07 April 2013

မဟာသင်္ကြန်ကာလ ကန်တော်ကြီး ကန်ပတ်လမ်း တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်

 ယခုနှစ် မဟာသင်္ကြန်ကာလ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက် တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ သိရသည်။ ယခင်နှစ်ကအတိုင်း ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အများဆုံး တည်ရှိပြီး ယခုနှစ်အတွင်း မဏ္ဍပ်ပေါင်း ၁၇ ခု ချထားပေးထားကြောင်း လမ်းနှင့်တံတားဌာနမှ သိရသည်။ ယင်းကြောင့် ကန်ပတ်လမ်းအား ယခင်နှစ်အတိုင်း တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးသွားလာစေမည်ဖြစ်ပြီး ကျန်လမ်းများအား မူလယာဉ်လမ်းကြောင်းများ အတိုင်းသာ မောင်းနှင်စေမည်ဟု သိရသည်။ ကန်တော်ကြီး ကန်ပတ်လမ်းအား တစ်လမ်းမောင်းစနစ် ကျင့်သုံးစေရာတွင် ဦးထောင်ဘိုအဝိုင်းအတိုင်း ကန်ပတ်လမ်းမှ တစ်ဆင့် မင်္ဂလာဈေး စက်ရုံလမ်းဘက်သို့ တစ်လမ်းမောင်း ဝင်ရောက်ဖြတ်သန်းစေမည်ဟု သိရသည်။ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ ဆရာစံလမ်းနှင့် ကျန်လမ်းများအား လက်ရှိပုံမှန် သွားလာနေမှုများ အတိုင်းသာ အသုံးပြုစေမည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြည်လမ်းမကြီးပေါ်၌ လှည်းတန်း ခုံးကျော်တံတားကို သင်္ကြန်မတိုင်မီတွင် စတင်စမ်းသပ် မောင်းနှင်စေမည်ဖြစ်ရာ သင်္ကြန်ကာလ အတွင်း မော်တော်ယာဉ်များ အဆိုပါ တံတားပေါ်မှ ဖြတ်သန်း မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် အရက်သေစာ သောက်စား မူးယစ်မောင်းနှင်ခြင်း မပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့မှ သတိပေးချက်များ ထုတ်ပြန်ထားပြီး ယာဉ်အန္တရာယ် ကင်းရှင်းစွာ စည်းကမ်းတကျ သွားလာမောင်းနှင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "