ဆရာမနှင်းပန်းအိမ်
မေး..။
ဆရာမရဲ့ မမေ့နိုင်စရာ ငယ်ဘဝ ပုံရိပ်ကဘယ်လိုလဲ။ ငယ်စဉ်ဘဝ အတွေ့ အကြုံတချို့ကို ပြောပြပေးပါရှင်။
ဖြေ..။
ကျမ(၆)နှစ်သမီး အရွယ်မှာ ကျမဖေဖေ နိုင်ငံရေးမှုနဲ့ အဖမ်းခံ ရပါတယ်။ ကျမ သုံးနှစ်သမီးအရွယ်မှာ မေမေနဲ့ အတူဖေဖေ့ကို လူပျောက်ရှာခဲ့ရတယ်။ မန္တလေးမီးရထား ထိုင်ခုံအောက်မှာ မေမေကကျမ ကိုဖက်ပြီး အိပ်ရတာကို ခုချိန်ထိမှတ်မိနေတယ်။ နောက်ဖေဖေက ကိုကိုးကျွန်းကနေ မေမေ့ဆီကို(၆)လ တကြိမ်စာပို့ရင် မေမေကကျမကို ဖတ်ပြတဲ့ ဖေဖေလက်ရေးနဲ့ စာကိုမှန်းဆပြီး ဖေဖေ့ကိုကျမချစ်ရတာပါဘဲ။
ကျမ(၇)နှစ်သမီးမှာ ဖေဖေထောင်က လွတ်လာတယ်။ ဖေဖေနဲ့အတူဖေဖေ့ ရဲဘော်တွေပါလာတော့ ဘယ်သူက ကျမအဖေမှန်း မသိပါဘူး။ ကျမတံခါးကြားမှာ ပုန်းနေတာ တော်တော်နဲ့မထွက်ဘူး။ အဲဒီညကကျမတို့ မိသားစုသုံးယောက် အတူအိပ်ရတယ်။ ညသန်းခေါင်မှာ ဖေဖေ့က မေမေလည်ပင်းကို ထညှစ်တော့တာပဲ။ ဖေဖေ့ရဲဘော်တွေ ကျမငိုသံနဲ့ နိုးကုန်ကြတယ်။ “ဗိုလ်ဓမ္မကျွန်တော်တို့ အိမ်ရောက်နေပြီး” လို့ဝိုင်းပြောကြတယ်။ ထောင်တွင်းဖိနှိပ်မှု စိတ်ဒဏ်ရာဆိုတာ ကျမအရွယ်ရောက်မှ သိခဲ့ရတယ်။ ဖေဖေက အင်မတန်နုးညံ့ သိမ်မွေ့တဲ့သူပါ။
ကျမတို့သားအဖ ရင်းနှီးအောင် ဖေဖေ့ကို လေးစားတန်းဖိုး ထားတတ်အောင် ဖေဖေ့ရဲဘော်တွေနဲ့ မေမေက ကြိုးစားပေးကြတယ်။ ကျမတို့ငယ်ငယ်ထဲက “သမီးကတိုင်းပြည်ကို ကယ်တင်မှာလားဆိုတဲ့ မေးခွန်းကြီးနဲ့ ကြီးပြင်းခဲ့ရတာပါ။” တကွက်တည်းနဲ့ တပွဲလုံးမရှုံးစေနဲ့ ကိုယ့်ကိုယ်ကိုယ် နေရာချတတ်ဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် နေရာချတတ်ရမယ်၊ အသိတရား ဘယ်ကလာလဲ။ ပတ်ဝန်းကျင်က လာတယ် ။ဖေဖေနဲ့ဖေဖေ ရဲဘော်ကျမ ဦးလေး ဦးလှရွှေနဲ့ ဒေါ်ဒေါ်ဒေါ်ခင်မာအေး၊ ဦးလှတင်အောင်၊ အန်ကယ်ကြီးဦးတင်အောင် တို့က ငယ်ငယ်ထဲက ဓမ္မနဲ့ အဓမ္မ ခွဲခြားတတ်အောင် ပုံသွင်းပေးခဲ့တယ်။
မေး..။
စာရေးဆရာမ ဘဝကိုပိုင်ဆိုင်ဖို့ ဆရာမဘယ်လို ကျော်ဖြတ်ခဲ့တာလဲ.။
ဖြေ..။
ကလေးအကျဉ်းထောင်ကို ထောင်ဝင်စာ သွားတွေ့မယ့် ကျမကို ကဗျာဆရာကြီးဦးတင်မိုးက အဘွား လူထုဒေါ်အမာဆီ စာရေးပေး လိုက်တယ်။ အဘွားဆီ ကျမရောက်တော့ အဘွားကကျမ ဘဝအကြောင်းကို မေးတယ်။ ကျမကပြောတော့ နားထောင်ပြီး “ငါ့သမီးစာရေးပါလား၊ ငါ့သမီးတို့ ဘဝတွေက စာရေးဘို့ကောင်း” လို့တွန်းအား ပေးခဲ့တယ်။ ကျမကိုစာပေ မျိုးစေ့ချပေးတာ အဘွား လူထုဒေါ်အမာပါ။
