27 October 2009

ထောင်ထဲမှာ ဘုရားစာ မရွတ်ရဲတော့ဟု ဇာဂနာ ပြော ...။

(ကိုဇာဂနာ)
မြစ်ကြီးနားထောင်မှာ ထောင်ဒဏ်နှစ်ရှည် ကျနေတဲ့ စွယ်စုံအနုပညာရှင် ဇာဂနာကို မိသားစုက ထောင်ဝင်စာသွားတွေ့ရာမှာ ထောင်လုံခြုံရေးကို အရင်ထက် တင်းကျပ်ထားပြီး ထောင်ဝင်စာ ပစ္စည်းတွေကိုလည်း အသေးစိတ် ရှာဖွေမှုတွေ လုပ်တယ်လို့ မိသားစုက ပြောပါတယ်။ ကိုဇာဂနာကို လွန်ခဲ့တဲ့ ဇွန်လကုန်က ထောင်ဝင်စာ နောက်ဆုံးတွေ့ခဲ့ပြီးနောက် ၃ လအကြာ ဒီလ ၂၃ ရက်နေ့မှာ မိသားစုက ထောင်ဝင်စာ သွားတွေ့ခဲ့တာပါ။ ဒီ ၃ လအတွင်း ထောင်လုံခြုံရေး ပြောင်းလဲသွားတာကြောင့် ခရီးဝေးကလာတဲ့ မိသားစုတွေမှာ လူပန်း စိတ်ပန်း ဖြစ်ရတယ်လို့ ကိုဇာဂနာ့ မိသားစုဝင် မငြိမ်းက ပြောပါတယ်။ “အခုက ပေးချင်တာ ပေးလို့ရတယ်။ အဝင်ရယ် အထွက်ရယ် အရမ်းစစ်တယ်။

ထောင်ဗူးဝကနေ အထဲအထိ တော်တော် ဝင်ရသေးတာကိုး။ အဲ့ဒီမှာ တချက်စစ်၊ ပစ္စည်းတွေကို ထုတ်ပြရတယ်။ လေယာဉ်၊ ကား၊ ရထားနဲ့ လာတဲ့လူပဲဖြစ်ဖြစ် စီစဉ်ပြီးထုပ်လာတာကို သူတို့က တခုချင်းစိစစ်နေတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ပြန်စီရတဲ့ ဒုက္ခပေါ့။ အင်းစိန်ထောင် ပုံစံမျိုးတွေ လုပ်လာပြီ။” ကိုဇာဂနာရဲ့ သွေးတိုး၊ နှလုံး ကျန်းမာရေး အခြေအနေက ပုံမှန် ဆေးသောက်နေတဲ့အတွက် ဆိုးဆိုးဝါးဝါးမရှိဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြစ်ကြီးနားမြို့မှာ ညဥ့်နက်သန်းခေါင် မိုးကြီးလို့ မြောင်းရေလျှံပြီး တိုက်ထဲကို ရေဝင်တာကြောင့် အခန်းပစ္စည်းတွေ အပါအဝင် စာအုပ်တွေ ရေစိုသွားတယ်လို့ မငြိမ်းက ပြောပါတယ်။

ဒီလ ၁၅ ရက်နေ့တုန်းက ဗြိတိသျှစာပေအနုပညာရှင်များအဖွဲ့က ချီးမြှင့်တဲ့PEN Printer
ဆုရရှိသူ နာမည်ကျော်ကဗျာဆရာ တိုနီဟယ်ရီဆင်က သူ့ရဲ့ဆုကို ကိုဇာဂနာကို ပြန်လွှဲပြောင်း ပြောင်းချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုပေးပွဲမှာ အကျဉ်းကျခံ စာရေးဆရာများဥက္ကဋ္ဌ ကာရိုးလ်က ကိုဇာဂနာ စပ်ဆိုခဲ့တဲ့ ‘အကျဉ်းခန်းထဲကို၊ လရောင်ထိုးကျ၊ ခြေသံတွေလည်း၊ တိတ်ဆိတ်သွားချိန်မှာ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို သတိရလို့၊ တရားမှတ်ရင်း၊ လွတ်မြောက်မယ့်ရက်တွေကို စောင့်စားနေတယ်’ ဆိုတဲ့ ကဗျာကို ရွတ်ဆိုသွားခဲ့ပါတယ်။

ကိုဇာဂနာ က အဲဒီဆုအတွက် ကျေးဇူးတင်ကြောင်းနဲ့ သူ ရေးခဲ့တဲ့ အဲ့ဒီကဗျာထဲကလို ဘုရားစာ ဂုဏ်တော်တွေကို ထောင်ထဲမှာ မရွတ်ရဲတော့ဘူးလို့ သတင်းပါးလိုက်တယ်လို့ မငြိမ်းက ပြောပါတယ်။ “ကဗျာတွေက သူ ၉ဝ တုန်းက ရေးခဲ့တာတဲ့။ သူတို့ကို ပြောတော့ ပြောပြလိုက်ပါတဲ့၊ဗုဒ္ဓတ ရားတော်လည်း ထောင်ထဲမှာ မရွတ်ဖြစ်တော့ပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့၊ဗုဒ္ဓတ ရားတော်ရွတ်နေတဲ့ ဘုန်းကြီးတွေတောင် ထောင်ထဲရောက်နေတော့ ကိုယ်လည်း မရွတ်ရဲတော့ဘူးတဲ့။” စွယ်စုံအနုပညာရှင် ဇာဂနာကို နအဖ အစိုးရက ရှစ်လေးလုံး လူထုအုံကြွမှုအပြီး ၁၉၈၈ မှာ ၁ ကြိမ်၊ ၁၉၉ဝ ရွေးကောက်ပွဲမတိုင်ခင် မေလမှာ ၁ ကြိမ် ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ ၂ဝဝ၈ မှာ နာဂစ်မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ရင်း အားကစားအယ်ဒီတာ ကိုဇော်သက်ထွေးနဲ့အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၅၉ နှစ် အပြစ်ပေးတာ ခံခဲ့ရပါတယ်။ အဲ့ဒီနောက် အယူခံလျှော့ပေါ့ပေးတဲ့အတွက် လောလောဆယ် ထောင်ဒဏ် ၃၅ နှစ်နဲ့ မြစ်ကြီးနားထောင်မှာ အကျဉ်းနေတာ ဖြစ်ပါတယ်။

ရင်းမြစ်..။DVB

မြတ်လေးငုံ..။