16 May 2013

'' ငြိမ်းချမ်းရေးထက် စစ်ရေးက အလေးသာနေသော မြန်မာ..."


 
မေလ (၁၄) ရက်နေ့ထုတ် TRUE NEWS WEEKLY မှ လူသာလင်း၏

'' ငြိမ်းချမ်းရေးထက် စစ်ရေးက အလေးသာနေသော မြန်မာ..." သတင်းဆောင်းပါးဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကားထင် ထားသကဲ့သို့ မြင်တတ်ခဲလှပါသည်။ ဆိုရလျှင် ပြင်ပကမ္ဘာမှ နားမလည်နိုင်သော နိုင်ငံတစ်ခု ဖြစ်နေဆဲပင်။ မတ်လစောစောပိုင်းတွင် ဥရောပသို့ အလည်အပတ် ခရီးသွားစဉ် မြန်မာ သမ်္မတ ဦးသိန်းစိန်က “နိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ မရှိတော့ပါဘူး။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြားမှာဖြစ်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေကိုကျွန်တော်တို့ အဆုံးသတ်ပစ်နိုင်ခဲ့ပါပြီ”ဟု အခိုင်အမာဆိုခဲ့ပါသည်။ သို့သော်ငြား ပြည်တွင်းတွင်မူ မြန်မာ့မြောက်ဖျားဒေသမှ ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နေဆဲ။ ရှမ်းပြည်နယ်တွင် မြန်မာအာဏာပိုင် များနှင့် ရှမ်းပြည်နယ် တပ်မတော် (အက်စ်အက်စ်အေ) တို့ ကြားရယူ ထားခဲ့သော ခနော်နီခနော်နဲ့ အပစ် အခတ်ရပ်စဲရေးကြားမှ ထိတွေ့တိုက် ခိုက်မှုများမှာ နေ့စဉ်နေ့တိုင်းလို ဖြစ် ပွားဆဲ။ ကရင်ပြည်နယ်တွင်လည်း ထိုင်းနိုင်ငံနှင့် နယ်ချင်းစပ်လျက်ရှိသော တောင်ကုန်းတောင်တန်းများတွင် အစိုးရတပ်များက စခန်းသစ်များ ပိုမိုရယူနေကြဆဲပင်။ သို့တစေ မြန်မာအစိုးရ၏အပြော နှင့် အလုပ်မညီမှုက အနောက်တိုင်း အန်ဂျီအိုအဖွဲ့များနှင့် ဉာဏ်ကြီးရှင် အဖွဲ့များ၏ အမျိုးမျိုးအထွေထွေသော ငြိမ်းချမ်းရေးအကျိုးဆောင် လုပ်ငန်း များကို အဟန့်အတား မဖြစ်စေခဲ့ပါ။ တစ်ချိန်တည်းတွင် သူတို့နှင့်လုံးဝမတူ သော အင်အားကြီးနိုင်ငံတစ်ခုဖြစ် သည့် တရုတ်နိုင်ငံကလည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ကြီးမှူးနေပြန် သည်။ နှစ်နိုင်ငံကြား နယ်စပ်ဖြတ် ကျော်ကုန်သွယ်ရေး လုပ်ငန်းအပေါ် အထူးထိခိုက်စေခဲ့သည့် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ လူမျိုးစု ပဋိ ပက်္ခများ ချုပ်ငြိမ်းသည်ကို မြင်လိုပါ ကြောင်း သွားလေသူ ၀န်ကြီးချုပ် ဟောင်းဝမ်ကျားပေါင်က မတ်၁၃ရက် တွင် ပြောခဲ့သည်။ တရုတ်နိုင်ငံအနေ ဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်ဦး ပြည်တွင်းရေကို တစ်ဦးမစွက်ဖက်ရေး အပါအ၀င် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ချက်အပေါ်တွင် အခြေခံ၍ မြန်မာနိုင်ငံနှင့်ချစ်ခင်ရင်း နှီးသော ပူးပေါင်းဆောင်ရွက်မှုဆက် ဆံရေးများကို ဆက်လက်ဖွံ့ဖြိုးတိုး တက်စေမည်ဖြစ်ကြောင်းလည်းဝမ်က အာမခံခဲ့သည်။ တကယ့်တကယ်တွင် တရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းရေး၌ ၀င် ရောက်စွက်ဖက်သော ရှည်ကြာသည့် သမိုင်းတစ်ခု ရှိခဲ့ဖူးပါသည်။ ပြန် ပြောင်းကြည့်ရှုလျှင် ၁၉၆၈ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ ယခုအချိန်တွင် မရှိတော့ပြီဖြစ်သော ဗမာပြည်ကွန်မြူနစ် ပါတီ သူပုန်တို့ကို