ကျမပထမဆုံး ဆောင်းပါး ပြိုင်ပွဲဝင်ခဲ့တာ(၁၉၉၉) ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့ မြန်မာနိုင်ငံအမျိုးသမီး များနေ့။ အဲဒီပြိုင်ပွဲမှာပထမရခဲ့တယ်....။ မှတ်မှတ်ရရ စာမူကို ဒေါက်တာသန်းငြိမ်းဇနီး အန်တီဒေါ်ခင်အေး ကဖတ်ပြပါတယ်။ ကျမဆောင်းပါးကိုနားထောင်ပြီး ဘဘဦးတင်ဦးက ကျမကိုလက်ဆွဲ နှုတ်ဆက်တယ်။ ဘဘတို့ ကိုကိုးကျွန်းနဲ့ ပတ်သက်တဲ့ သမိုင်းတရားခံပါလို့ ကြေကြေကွဲကွဲ ပြောခဲ့တယ်။ ဘဘဦးတင်ဦး ကိုအဲ့လို ရိုးသားတဲ့ စိတ်ထားတွေကြောင့် သိပ်ကိုလေးစားကြတာပါ။
ကျမကို စာပေစင်မြင့် တင်ပေးခဲ့သူက ဒေးဒရဲဦးမြတ်ဆွေနဲ့ ဆရာနတ်နွယ်ပါ။ ကျမရဲ့ထောင်ဝင်စာ ခရီးဖြတ်သန်းမှု ဘဝအချို အခါးတွေ၊ ထောင်ဝင်စာ သွားခဲ့ရတဲ့လမ်းခရီး၊ သဘာဝတရားနဲ့ လူနဲ့တိုက်ပွဲ၊ အုပ်စိုးသူနဲ့ ဖိနှိပ်ခံပြည်သူ ကျမရဲ့တိုက်ပွဲတွေ။ ခင်ပွန်းနဲ့သားကို တလှည့်စီလွမ်းရတဲ့ အလွမ်းတွေကို ခံစားပြီးရေးတဲ့ ဆောင်းပါး၊ ဝတ္တု၊ အက်ဆေးတွေက ကျမနှလုံးသွေးတွေနဲ့ ရေးခဲ့တာပါ။ ထောင်ဝင်စာသွား တွေ့တဲ့ခရီးမှာ မဟာမြိုင်ထဲမှာ ကားပျက်တာ တောထဲ(၃)ရက် ကြာတယ်။ တောတောင်ထဲမှာကျမက
ထောင်ထဲကခင်ပွန်းနဲ့ ရန်ကုန်သားကို တလှည့်စီလွမ်းပြီး “ကောင်းကင်က လမင်းကို တမိုးအောက်မှာ
မိသားစု အတူကြည့်ခွင့် ကြုံပါရစေ” ဆိုပြီးလမင်းကို ကြည့်ဆုတောင်းဖူးပါတယ်။ အဲဒီစာသားလေး စာပေစီစစ်ရေးမှာ မျက်စိလည်ပြီး လွတ်ခဲ့တယ်။
မေး..။
ဆရာမရဲ့ မိသားစုဘဝ တစိတ်တပိုင်း အကြောင်း စာဖတ်ပရိသတ်ကို မျှဝေပေးပါရှင်။ ဆရာမရဲ့မိသားစု
ဘဝကို ဘယ်လိုစပြီး တည်ဆောက်ခဲ့လဲ.။
ဖြေ..။
ကျမတို့မှာ ညီအကိုမောင်နှမ လေးယောက်ရှိတယ်။ ကျမကသမီးအကြီးဆုံးပါ။ သမီးအကြီးပီပီ အိမ်ရဲ့တာဝန်ကို ကျမထမ်းရွက်ခဲ့ရတယ်။ ဖေဖေဒုတိယအကြိမ် အဖမ်းခံရတဲ့ အချိန်မှာ ကျမငယ်ငယ်ရွယ်ရွယ်နဲ့ စာသင်ခန်းကို ကျောခိုင်းခဲ့ရတယ်။ ကျမငယ်ငယ်ထဲက အဖြူအစိမ်းဝတ် ကလေးတွေကို မြင်ရင်မျက်ရည်စို့တဲ့ အထိ ကျောင်းနေချင်ခဲ့တာ။
