14 September 2012

မြောက်ပိုင်းအရှုပ်တော်ပုံနှင့်တရားစွဲဆိုမှုအပေါ် မိုးသီးဇွန်လည်း တရားရင်ဆိုင်သင့်

ABSDF(မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော တပ်တွင်း ရှုပ်ထွေးမှုများနှင့် ပက်သက်၍ သတ်ဖြတ်ခံရသော မြောက်ပိုင်းရဲဘော်တို့၏ မိသားစုဝင်များနှင့် လွတ်မြောက်လာသူအချို့၏ တရားစွဲဆိုမှု အပေါ် ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်ရင်ဆိုင်သင့်သည်ဟု မြောက်ပိုင်းမှ လွတ်မြောက် လာသော ABSDF အဖွဲ့ဝင်ဟောင်းဦးညီညီကျော်က ပြောကြားသည်။
ABSDF အဖွဲ့တွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ရှိသော ဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန်တို့သည် တရားစွဲဆိုခြင်းကို ရင်ဆိုင်မှသာလျှင် ဖုံးကွယ်ခြင်းခံရသော အဖြစ်မှန် ပေါ်ထွက် လာမည်ဖြစ်ကြောင်းနှင့် မြောက်ပိုင်းပြဿနာနှင့် ပက်သက်၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အပြင် ပြန့်ကျဲ နေသော ရဲဘော်များနှင့်မိသားစုဝင်များ ပြန်လည်စုစည်းနိုင်ရန်အတွက် အထူးခုံရုံးတစ်ရပ်လည်း ဖွဲ့စည်းထားကြောင်း သိရသည်။
“ကိုမိုးသီးကို တရားစွဲတာနဲ့ ပက်သက်ပြီး ရင်ဆိုင်စေချင်တယ်၊ အမှန်တရားကို ဖော်ထုတ်စေချင်တယ်။ တာဝန်ယူမှုကိုအ များပြည်သူ ထင်သာ မြင်သာ ရှိလာအောင် လုပ်စေချင်တယ်၊ အဓိက စွပ်စွဲချင်တာတော့ ဒေါက်တာနိုင်အောင်ကိုပါ၊ ဒီတော့ ကိုမိုးသီး ကလည်း နှစ်ခုထဲမှာ ကွဲကွဲပြားပြား ဖြစ်စေ ဖို့ အမှန်တရား ဖော်ထုတ်တဲ့အခါ ပါဝင်စေချင်တယ်”ဟု ဦးညီညီကျော်က ဆိုသည်။
ပါဂျောင်စခန်းသတ်ဖြတ်မှုတွင် အဓိကအားဖြင့် ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဒေါက်တာနိုင်အောင် ပါဝင်နေပြီး ၎င်းကိုယ်တိုင် လုပ်ဆောင်မှုများ ရှိခဲ့သလို ၎င်း၏အမိန့်ပေးခိုင်းစေမှုများလည်း ရှိခဲ့ ကြောင်းဦးညီညီကျော်က စွပ်စွဲထားသည်။
အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ တောင်ပိုင်းဥက္ကဌမိုးသီးဇွန်က မြောက်ပိုင်းမှ ပြန်လည်လွတ်မြောက်လာသော ရဲဘော်များ ကျဆုံးသွားသော ရဲဘော်များ၏ မိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် စက်တင်ဘာလ ၁၅ ရက်နှောင်းပိုင်းအတွင်းလာ ရောက်မည်ဖြစ်ပြီးABSDF အဖွဲ့၏ ဥက္ကဋ္ဌ ဟောင်း ဦးထွန်းအောင်ကျော်သည် စက်တင်ဘာလ ၁၄ ရက်နေ့လည်(၂)နာရီတွင် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်းတိုက်၌ အထက်ပါ တွေ့ဆုံဆွေး နွေးမည့် အကြောင်းများနှင့် စပ်လျဉ်း ၍ ပမာနအဆင့်အနေဖြင့် လာရောက်ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သောကိစ္စများနှင့် ပက်သက်၍ တရားရင်ဆိုင်မည့် ကိစ္စအား မိုးသီးဇွန်၏အဖွဲ့ဝင် တစ်ဦးကို အတည်ပြု မေးမြန်းခဲ့ရာ “ကိုမိုးသီးကလည်း တရားစွဲဆိုမှုကို လိုက်လျောမယ့် အနေအထားရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
မင်းခဏ် (   yangonchronicle )