24 August 2009

*လူသား ဒေါင်းလေးများ အကြောင်း*

လူသား ဒေါင်းလေးများအကြောင်း ကိုစိတ်ဝင်စား လို့သေချာလေ့လာ ပြီးတင်ပြလိုက်ပါတယ်ရှင်။
ကျမတို့ ပတ်ဝန်းကျင်မှာ ဒေါင်းလေးတွေ မွေးတယ်ဆိုတာကြားဘူးကြမှာပါ၊သိပ်အံ့သြ မသွားပါနဲ့.
တကယ်တော့ လူသားတယောက်ပါဘဲ။

တနည်းအားဖြင့် ဒေါင်းစင်ဒရုန်း ( Down's Syndrome ) လို့ခေါ်တဲ့ မျိုးရိုးဗီဇဖွဲ့
စည်းပုံနဲ့ပက်သက်ပြီး ဝေဒနာခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ။ဒီလို ဝေဒနာရှင်ကလေးငယ်လေးတွေဟာ လူသားတစ်ယောက် ၊ ကလေးတစ်ယောက်အနေနဲ့
အပြည့်အ၀ ရပ်တည်ခွင့်မရကြပါဘူး ။ သူတို့လေးတွေမှာ မွေးရာပါ ရောဂါတစ်ခုကိုပါ လောကထဲသယ်ဆောင်လာခဲ့ရပြီး ၊ အခြားသော ရောဂါတွေကလည်း သူ့ဘ၀လေးကို
ချွေဖျက်ဖို့ အသင့်စောင့်ကြိုနေပါတယ်။ ဒီလိုကံတရားရဲ့ မျက်နှာသာပေးမခံရတဲ့
ကလေးငယ်လေးတွေရဲ့ ဘ၀လေးတွေဟာ အလွန်သနားဖို့ကောင်းပါတယ်။
ဒါကြောင့် သနားစရာ ဒေါင်းလေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

ဒေါင်းစင်ဒရုန်း ( Down's Syndrom )ဆိုတာ မျိုးရိုးဗီဇနဲ့ပက်သက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ၊
ရောဂါခံစားနေရတဲ့ ကလေးငယ်တွေဟာ သာမန်ကလေးငယ်တွေထက် ဥာဏ်ရည်ဥာဏ်သွေး ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှေးကွေးပါတယ်။ ဒါ့အပြင် အခြားသော မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်တွေလဲ ပါရှိလာတတ်ပါတယ်။ ဒီရောဂါအကြောင်းကိုလေ့လာမယ်ဆိုရင် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို သိရှိထားဖို့လိုအပ်ပါတယ်။

မိခင်ရဲ့ အသက်အရွယ်ဟာလည်း ဒေါင်းလေးတွေမွေးဖွားဖို့အတွက် အချက်တစ်ချက်အနေနဲ့
ပါဝင်ပါတယ်။မိခင်အသက် ၂၀ မှ ၂၄ နှစ်အတွင်းတွင် ကလေး ၁၄၉၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက်ပါရှိနိုင်ပါတယ်။မိခင်အသက် ၃၀ တွင် ကလေး ၉၀၀
မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိနိုင်ပါတယ်။မိခင်အသက် ၃၅ ကျော်လျှင်
ကလေး ၄၀၀ မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိနိုင်ပါတယ်။
မိခင်အသက် ၄၀ တွင် ကလေး အယောက် ၁၀၀ မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် မိခင်ရဲ့ အသက်ကြီးလာတာနဲ့အမျှ ဒေါင်းကလေးငယ်များမွေးနိုင်တဲ့ နှုန်းဟာလည်းပိုများလာပါတယ် ။

ဒေါင်းလေးတွေကို ကြည့်မယ်ဆိုရင် သိသာထင်ရှားတာကတော့ မျက်နှာအနေ
အထားပဲဖြစ်ပါတယ်။ မျက်နှာမြင်ရုံနဲ့ ဒေါင်းလေးမှန်းသိသာပါတယ်။
ထင်ရှားသောအချက်တွေကတော့ -
၁။ ခေါင်းဟာ သာမန်ထက်သေးငယ်ပါတယ် ( Microcephaly )
၂။ နောက်စေ့ဟာ ပြားနေပါတယ် ( Flattened Occiput )
၃။ နှာခေါင်းရိုးပြားနေပါတယ် ( Flattened Nasal Bridge )
၎။ပါးစပ်ပေါက်ကသေးငယ်ပြီး လျှာက ကြီးမားနေသောကြောင့် လျှာက ပါးစပ်ရဲ့အပြင်ကို ထွက်နေတတ်ပါတယ် ( Protruding Tongue )
၅။ မျက်လုံးအနေအထားပြောင်းလဲခြင်း ( Upward Slanting Eyes )
၆။ လက်ချောင်းလေးများ တိုတုတ်ပြီး ၊ လက်ဖ၀ါးတွင် အရေးကြောင်း( Palmar Crease )
တစ်ခုသာပါရှိပါတယ။် ( Simian Crease ) လို့ခေါ်ပါတယ်။
၇။ ခြေမနဲ့ ခြေညှိုးကြားအကွာအဝေး ကျယ်နေတတ်ပါတယ်။ ( Sandle Gap )
၈။ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပုပါတယ် ။
၉။ ကြွက်သားများဟာ သာမန်ထက် တင်းအားလျှော့နည်းနေတတ်ပါတယ်။ ( Hypotonia )