ကျမမေမေ သတ္တိခွန်အားတွေကို ကျမ ရခဲ့တယ်လို့ ပြောရမယ်။ မေမေက သာမာန်ကျေးတောသူ ဆိုပေမယ့် ဘဝကို ရဲရဲရင်ဆိုင် ပြီးဖေဖေ့ပါရမီ ဖြည့်ပေးခဲ့တယ်။ ကျမခင်ပွန်းဆီ ထောင်ဝင်စာသွားတွေတဲ့ အချိန်ဆို သားငယ်လေးကို မေမေ စောင့်ရှောက်ခဲ့ရတယ်။ ကျမရဲ့ ဒုက္ခကို ကျမမေမေတဝက်မျှခံ ခဲ့ရတယ်။ ကျမခရီးထွက်ခါနီး ဝတ်တဲ့အကျီင်္ကို သားကဘယ်တော့ အလျှော်မခံဘူး။ ဘွားဘွားရယ် မေကြီးအကျီင်္ကို မလျှော်ပါနဲ့ မေကြီးကိုယ်နံ့နဲ့ သားအလွမ်းဖြေရတာတဲ့။ လောကဓံကိုရင်စီးခံတဲ့ မေမေ သူ့မြေးစကားနဲ့ မျက်ရည်ကျခဲ့တယ်။
ကျမခင်ပွန်းနဲ့ ကျမယုံကြည်ချက် တူတဲ့အတွက် (၁၉၉၂)မှာ လက်ထပ်ဖြစ်တယ်။ သူရိုးသားတယ်၊၊ ပွင့်လင်းတယ်။ ကျမတို့ နှစ်ယောက်စလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေပါဘဲ။ နိုင်ငံရေးသမား တယောက်ရဲ့ ဘဝခရီးကတော့ ဆင်းးရဲပင်ပန်းမှုတွေပဲ လောက လက်ဆောင်ရခဲ့တာ။ သားလေးကို (၁၉၉၃)ဒီဇင်ဘာ (၁၅)ရက်မှာမွေးခဲ့တယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကိုရေးဖို့သားကိုပါဝင် စေချင်ပါတယ်။ ဒါကကျမတို့ ဇနီးမောင်နှံရဲ့ ဘဝပါပဲ။
မေး..။
ဆရာမရဲ့ အမျိုးသားနိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့အချိန်မှာ ဆရာမဘယ်လို ခံစားခဲ့ရလဲ။ မိသားစုကိုလည်း ဆရာမတယောက်တည်း ဘယ်လိုဦးဆောင်ခဲ့ပါသလဲ။
ဖြေ..။
(၁၉၉၈) ဖေဖော်ဝါရီ(၁၈)ရက် မှာအဖမ်းခံရတဲ့ ခင်ပွန်းသည်ကို ထောင်ဒဏ်(၁၄)နှစ်နဲ့ ကလေးအကျဉ်းထောင် ကိုပို့လိုက်တယ်။ အဲဒီအချိန်မှာ ပြစ်ဒဏ်အများဆုံးနဲ့ နယ်ဝေးထောင်တွေ ပို့တာပထမဆုံးပါဘဲ။ ကျမတို့ ဘဝမှာ ငြိမ်သက်ချင်းမရှိဘူး။ အသစ်အသစ်တွေက တခုမဟုတ် တခုပြောင်းလဲနေတယ်။ ပင်ပန်းဆင်းရဲ တာကို စာဖွဲ့ရင်တောင် ပီပြင်မှာ မဟုတ်ဘူး။ ထောင်ဝင်တခါမှ မတွေ့ရဘဲ နယ်ဝေးထောင်ကို တခါတည်းတန်း ပို့လိုက်တယ်။ သားလေးနဲ့ ကျမဘဝရဲ့ ရှေ့ခရီး။ ခင်ပွန်းကိုစိုးရိမ်တဲ့ ကျမသောကမီးကို မေလရဲ့နွေအပူ
ကမှီမယ် မထင်ပါဘူး။
