13 June 2012

ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ မီဒီယာများအား ခေါ်ယူသတိပေး

ဇွန်လ ၁၀ ရက်နေ့ ည ၇နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်အရေးအခင်းနှင့် ပတ်သက်၍ မီဒီယာများ၏ ရေးသားဖော်ပြချက်များသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်သည့် အရေးအ သားမျိုး မဖြစ်စေရန်လိုအပ်ကြောင်းနှင့် အကယ်၍ ထိုသို့သော ရေးသားမှုများ တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူနိုင်ကြောင်း ပြောကြားခဲ့ သည်ဟု မီဒီယာအသိုင်းအဝိုင်း၏ ပြောကြားချက်အရ သိရသည်။ 

 အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဦးမြင့်ဆွေမှ ယခုလက်ရှိဖြစ်ပွားနေသည့် ရခိုင်အရေးကိစ္စအပေါ် သတင်းမီဒီယာများ၏ သတင်း ရေးသားမှုများသည် မီးလောင်ရာလေပင့်သလိုအရေးအသားများ ပေါ်နေသည့်အတွက် သတိထားရေးသားသင့်ကြောင်းနှင့် အကယ်၍ ယင်းသို့ လှုံ့ဆော်သည့်ရေးသားဖော်ပြမှုများပါရှိပါက ဥပဒေပုဒ်မ ၅ (ည) နှင့် ပုဒ်မ ၅၀၅ (ခ)အရ နှစ်ခုပေါင်း ထောင်ဒဏ် ၉နှစ်အထိ ချမှတ်ပြီး အရေးယူဆောင် ရွက်နိုင်သည်ကို ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။ "ဝန်ကြီးချုပ် ဦးမြင့်ဆွေပြောသွားတဲ့ ပုဒ်မ ၅ (ည)ဆိုတာက ပြည်ထောင်စု၏ လုံခြုံရေးကိုလည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် နည်လမ်းနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လွဲ ဖောက်ပြန်ဖြစ်အောင် ရည်ရွယ်ပြီးလုပ်ရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံခြင်းသော်လည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း ဒါမှမဟုတ်ရင် နှစ်ခုလုံးသော်လည်းကောင်း ထိုက်သင့်ခံရမယ်ဆိုတာကို ပြောသွားတာပါ" ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်းသတင်းမီဒီယာတစ်ဦးက ပြောကြားသည်။

 ထို့နောက် ပုဒ်မ ၅၀၅ (ခ)နှင့် ပတ်သက်၍လည်း ပြည်တွင်းဆူပူမှုများဖြစ်စေသည့် အရေးအသားများ တွေ့ရှိပါက ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းသွား ကြောင်း ၎င်းက ဆက်လက်ဆိုသည်။ 

 အဆိုပါ သတင်းစာရှင်းလင်းပွဲအား ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားမည်ဟုဆိုကာ သတင်းမီဒီယာများအား ဖိတ်ကြားခဲ့သော်လည်း ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့်အကြောင်းအရာ တစုံတရာပြောဆိုသွားခြင်းမရှိပဲ နာရီဝက်ကြာ သတင်းမီဒီယာများအား ခေါ်ယူ၍ သတိပေး ပြောကြားသွားကြောင်းနှင့် တက်ရောက်သည့် သတင်းမီဒီယာများမှလည်း ပြန်လည် မေးခွန်းမေးမြန်းခြင်းများလည်း မပြုလုပ်ခဲ့ရကြောင်း သိရသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေမှလည်း သတင်းအရေးအသားများအား စာပေစိစစ်ရေး၏ လက်အောက် တွင်သာ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် အကယ်၍ မလိုက်နာပါက ၁၉၆၂ စီစစ်ရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းတို့ကိုလည်း ပြောကြားသွား ကြောင်း၊ ယင်းသို့ ခေါ်ယူကြိမ်းမောင်းခြင်းသည် လျှပ်တစ်ပြက်ဂျာနယ်၏ ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့် သတင်းနှင့် ဓါတ်ပုံများသည် အကြမ်းဖက်မှု များအား ဖြစ်စေရန် လှုံ့ဆော်သည့် အရေးအသားဖော်ပြမှုများကြောင့် ယခုကဲ့သို့ ခေါ်ယူသတိပေးခံရခြင်းဖြစ်ကြောင်းနှင့် အဆိုပါဂျာနယ်အား ခေါ်ယူ သတိပေး၍ ထုတ်ဝေဖြန့်ချိခွင့်အား အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း သတင်းများအရ သိရ သည်။

သတင်း....... yangonchronicle