24 August 2009

*ကိုယ့် အတွက်*

ကျမ အတွက် လိုအပ်မယ် ထင်လို့သတိရနေရအောင် တင်ထားရင်နဲ့ လူတိုင်းအတွက်လဲ လိုအပ်မယ်ထင်ပါတယ်။ လူအသိုင်းအဝိုင်းနဲ့ ပတ်သက်နေသမျှ လိုအပ်နေမှာပါ။

"ကိုယ့်အတွက်" လို့ စဉ်းစားမိတာနဲ့တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း
ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားပေးသင့်တယ်။ ဒါတွေက ကြင်နာ၊ ယဉ်ကျေးတဲ့အပြင်
တစ်ဖက်လူကို လေးစားရာလည်းရောက်တယ်။ လင်မယားကြားမှာ ဒါကိုပိုအလေးထားသင့်တယ်။

လူ့ဘဝမှာ နေသာရက်၊ မိုးအုံ့ရက်တွေရှိတယ်။ နေသာတယ်ဆိုတိုင်း အမြဲတမ်းနေသာနေမှာ မဟုတ်ဘူး။ တစ်ခါတလေ မိုးကြီးလေကြီးလည်း ကျတတ်တယ်။ မိုးမိသွားတဲ့လူကို လက်ညှိုးထိုး ဟားတိုက်မရယ်ပါနဲ့။ ထီးတစ်ချောင်းနဲ့ သူ့ကိုအကာအကွယ်ပေးလိုက်ပါ။

ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမူမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။

ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဥာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဥာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး။

အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ်။

နေ့စဉ်လူ့ဘဝကို သနားကြင်နာခြင်းတွေနဲ့ လှည့်ပတ်နေသင့်တယ်။
လူ့ဘဝ တစ်ခါပဲ ရနိုင်ပါတယ်။ တစ်ထောက်နားတာ ပိုရှည်တဲ့ ဘဝခရီးကို လျှောက်လှမ်းဖို့ပါ။
ကိုယ့်ဘဝ အနားယူချိန် မရှိဘူးလို့ မငြီးငြူပါနဲ့။
တစ်လမှာ တစ်ရက်လောက် စိတ်ရောကိုယ်ပါ အနားယူဖို့ ကိုယ့်ကိုအားလပ်ချိန်ပေးပါ။

လူ့ဘဝရဲ့ အကြီးမားဆုံး ဖိအားက စိတ်ဖိအားပဲဖြစ်တယ်။
ကိစ္စတစ်ခုကို ကိုယ်လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ ကိုယ့်ကို ယုံကြည်တဲ့အချိန် တောင်တောင်မြောက်မြောက် စဉ်းစားမနေပါနဲ့။ ကိုယ့်စိတ်ကို ဖိအားမပေးဘဲ လုပ်လိုက်ရင် ဒါဟာ ကောင်းသောအစပျိုးခြင်း ဖြစ်လိမ့်မယ်။ နောက်ဆုံးမှာ ကိစ္စတွေက ကိုယ်ထင်သလောက် မခက်ခဲဘူးဆိုတာ သိရလိမ့်မယ်။

တစ်ချို့က အလုပ်လုပ်ဖို့အတွက် အသက်ရှင်တယ်။
တစ်ချို့က စိတ်ကူးအိပ်မက်ကြောင့် အသက်ရှင်တယ်။
တစ်ချို့က ငါဘာလို့ အသက်ရှင်နေရလဲဆိုတဲ့ အဖြေကိုရှာရင်း အသက်ရှင်တယ်။
တစ်ချို့က သတ္တိနဲ့ အသိဥာဏ်ကိုမှီပြီး အသက်ရှင်တယ်။

ဘာဖြစ်လို့ စိတ်တို ဒေါသထွက်ရသလဲ? ကားကြပ်လို့? တန်းစီလက်မှတ် ဝယ်ရလို့? သူငယ်ချင်းတွေနဲ့ ငြင်းခုန်လို့? အရောင်းစာရေးမ အချိုးမပြေလို့?