၁၄နှစ်ဆိုတဲ့ ထောင်ဝင်စာ ခရီးအတွက်ကျမတို့ နေတဲ့အိမ်ကို ၁၅ကျပ်တိုးနဲ့ပေါင်ပြီး၊ ဘယ်တုံးက မရောက်ဘူးတဲ့ ဝန်းကျင်သစ်မှာ ထောင်ဝင်စာတွေ့ရင်း ဈေးရောင်းခဲ့ရတယ်။ အချိန်၂၀၊ ၃၀ပိသာ ကိုစက်ဘီးနဲ့တင်ပြီး ကလေးမြို့နယ် ကျေးရွာအနှံ မျှင်ငပိရောင်းခဲ့ရတယ်။ ဒီလောက်ဝေးတဲ့နေရာ ကိုအပါတ်စဉ် ထောင်ဝင်စာ တွေ့နိုင်တာဘယ်သူ အကူအညီရလဲဆိုပြီး ကလေးမြို့နယ် ထောက်လှမ်းရေးတပ်မှူး ဦးစိုးမြင့်ကကျမကို စစ်ကြောရေး ဝင်ခြိမ်းခြောက်ခဲ့တယ်။ ကျမငပိရောင်း တဲ့နောက် ထောက်လှမ်းရေးက အမြဲလိုက်ကြည့်တယ်။ အဲဒီလိုအာဏပိုင်ရဲ့ ဖိအားပေးခံရမှုကြောင့် ကလေးမြို့လူထုက ငပိကိုလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အားပေးကြတယ်။ အဲဒီအတွက် ကလေးမြို့သူမြို့သား များကို အမြဲအမှတ်ရ ကျေးဇူးတင်ရပါတယ်။ ကျမကို ကလေးမြို့လူထုက အမြဲစောင့်ရှောက်ခဲ့တာပါ။
မေး..။
ဆရာမ ပြည်ပထွက်လာဖို့ ဘယ်လိုအကြောင်း တွေကြောင့် ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ..။
နိုင်ငံရေးကို အသွေးသားလို တန်ဘိုးထားတဲ့ ခင်ပွန်းသည်က ထောင်ထဲမှာ(၄၀၁) ကိုလက်မှတ်ထိုးဖို့ အကြိမ်ကြိမ် ငြင်းခဲ့တယ်။ (၄၀၁)ဆိုတာ နောက်နောင် နိုင်ငံရေးမလုပ်ပါဘူးလို့ ဝန်ခံကတိထိုးရတာပါ။ ထောင်ဆိုတာ မနေသင့် မနေအပ်တဲ့နေရာ။ ဒါပေမယ့် သူ့ယုံကြည်ချက်ကို အပွန်းမခံဘူး။ (၂၀၀၅)မှာ လွတ်လာတော့လည်း နိုင်ငံရေးသူ ဆက်လုပ်တယ်။ ထောင်ဒဏ်၁၂နှစ်နဲ့ မအူပင်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသမား ကိုခင်မောင်ဝင်းနဲ့ ခင်ပွန်းသည်က အမှုတွဲပါ။ ကိုခင်မောင်ဝင်းကို ဖမ်းပြီးမကြာခင်မှာ ခင်ပွန်းသည် လွတ်မြောက်တဲ့ နေရာကို ပြေးရပါတယ်။ ကိုခင်မောင်ဝင်းကို အမိန့်ချမယ့်နေ့ တရားခွင်မှာ လက်မှတ်ထိုးခဲ့တဲ့ သူ့ချစ်သူ မပန်းဝါကကျမရဲ့ တူမပါ။ ကျမတို့ရဲ့ ဘဝလုံခြုံမှုကို မိသားစုချစ်ချင်း မေတ္တာတွေနဲ့ လဲလှယ်ခဲ့ ရပါတယ်။ ပြည်ပကို ထွက်လာဖို့ ကျမကို ဘဝကေ၇ွးချယ်လိုက်တာပါ။
မေး..။
မြန်မာနိုင်ငံမှာ ရှိတဲ့စာရေးဆရာ၊ ဆရာမတွေကိုရဲ့ ဘဝကိုဘယ်လိုမြင်လဲ။
ဖြေး.။
ကျမတို့ မြန်မာနိုင်ငံက ရသစုံတယ်။ အလင်္ကာစုံတယ်။ နွေ၊မိုး၊ဆောင်း၊ စုံပြီးလွမ်းစရာ ပေါတဲ့နိုင်ငံပါ။ အနုပညာသမားဆိုတာ ကိုယ့်ပတ်ဝန်းကျင် ရိုက်ခတ်လာတဲ့ ခေတ်စနစ်ရဲ့ ခံစားပြီး နှလုံးသားနဲ့အနုပညာ ကို တည်ဆောက်ကြတာပါ။
စာပေလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့် မရှိတဲ့ ကျမတို့မြန်မာနိုင်ငံမှာ စာရေးဆရာတွေရဲ့ ဘဝက ကြိုးတန်း လမ်းလျှောက် နေရသလိုပါပဲ။ အာဏာရှင်ကို ထိခိုက်ဖို့ဝေး ထိခိုက်မယ်ထင်တဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္တု၊အကုန်လုံး စာဖြုတ်ခံရတယ်။ စာပေစိစစ်ရေး လွတ်ပြီး မဂ္ဂဇင်းထွက်မှသူတို့ မကြိုက်တဲ့ကဗျာ၊ ဆောင်းပါး ၊ ဝတ္တုပါသွားရင် ရေးတဲ့ကလောင် အပိတ်ခံရပြီသာမှတ်။
ဒီတော့ စာရေးဆရာတွေ၊ အနုပညာသမားတွေက နိမိတ်ပုံတွေနဲ့ စာဖတ်သူတွေကို တင်ပြ၊ စာဖတ်သူကလည်း အားစိုက်တွေးယူဖတ်နဲ့ အသားကျနေပြီး ဝာမိုးထားတဲ့ စာပေစိစစ်ရေး အောက်စာရေးဆရာတွေ တထိတ်ထိတ်နဲ့ အနုပညာ ဖန်တီးနေရတာ သနားစရာကောင်းပါတယ်။ အဲဒီဓားအောက်ကပဲ ခေတ်စနစ် တွေကို ကျမတို့ ဂုဏ်ယူရမှာပါ။
မေး..။
ဆရာမရဲ့မျှော်လင့်ထားတဲ့အဖြစ်ချင်ဆုံးဆန္ဒလေးကိုသိပါရစေ..။
ဖြေ..။
ကျမတို့ မြန်မာပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ လိုချင်ပါတယ်။ ကျမတို့ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲတွေ၊ အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေနဲ့ အကျဉ်းကျ မိသားစုတွေ့ရဲ့ ဒုက္ခဆင်းရဲတွေ လွန်မြောက်မယ်။ မိသားစု ချစ်ချင်းတရားကို ခွဲခွာခြင်းဆိုတာ မရှိတော့ဘူး။
မထင်မရှားနဲ့ မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေး အတွက် အသက်တွေ စတေး၊ ဘဝတွေ စတေးခံရတဲ့ ရဲဘော်တွေနဲ့ သူ့မိသားစု တွေကိုလည်း စုံစမ်းမေးမြန်း ကူညီစောင့်ရှောက် ပေးချင်ပါတယ်။ ကျမချစ်တဲ့ အမိမြန်မာပြည်ကြီးမှာ ပြည်သူလူထုနဲ့ အတူလျှောက်ခွင့် ရချင်ပါတယ်။ ဒါကျမဆန္ဒအမှန်ပါပဲ။ အဲဒီဆန္ဒတွေ တကယ်ဖြစ်အောင် ကျမတို့ကြိုးစားသွားမယ်။
ကျမ ချိုးလင်းပြာ အတွက် အင်တာဗျူးခံရတာကို ဝမ်းမြောက် ဂုဏ်ယူတယ်ဆိုတာပြောပါရစေ။ ချိုးလင်းပြာမှ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ကျမမြတ်လေးငုံ ကိုယ်တိုင် အမကြီးမသန္တာကိုလဲ ထောင်ဝင်စာ အတွေ့အကြုံနဲ့ သူ့ခင်ပွန်း ကိုနေဦးကိုလဲ မေးမြန်းပြီး ထပ်မံ ဖော်ပြ ပေးပါအုံးမယ်..။ မသန္တာဆိုတာ ကျမတို့ အမကြီးတယောက်ပါဘဲ။ သိပ်ကိုလေးစားဘို့ ကောင်းတဲ့သူရဲ့ စိတ်ဓာတ်ကို ကျမဂုဏ်ပြုချင်လို့ ပြန်တင်ပြ ပေးထားချင်း သာဖြစ်ပါတယ်..။
မျှဝေခံစားနိုင်ပါစေရှင်..။
မြတ်လေးငုံ..။