ဒေါင်းလေးများတွင်အောက်ဖော်ပြပါ ရောဂါများကိုလဲ ဆက်စပ်တွေ့ရှိရတတ်ပါတယ် ။
၁။ မွေးရာပါ နှလုံးရောဂါများ ( Heart Defect ) ။ အထူးသဖြင့် နှလုံးအတွင်းခန်းနံရံတွင်
ပေါက်များပါခြင်း ။ ( Atrial Septal Defect , Ventricular Septal Defect )။
၂။ မွေးရာပါ အစာလမ်းကြောင်းပိတ်ကျဉ်းမြောင်းခြင်း
(ဥပမာ- Esophageal Atresia အစာရေမြိုပြွန်ကျဉ်းခြင်း )
၃။ လူကီးမီးယား ( Leukemia ) ရောဂါဖြစ်ပွားနိုင်ခြင်း ။
၎။ ကိုယ်တွင်းခုခံအား စနစ် ( Immune System ) မကောင်းသောကြောင့်
ကူးစက်ရောဂါများ ၀င်ရောက်နိုင်ခြင်း ။
၅။ မျက်စိ ၊ နား အကြား၊ အမြင် ချို့ယွင်းခြင်း ။

ဒေါင်းရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ခြင်းမရှိပါ ။ လိုအပ်သော ကျန်းမာရေးဆိုင်ရာ
ထောက်ပံ့မှုများကို သာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်ကို
ပြုစုစောင့်ရှောက်ဖို့အတွက် တတ်ကျွမ်းသော သက်ဆိုင်ရာပညာရှင်များပူးပေါင်း
ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥပမာ- ကလေးအထူးကုဆရာဝန်များ ၊
မျက်စိနားနှာခေါင်းအထူးကုဆရာဝန်များ ၊ အစာလမ်းကြောင်းဆိုင်ရာ ဆရာဝန်များ ၊ စကားပြောရာတွင်နှေးကွေးတတ်သောကြောင့် Speech Therapist များ ၊
ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးမှုအတွက်Physiotherapist များ ၊ အသက်မွေးဝမ်းကြောင်းအတွက်
သက်ဆိုင်ရာ Therapist များ ၊ လူမှုရေးအဖွဲ့အစည်းများ အစရှိသော အတတ်ပညာရှင်များ ပူးပေါင်းဆေင်ရွက်ဖို့လိုအပ်ပါတယ်။ အခြားသော မွေးရာပါရောဂါများ ၊
ဆက်စပ်ဆင့်ပွားရောဂါများအတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်း
ဆောင်ရွက်ကုသပေးနိုင်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှုများကိုလည်း လိုအပ်သလို လုပ်ဆောင်စစ်ဆေးနေရမှာဖြစ်ပါတယ်။

ဒီရောဂါကို မိခင်ဝမ်းအတွင်းရှိနေစဉ်ကာလကတည်းက သိပ္ပံနည်းကျ
ကြိုတင်စစ်ဆေးသိရှိနိုင်ပါတယ်။ ဒေါင်းကလေး တစ်ယောက်မွေးဖူးသော
မိခင်များအနေဖြင့် နောက်ကလေးတစ်ယောက်မယူခင်မှာ မျိုးရိုးဗီဇဆိုင်ရာ
ကျွမ်းကျင်သူ ( Genetic Counselor ) နှင့်တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် Down's Syndrome ကလေးငယ်များဟာ မွေးရာပါ
ရောဂါတွေကို ခံစားနေကြရတဲ့ သာမန်ကလေးငယ်လေးတွေသာဖြစ်ပါတယ်။
သူတို့လေးတွေမှာ သာမန်ကလေးတွေထက် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်တိုးတက်မှု
နှေးကွေးသော်လည်း သာမန်ကလေးများကဲ့သို့ လှုပ်ရှားမှုများ
( အားကစား ၊ စာသင်ကြားခြင်း ၊ ဂီတအနုပညာ ) တွင် စိတ်ပါဝင်စားပြီး
ဆောင်ရွက်နိုင်ကြပါတယ်။ သူတို့ရဲ့ ဘ၀တိုးတက်ရှင်သန်ဖို့ဆိုတာ
လူအများကြီးပေါ်မှာမှီခိုနေကြရပါတယ်။ ဒါကြောင့် ဒီသနားစရာကောင်းတဲ့
ကလေးငယ်လေးတွေဘ၀ သာယာစေဖို့ အားလုံးဝိုင်းဝန်းကူညီနိုင်ကြပါစေလို့
တိုင်တွန်းလိုက်ရပါတယ်ရှင်။

ကျမ သားကို ကျောင်းပို့တိုင်း သားတို့ကျောင်းမှာ သူတို့လေးတွေကို တွေ့ရတယ် (၃)ယောက်
လောက်ရှိပါတယ်။ ကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ပါတယ်၊ သူတို့လေးတွေကို
ကျမသိပ်စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့်လဲ သူတို့အကြောင်းလေးတွေကို
အမှတ်တရ ရေးသား တင်ပြရင်နဲ့ နားခွင့်ပြုပါရှင်။

မျှဝေခံစားနိုင်ကြပါစေ.

*မြတ်လေးငုံ*