စစ်ရေးအထောက် အပံ့အကြီးအကျယ် ပေးခဲ့ပါသည်။ သို့သော် ကျန်အာရှနိုင်ငံများ သို့ တော်လှန်ရေးကို တင်ပို့သည့် တရုတ် နိုင်ငံ၏ပေါ်လစီထက် ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ငြိမ်းချမ်းရေးအမှတ် တံဆိပ် တင်ပို့ရေးက ပို၍အောင်မြင် စရာရှိ ပါလိမ့်မည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုက တရုတ်နိုင်ငံအတွက် တိုက်ရိုက်အကျိုး စီးပွားဖြစ်နေသည်။ အထူးသဖြင့် ဒေသတွင်း ကျောက်စိမ်းရောင်းဝယ် ရေး၊ ဓာတ်သတ္တု တူးဖော်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ လက်လီ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်း များတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော ကချင်ပြည် နယ်တွင်ဖြစ်ပါသည်။ ပြဿနာ ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ နည်းလမ်းမှာအနောက် တိုင်းမှ ပါဝင် ပတ်သက်သူများ၏ “တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသို့ သွားသော သတိကြီးကြီးသိမ်သိမ်မွေ့မွေ့ ချဉ်းကပ်မှုနှင့် သိသိသာသာ ခြားနားပါသည်။ ကေအိုင်အေကို ဖိအားပေးပြီး မြန်မာစစ်တပ်များကို တရုတ်နယ်မြေထဲမှ ကွေ့ပတ်တိုက်ခွင့်နှင့် ရိက္ခာ ဖြည့်တင်းခွင့်ပေးခြင်းဖြင့် နေပြည်တော်အစိုးရကို မက်လုံးပေးခဲ့သည်။ ထိုသို့တစ်ဖက်က “မုန့်” ပြခဲ့သလို၊ အခြားတစ်ဖက်ကလည်း “တုတ်”ကိုပြခဲ့သေးသည်။ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော ဂျိန်းသုတေသန အဖွဲ့၏ ထောက်လှမ်းရေးသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး လူမျိုးစုတပ်ဖြစ်သော “၀ပြည်ညီညွတ်ရေး တပ်မတော် (UWSA) ”သို့ လူသယ်ဆောင်နိုင် သော လေကြောင်းကာကွယ်ရေး စနစ်များ (MANPADS) နှင့် UWSA ၏ ၂၃နှစ်ကြာသမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံလုပ်သံချပ် ကာယာဉ်များအပါအ၀င် စစ်အသုံး အဆောင်အမြောက်အမြား တရုတ်က ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။ UWSA သည် ၁၉၈၉ခုနှစ်က တည်းက မြန်မာအစိုးရနှင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ရယူခဲ့ရာ တရုတ်နယ်စပ်နှင့်ကပ်လျက် ၀ထိန်းချုပ်ထားရာ စတုရန်းကီလိုမီတာ ၂၀,၀၀၀ နီးပါးရှိ လူမျိုးစုဒေသ တွင် တရုတ်က မီးပွား ချရန် ရည်ရွယ်သည်ဆိုပါက အံ့အားသင့်စရာဖြစ်ပါလိမ့်မည်။ သို့သော် UWSA ကို လက်နက်အကြီးအကျယ် တပ်ဆင်ခွင့် ပေးလိုက်ခြင်းဖြင့် တရုတ်နယ်စပ်အနီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများ တိုးမြှင့်နေသော နေပြည်တော်ကိုအခိုင်အမာ သတင်းစကားတစ်ရပ် ပေးပို့ လိုက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့်ဖြစ် သော အနောက်နှင့်ဆက်ဆံရေးများ တိုးတက်ရန် မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မပျော်ပိုက်နိုင်ခြင်းမှာ ယခုအချိန်တွင် အများသိကြပြီ ဖြစ်သည်။ ကချင်ပြည်နယ် တွင်းရှိတရုတ် ကျောထောက် နောက်ခံပြုသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန် ဧရာမဆည်ကြီး တည်ဆောက်မှုကို