17 May 2013

NLD ရုံးကို ပအို့ဝ်ပြည်သူ့စစ်အဖွဲ့ လက်နက်ဖြင့်ဝိုင်း

လယ်ယာမြေ သိမ်းဆည်းထားမှုဖြင့်အငြင်းပွားနေသော တောင်ကြီးမြို့နယ်   မြွေတော်နန်းဟောင်း ကျေးရွာအုပ်စု မောက်စံကျေးရွာရှိ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ရုံးကို ပအို့ဝ်ပြည်သူ့ စစ်တပ်ဖွဲ့များက လက်နက် အပြည့်အစုံဖြင့် ဝိုင်းရံထားကြောင်း ယင်းဒေသခံများက မေလ ၁၆ ရက်နေ့တွင် The Voice သို့ ဆက်သွယ်ပြောကြားသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က နယ်မြေငြိမ်းချမ်းမှု မရှိ၍ လယ်ယာမြေ လုပ်ကိုင်ခြင်းမရှိသည့် မြေများကို ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်က တပ်စခန်းနယ်မြေ အဖြစ် သိမ်းယူထားရာ တောင်သူ လယ်သမား များက ဘိုးဘွားပိုင် လယ်ယာမြေနေရာများ ဖြစ်သည့်အတွက် လယ်ယာမြေ လုပ်ကိုင်ရန် ပြန်လည် တောင်းဆိုသဖြင့်NLD ပါတီက ဝင်ရောက်လုပ်ဆောင်ပေးရာက ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။

"မေ ၁၄ ရက်နေ့က ရွာသားနှစ်ယောက်ကို ဖမ်းတယ်။ ၁၅ရက်နေ့မှာ ရွာသားတွေ မကြောက်ဖို့ NLD က ဟောပြောတယ်။ ဟောပြောပွဲကို ရွာသားတွေ တော်တော်တက်တယ်။ ညဦးပိုင်းမှာတော့ ပအို့ဝ်ပြည်သူ့စစ် အယောက် ၃၀ လောက် NLD ဥက္ကဋ္ဌ ဦးထွတ်မောင်အိမ်ကို ဝိုင်းထားတယ်" ဟု ယင်းဒေသခံတစ်ဦး ဖြစ်သူ ဦးခွန်ထွန်းစိန်က ဆိုသည်။

ပအို့ဝ်ပြည်သူ့စစ် တပ်ဖွဲ့က ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်တို့ထံ အကြောင်းကြား ထားသော်လည်း အခြေအနေ ထူးခြားမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြွေတော်နန်းဟောင်း ကျေးရွာ အုပ်စုတစ်ဝိုက်တွင် ပအို့ဝ်ပြည်သူ့စစ်တပ် စခန်းများ မကြာခဏ စခန်းချလေ့ရှိသော ကြောင့် ရွာသားများက မှားယွင်းပြောဆို ခြင်းသာဖြစ်ပြီး NLD ရုံးကို ဝိုင်းခြင်းမှာ မဖြစ်နိုင်ကြောင်း ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် မှ ဦးခွန်ထွန်းဖေက ပြောကြားသည်။

"ရွာသားတွေက လယ်ယာပိုင်ဆိုင်ကြောင်း အထောက်အထားရှိရင် တရား ဥပဒေအတိုင်း ဆုံးဖြတ်တာ လက်ခံမယ်လို့ ပြောထားပြီးသားကို လယ်သမားတွေက တပ်ပိုင်နက်ထဲ လယ်ထွန်မယ်ဆိုပြီး ဝင်လာလို့ ပြဿနာမဖြစ်အောင် ထိန်းသိမ်းလိုက်တာပါ" ဟု ၄င်းကဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၏ တပ်စခန်း နယ်မြေအဖြစ် လယ်ယာမြေများကို ဧက ထောင်ချီ သိမ်းယူထားကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။