19 September 2012

“အသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးခြင်း”အမေရိကန်တွင်ကျင်းပမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာအမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြား ဆုတွေကို ကိုယ်တိုင် လက်ခံ ယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန် စံတော်ချိန် မနက် ၉ နာရီခွဲကျရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ဟာ USIP ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အနာဂတ် အလားအလာနဲ့ စိမ်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ် လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton လည်း တက်ရောက်ပြီး အဖွင့် မိတ်ဆက်စကား ပြောကြားမှာပါ။

“အသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲ ကျင်းပပုံကိုဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ အင်တာနက်က တဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတကတော် Mitchelle Obama ကလည်း သမ္မတ အိမ်ဖြူတော်မှာ တစ်ညတာ လာရောက်လည်ပတ် တည်းခိုဖို့ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားထားတယ်လို့ ဝါရှင်တန်မှာရှိတဲ့
မြန်မာ့အရေး လှုပ်ရှားသူတွေကို ကိုးကားပြီး Foreign Policy စာစောင်က ရေးသားပါတယ်။

အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတည်ခင်းမယ့် ညစာစားပွဲကို သမ္မတဟောင်း George W Bush ၊ သမ္မတဟောင်း Bill Clinton နဲ့ ကမ္ဘာကျော် Microsoft ကွန်ပြူတာ လုပ်ငန်းရှင် သူဋ္ဌေးကြီး Bill Gates တို့လည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။

သတင်း.... RFA 
 ........................................................
 ယနေ့ ည ၁၁ နာရီ အချိန်၌ “အသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲ ကျင်းပပုံကို ထိုလင့်က တဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။