ဆိုင်းငံ့ထားရန် ၂၀၁၁ ခုနှစ်စက်တင် ဘာလအတွင်း မြန်မာအစိုးရ၏ ဆုံး ဖြတ်ချက်နှင့်ပတ်သက်၍ ဘေဂျင်းမှာ မခံချိမခံသာ ဖြစ်နေဆဲပင်။ ထိုမှ ၂ လအကြာတွင် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင် တန်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာ၏ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးတွင် တရွေ့ရွေ့ ခွဲခွာမှုဖြစ်စဉ် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အနောက်ကလည်း စိတ်အားထက်သန်မှုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများကို ဖောဖောသီသီကတိ ပြုခဲ့သည်။ တစ်ချိန်တည်းတွင် တိုင်းရင်းသား လူမျိုးစုဒေသများရှိ မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဝေဖန်ချက်များမှာလည်း အနောက်တိုင်းအစိုးရများ၏ အစီအစဉ်မှ ပျောက်ချင်းမလှပျောက်ကွယ် သွားခဲ့လေတော့သည်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်၏ ပါဝင်ပတ်သက်မှုမှာ ဇန်န၀ါရီ ၁၉ရက်တွင် စတင်လာခဲ့ပြီး တရုတ် ကမကထပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာအကဲခတ်ရန် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ ညွှန်ကြားရေးမှူးချုပ် လျူ ကျောက်ဟွေကို ဘေဂျင်းကစေလွှတ်ခဲ့ သည်။ မတ် ၁၁-၁၂က ပြုလုပ်ခဲ့သော ဒုတိယအကျော့ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ၀မ်ယင်ဖန်တက်ရောက် ခဲ့ပြီး မြန်မာအစိုးရနှင့်ကချင် အစိုးရတို့ကြား နောင်လာမည့် ဆွေးနွေးပွဲများ အားလုံးကို ၀မ်က ကြီးမှူးသွားရန် တာဝန်ပေးထားခဲ့ကြောင်း ရွှေလီမှ သတင်းရပ်ကွက်များက ဆိုကြသည်။ ထိုသတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာအစိုးရနှင့် ခြွင်းချက်မရှိ အပစ် အခတ်ရပ်စဲရေး တစ်ခုရရှိရေး အတွက် ကေအိုင်အေကိုလည်း တရုတ်က အကြီးအကျယ် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံ ပါဝင်စွက်ဖက်လာခြင်းနှင့်အတူ နိုင်ငံခြားကြားဝင် ဖျန်ဖြေ ရေးအားထုတ်မှုများ၏ ဖြစ်နိုင်ခြေ အပေါ်တွင်လည်း သံသယပွားစရာ များ ဖြစ်ပေါ်လာခဲ့သည်။မြန်မာ့ငြိမ်း ချမ်းရေးဖြစ်စဉ်ကို လုပ်ငန်းစုကြီး တစ်ခုသဘော၊ အချို့ဆိုလျှင် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းတစ်ခုသဘောအဖြစ် ပြောင်းလဲပစ်ခဲ့ ကြသည့် အနောက်တိုင်းအဖွဲ့အစည်းများကလည်း တိုးတက်ပွားများလာခဲ့သည်။ ပထမဆုံး နော်ဝေကမကထပြုသော မြန်မာငြိမ်းချမ်းရေးအထောက်အကူအဖွဲ့ Myanmar Peace Support Initiative) ၏နောက်တွင် အလားတူအဖွဲ့များ တသီကြီး ပေါ်ပေါက်လာခဲ့သည်။ ဆွစ်ဇာလန်အခြေစိုက် Center For Humanitasion Dialog ဂျပန်မှ Nippon Foundation ၊ နောက် ဦးသိန်းစိန်အစိုးရက အလုံးစုံ ဖန်တီးထားသော မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှတစ်ဆင့် ဥရောပ သမဂ္ဂ ကမကထ ပြုသည့်အဖွဲ့များ ရောက်လာသည်။ ဆွီဒင်ဉာဏ်ကြီးရှင် အဖွဲ့တစ်ခုဖြစ်သောThe Institute For Security and Development Policy