ယနေ့ခေတ်အခါတွင်
 ငွေကြေးတန်ဖိုးများပြောင်းလဲနေပြီဖြစ်သော်လည်း ဥပဒေပြဋ္ဌာန်းချက်များတွင် 
ယခင်ကိုလိုနီခေတ်က ငွေကြေးတန်ဖိုး များဖြင့် သတ်မှတ်ထားသော လူမွဲဥပဒေအား 
ခေတ်နှင့်လုံးဝလျှော်ညီခြင်းမရှိတော့သည့်အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း 
ဥပဒေပညာရှင်အသိုင်းအဝိုင်းမှ ပြောကြားကြသည်။
လက်ရှိပြဋ္ဌာန်းထားသော
 လူမွဲဥပဒေတွင် ငွေကျပ် ၁၀၀ အောက် မပိုင်ဆိုင်ကြောင်းသက်သေပြနိုင်သူသာ 
တရားမမှုများတွင် လူမွဲမှု ပူးတွဲ လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် 
အမှန်တကယ်ခံစားခွင့်ရှိသော ငွေကြေးချို့တဲ့သူများအနေဖြင့် တရားစွဲရန် 
အခက်အခဲများရှိနေသဖြင့် နစ်နာနေကြောင်း သိရသည်။
ငွေကြေးချို့တဲ့သူများအနေဖြင့်
 လူမွဲမှုလျှောက်လွှာဖြင့် ပူးတွဲလျှောက်နိုင်သော်လည်း လူမွဲဥပဒေမှာ 
ယနေ့ကာလနှင့် မည်သို့မျှ မအပ်စပ်တော့ သော ငွေကျပ် ၁၀၀ 
အောက်ဖြစ်နေသောကြောင့် လူမွဲမှု ပူးတွဲလျှောက်ကာ တရားစွဲရန် 
ခက်ခဲသွားကြောင်း တရားလွှတ်တော် ရှေ့နေဦးတိုးဝင်းက ရှင်းပြသည်။
ထို့ကြောင့်
 ဆင်းရဲသား အောက်ခြေပြည်သူများ လူမွဲဥပဒေ၏ အကျိုးကို ခံစားခွင့်ရပြီး 
တရားစွဲစရိတ် သက်သာစေရန်အတွက်လူမွဲဥပဒေပါ ငွေကြေးတန်ဖိုးကို 
ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရမည်ဖြစ်ကြောင်း ရှေ့နေဦးထွန်းအောင် လည်း 
ပြောကြားသည်။
ယခုခေတ်တွင်
 လူမွဲမှုဥပဒေနှင့်ပတ်သက်ပြီး နားလည်တတ်ကျွမ်းသည့် ရှေ့နေ ရှားပါးနေသကဲ့သို့
 လူမွဲဥပဒေတွင် ပြဋ္ဌာန်းထားသည့် ငွေကြေး ပမာဏကြောင့် 
လူမွဲမှုဖြင့်တရားစွဲဆိုနိုင်သူ လွန်စွာရှားပါးပြီး လေးနှစ်တာကာလအတွင်း 
နှစ်မှုသာတွေ့ရသည်ဟု သိရသည်။ လူမွဲမှုကို တရားမမှုများတွင် ပူးတွဲလျှောက်ထားကာ
 တရားစွဲဆိုနိုင်ပြီး အမှန်တကယ်နစ်နာကာ တရားစွဲရန်မတတ်နိုင်သူများအတွက် 
အဆိုပါလူမွဲဥပဒေ ထုတ်ထားခြင်းဖြစ်သည်။
သတင်း...  transparencymyanmar
