင်တော့ဘူး။” နာရေးကူညီမှုနဲ့ ဆေးခန်းကို ရပ်ထားလို့ မရတဲ့အတွက် အဆောက်အဦးကို ဆက်လက်အသုံးပြုခွင့်ပေးဖို့ အထက်ကို စာတင်ဖို့ လုပ်နေဆဲလို့လည်း ဦးကျော်သူက ပြောပါတယ်။ “စာတင်ဖို့လုပ်နေတယ်။

ခရိုင်က ကျနော်တို့ အဆောက်အဦးကို လာကြည့်ပြီး ရဆကသအားတ်ပုံတွေဘာတွေ ရိုက်ပြီးသွားတော့ သူတို့ဆီက ခွင့်ပြုတယ်ဆိုတဲ့ဟာနဲ့ ကျနော်တို့ ပြန်တင်ရမှာ။ သူတို့ဆီက ခွင့်ပြုတယ် ဆိုတဲ့စာက အခုအထိ မရသေးဘူး။ အဲဒီစာရမှ ကျနော်တို့ကမြို့နယ်ကို လျှောက်ရမှာ။ ခရိုင်ကစာ မရသေးတော့ လျှောက်လို့ မရသေးဘူး။ “မရဘူးဆိုပေမယ့် ကျနော်တို့က လုပ်မှာပဲ။ ရပ်လို့မရဘူး။ ဒီဟာက လူနာတွေက တောက်လျှောက် ကြည့်ပေးနေရတာ။ ဥပမာ မျက်စိခွဲစိတ်မယ့်လူ လာတယ်ဆိုရင် ခွဲပြီးရင်လည်း ဆရာဝန်နဲ့ အဆက်ပြတ်လို့ မရဘူး။ ဆရာဝန်က ဆက်ပြီး ကြည့်ပေးနေရတယ်။ ဆေးခန်းပိတ်လို့ မဖြစ်ဘူး၊ လုံးဝ ပိတ်လို့မရဘူး။ နာရေးကိစ္စလည်း ပိတ်လို့မရဘူး။ ကျနော်တို့ ဒီအလုပ်က လုပ်နေရမှာပဲ။” နာရေးကူညီမှုအသင်းကို ၂ဝဝ၁ က စတင် ဖွဲ့စည်းခဲ့ပြီး နာရေးကိစ္စ အခက်ကြုံနေသူတွေကို အခမဲ့ ကူညီသင်္ဂြိုဟ်ပေးနေတဲ့အပြင် စေတနာရှင် ဆရာဝန်တွေရဲ့ ကူညီမှုနဲ့ သုခဆေးခန်းကို တည်ထောင်ထားပြီး တနေ့ကို လူနာ ၂ဝဝ နီးပါး အခမဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။

ရင်းမြစ်...။ DVB..။