ကတိုင်းရင်းသားလူမျိုးစုအဖွဲ့များနှင့် “အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်မှု” အတွက်အီးယူမှငွေကြေး ထောက်ပံ့မှုရရှိထားစဉ်၊ ဖင်လန်အန် ဂျီအိုတစ်ခုဖြစ်သည့် Pxcta ကလည်း တစ်နည်းတစ်ဖုံ ပါဝင်ခဲ့ပြန်သည်။ ထို့ပြင်ဖနွမ်းပင် အခြေစိုက် Center for Peace and Conflict Studies ကလည်း မြန်မာနိုင်ငံတွင်း ငြိမ်းချမ်း ရေး တည်ဆောက်မှုအတွက် အခွင့် အလမ်း ရှာနေကြသည်။ လူပုဂိ္ဂုလ် အနည်းဆုံး ၆ဦးကလည်း သူတို့ကိုယ် ပိုင်တစ်ဦးချင်း အစီအစဉ်များဖြင့် ရောက်ရှိလာကြရာ ဤသို့သော ကြိုးပမ်းမှုအစုစုတို့ အတွက်ဒေါ်လာနှင့် ယူရိုငွေ သန်းပေါင်းများစွာရင်းနှီး မြှုပ်နှံထားကြသည်။ အကျိုးဆက်အားဖြင့် လုပ်ဆောင် ချက်များထပ်ကုန်ခြင်း၊ အဖွဲ့အစည်း အသီးသီးကြား အပြိုင်အဆိုင်ဖြစ်ခြင်း၊ ပဋိပက္ခ၏ အရင်းခံအကြောင်းများကို မဆုပ်ကိုင်မိကြသော အတွေ့အကြုံနည်းသည့် “ငြိမ်းချမ်းရေး အကျိုးဆောင်များ”၏ နားလည်မှုမရှိ ခြင်းတို့ဖြစ်ပေါ်ခဲ့ရသည်။ ဧပြီ ၂၂ ရက်တွင် ဘရပ်ဆဲ(လ်) အခြေစိုက် International Group (ICG) က ဦးသိန်းစိန်ကို နယူးယောက် နှစ်ပတ် လည် ငြိမ်းချမ်းရေး ညစာစားပွဲ၌ ငြိမ်းချမ်းရေးရှာဖွေသူ ဆုချီးမြှင့်ခဲ့ကြ သည်။ ဤဆုကို ပဋိပက်္ခဖြေရှင်းရေး ဦးတည်သူ ပြိုင်ဘက်များကြားတွင် နေပြည်တော်ကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ဝေဖန်သူတို့က ရှုမြင်ကြသည်။ အနောက်တိုင်းဖြစ်စေ၊ တရုတ်ဖြစ်စေ၊ လောလောဆယ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံ၏ မအောင်မြင် သော ငြိမ်းချမ်းရေးဆွေး နွေးပွဲများ၏ ရှည်ကြာသောသမိုင်းကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့ကြသည်။ လူမျိုးစုနှင့် နိုင်ငံရေးသူပုန် တပ်များ ၁၂ဖွဲ့နှင့်အတူ ကေအိုင်အေ သည် ၁၉၆၃ခုနှစ် ကကျင်းပသော ပထမဆုံး အကျယ်အပြန့် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးတွင် ပါဝင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲများ မှာ ၁၉၆၂ ခုနှစ်က အာဏာသိမ်းပိုက်ခဲ့ သော စစ်အစိုးရက သူပုန်များအတွက် နိုင်ငံရေး လိုက်လျောမှုမပါဘဲ လွတ် ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်ထူထောင် ရေးသာပေးခဲ့သောအခါ မျက်နှာစာ ပေါင်းစုံမှာ အလျင်အမြန်ပြိုကွဲပျက်စီးသွားခဲ့ရပါသည်။ တစ်ဖန် ၁၉၇၂ ခုနှစ်တွင် ထို အချိန်က တရုတ်-မြန်မာနယ်စပ် တစ်လျှောက်လုံး သြဇာဖြန့်ကြက်လာသည့် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ကိုခုခံရန် ကေအိုင်အေက အစိုးရကို ချဉ်းကပ်ခဲ့ပြန်ပါသည်။ အစိုးရက ထိုကမ်းလှမ်းချက်ကို ၂လ တာမျှစဉ်းစားပြီး ပယ်ချခဲ့သည်။ လေးနှစ်ကြာသော် ကေအိုင်အေက CPB နှင့် ငြိမ်းချမ်းရေးတည် ဆောက်ခဲ့သဖြင့် အစိုးရတပ်များကို ဆက်လက်တိုက်ခိုက်နိုင်ရန် ကွန်မြူ နစ်များထံမှ တရုတ်လုပ်လက်နက်များ ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်မူ အရှေ့တောင် အာရှတစ်လွှား ကွန်မြူနစ်သူပုန်များကို ထောက်ပံ့ကူညီသည့် ပေါ်လစီ ဟောင်းကိုဘေဂျင်းက စွန့်ပစ်ခဲ့ပြန် ရာ CPB အပြင် ကေအိုင်အေနှင့် မြန်မာအစိုးရအကြား