စိတ်တိုဒေါသ မထွက်ခင် ဘယ်အရာတွေကမှ တကယ့်စိတ်တိုဒေါသ ထွက်သင့်တဲ့ အရာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ- လူမမယ်ကလေးတွေ ညှင်းပမ်းနိုက်စက်ခံရတာ၊ ပြည်သူလူထု ဆင်းရဲငတ်ပြတ်တာ၊ စစ်ပွဲနဲ့ မငြိမ်းချမ်းမှု.... စတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အထက်က အရာတွေနဲ့ ကိုယ်ဒေါသထွက်ဖို့ မသင့်ပါဘူး။ ဒေါသထွက်သင့်တဲ့အရာပေါ် ကိုယ့်ဒေါသစိတ်တွေ မကျရောက်ခင် ဒီလိုအခြေအနေအတွက် ကိုယ်ဘာများ လုပ်ပေးနိုင်မလဲလို့ အရင်စဉ်းစားပါ။

ချစ်ခြင်းမေတ္တာရှိမှ ဒီကမ္ဘာကြီး ပိုလုံးဝန်းမယ်။
ချစ်ခြင်းမေတ္တာရှိမှ ထူးဆန်းအံ့သြမှုတွေကို ဖန်တီးနိုင်မယ်။
တခြားလူရဲ့ ကောင်းကွက်ကိုမြင်မှ ကိုယ့်ရဲ့ကောင်းကွက်ကို မြှင့်တင်နိုင်မယ်။
တခြားလူကို အကောင်းပြောမှ သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးတွေ ပိုကောင်းနိုင်မယ်။
ချစ်ခြင်းမေတ္တာက အရာအားလုံးရဲ့ မောင်းနှင်အားဖြစ်တယ်။

မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။

ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။
စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါ နာကျင်အောင် ခံစားရတယ်။ အဲဒီနာကျင်မှုကို သင်အလဲထိုးမလား...? နာကျင်မှုက သင့်ကို အလဲထိုးတာကို ခံမလား...?

လူ့ဘ၀ဆိုတာ တိုတိုလေး။ ခဏတာအချိန်လေးမှာ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ ဘာတစ်ခုမှ ချန်မထားခဲ့နဲ့။ ရီချင်ရင် ရီပစ်လိုက်၊ ငိုချင်ရင် ငိုပစ်လိုက်၊ ချစ်ချင်ရင် ချစ်ပစ်လိုက် ဘယ်ဖိအားနဲ့မှ ကိုယ့်ကို ထိန်းချုပ်မထားလေနဲ့။

ကိုယ်အခုလုပ်နေတာတွေ ဘယ်ဟာက အမှန်လဲ... ဘယ်ဟာက အမှားလဲ မသိဘူး။ ကိုယ်အိုမင်းလို့ သေဆုံးခါနီးမှ အမှား၊ အမှန်ကို သိနိုင်တော့မယ်။ ဒါကြောင့် အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အိုမင်းသေဆုံးသွားမဲ့ အချိန်ကိုစောင့်ပါ။

လူတစ်ချို့က မိုက်ရိုင်းမယ်။ လူတစ်ချို့က ကောက်ကျစ်မယ်။ သူတို့နေရာမှာ ၀င်ရောက်ခံစားကြည့်မှ သူတို့ဟာ ကိုယ့်ထက် သနားစရာကောင်းမှန်းသိတယ်။ ဒါကြောင့် လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိုယ်ကြုံဖူး ဆုံဖူးသူကို နားလည်ခွင့်လွတ်ပါ။

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ၊ လုပ်နေသမျှ အရာမရောက်တဲ့အခါ စိတ်ပန်း လူပန်းဖြစ်ပြီး စိတ်ဓာတ်တွေကျလာရင် ဒီလိုဟာမျိုးလေးတွေကို ကျွန်မ ဖတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဖြစ်တယ်။ ကျွန်မလို တစ်ခုခု ခံစားနေရသူများအတွက် မျှဝေလိုက်ပါတယ်။

ကျမ ဒီစာလေးတွေကို အင်တာနက် စာမျက်နှာတွေက ကြိုက်လို့ တင်ပေးလိုက်တာပါ၊ ကျမလိုဘဲဖတ်ပြီး ကြိုက်ကြမယ်လဲထင်ပါတယ်။

မျှဝေခံစားနိုင်ကြပါစေ.

*မြတ်လေးငုံ*