28 January 2013

လိုင်ဇာနှင့် နီးကပ်ပြီး ဗျူဟာအရ အရေးပါသော ခါယာဘွမ်တောင်ကုန်းကို တပ်မတော်မှသိမ်းပိုက်


ကေအိုင်အို စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နောက်ဘက်ရှိ ပွိုင့်၁၀၁၂ အမည်ပေးထားသော ခါယာဘွမ်တောင်ကုန်းရှိ ကေအိုင်အေ စစ်စခန်း များကို မြန်မာတပ်မတော်မှ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က သိမ်းယူနိုင်ခဲ့ ကြောင်း ကေအိုင်အိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ခြေလျင်စစ်ကြောင်းများနှင့် လက်နက်ကြီးများဖြင့် ပစ်ခက်မှုများပြုလုပ်ခဲ့ကာ  ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လက်နက်ကြီးမျိုးစုံဖြင့် အချက်ပေါင်း ၁၂၀၀ ခန့် ဖြင့် ခိုင်ယာဘွမ် ကေအိုင်အေစခန်းသို့ ပစ်ခတ်ကြောင်းကို ကေအိုင်အေ စစ်မဟာဗျူဟာ ဌာနအကြီးအကဲ ဗိုလ်မှူးကြီးဇော်တောင်က ပြောကြားကြောင်း သိရသည်။
လဂျားယန်ဒေသမှလွဲ၍ ကေအိုင်အေတပ်စခန်းများရှိရာ စိန်လုံး၊ ဂျာမိုင်းနှင့် ဖားကန့်ဒေသများကိုလည်း မြန်မာ့တပ်မတော်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ခါယာဘွမ်တောင်ကုန်းသည် လိုင်ဇာမြို့ပတ်ဝန်းကျင်တွင် အမြင့်ဆုံးတောင်ကုန်း ဖြစ်သည့်အတွက် လိုင်ဇာမြို့၏ လုံခြုံရေးကိုပါစိုးရိမ်ရကြောင်း၊ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များလည်းများပြားလာကြောင်း  ဒေသခံများက ပြောကြားသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ လဂျားယန်စစ်ဆင်ရေးကို တပ်မတော်မှ ရပ်ဆိုင်းထားသည်ဟု ကြေညာ ထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဇန်န၀ါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် KIA ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲမှုမလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားခဲ့ပါသည်။

သတင်း....  yangonchronicle