လျှို့ဝှက်တစ် ပိုင်းဆွေးနွေးပွဲများ တရုတ်ကမကထ ပြုမှုဖြင့် ပေါ်ပေါက်ခဲ့သည်။ ကေအိုင် အေခေါင်းဆောင် ဘရန်ဆိုင်းကိုယ်တိုင် ထိုစဉ်က စစ်အာဏာရှင်ဗိုလ်ချုပ် ကြီးနေ၀င်းကို တွေ့ဆုံရန် ရန်ကုန်သို့ ခရီးထွက်ခဲ့သော်လည်း နိုင်ငံရေးသဘောတူညီမှု တစ်စုံတစ်ရာမျှမရရှိ ခဲ့ပါ။ တစ်ချိန်တည်းတွင် အစိုးရသတ် မှတ်ချက်အလိုအရ ဖြစ်စေကာမူ၊ အတိုက်အခံ တစ်ရပ်လုံးကို တိုင်းပြည်သို့ ပြန်လာစေရန် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်တစ်ခု ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်ပရောက် အထင်ကရ မြန်မာတိုင်းရင်းသားအများစု အတိုက် အခံနိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ကချင်သို့မ ဟုတ် အခြား တိုင်းရင်းသားလူမျိုးစုများက အနည်းစုမျှသာ လက်ခံခဲ့ကြပါသည်။ ၁၉၉၄ ခုနှစ်တွင် ကေအိုင်အေက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ စစ်အစိုးရနှင့် ကချင်တို့ကြားဆွေးနွေး ပွဲပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမှုကိုစစ် အစိုးရက ငြင်းပယ်ခဲ့ပြန်ပါသည်။ စစ်တပ်၏ ဗဟိုအာဏာချုပ်ကိုင်မှုကို လက်ခံပြီး ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုချက်အားလုံး စွန့်လွှတ်မှသာငြိမ်းချမ်းရေး ရနိုင်ပါ သည်။ ယခုအခါ ဦးသိန်းစိန်အစိုးရက အတိတ်မှ စစ်အစိုးရများ၏ ပျော့ပျောင်းမှုမရှိသော အလားတူအနေအထားဖြင့် ၁၉၆၃ ၊ ၁၉၇၂၊ ၁၉၈၀ နှင့် ၁၉၉၄ ငြိမ်းချမ်းရေး မောင်းနှင်မှုများကိုထပ် ကျော့လာခဲ့ပြန်ပါပြီ။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီသော တိုင်းရင်းသားလူမျိုးစု ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းရာတွင်အနောက် တိုင်းရော တရုတ်နိုင်ငံပါ မကျွမ်း ကျင် မလိမ်မာမှုကို ပြခဲ့ကြပြီဖြစ် သည်။ ၁၉၄၈ခုနှစ် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ခဲ့ပြီး ကတည်းက တိုင်းပြည်ကို ကပ်ဆိုက်စေခဲ့သော ပြည်တွင်းစစ်ပွဲများမှာ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှုမှတစ်ဆင့် အမျိုး သားရင်ကြားစေ့ရေး ပြုလုပ်လိုသည့် ရည်ရွယ်ချက်ကို ဦးသိန်းစိန်ပထမဆုံး ကြေညာခဲ့သည့် ၂၀၁၁ခုနှစ် အခြေ အနေထက် ကြာရှည်ခံမည့် အဖြေတစ် ရပ်ရရှိရန် ပို၍ နီးစပ်လာခြင်းမရှိပါ။ အစိုးရ၏ စကားတန်ဆာနှင့် နိုင်ငံ တကာက ကျောထောက်နောက်ခံပြု သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိပေသော်ငြား စစ်ကြောင့်ကြေမွခဲ့ရ သောမြန်မာနိုင်ငံ၏ နယ်စပ်ဒေသများမှာမူ စိတ်ပျက်စဖွယ်ကောင်းလောက်အောင်ပင် ယခင်အတိုင်းရှိနေဆဲ။ အရှည်တည်တံ့မည့် ငြိမ်းချမ်းရေးမှာလည်း ယခင်လိုပင်ဝေးဆဲကွာဆဲတွေ့နိုင်ခဲ။ ဤစာစုကိုရေးသားသူ ဘာတေးလ် လင့်တနာသည် ယခင်က အရှေ့ဖျား စီးပွားရေးစာစောင် (For Easterm Economic Review)၏ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ သည့်စာရေး သူတစ်ဦးလည်း ဖြစ်ပါသည်။) Ref:War trumps peace in Myanmar by Bertil Lintner. Asia Times Onlines