12 February 2012

သံဃာ့မဟာနာယကအဖွဲ့မှ သုံးကြိမ်တိုင်တိုင် ခေါ်ယူမှုအား ပျက်ကွက်သောကြောင့် အရှင်ဂမ္ဘီရအား တိုင်းရုံးမှ ခေါ်ယူ

ဖေဖော်ဝါရီလ ၁၀ရက်နေ့ မနက်စောပိုင်းတွင် အာဏာပိုင်များမှ လယ်တီဝိပဿနာကျောင်းတွင် ယာယီသီတင်းသုံးနေသည့် အရှင်ဂမ္ဘီရအား သံဃာ့ မဟာနာယကအဖွဲ့တိုင်းရုံးအပါအဝင် အာဏာပိုင်တစ်ချို့မှ ခေါ်ယူသွားခဲ့ပြီး ယင်းနေ့ ည၉နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။

၎င်းသည် သံဃာ့မဟာနာယကအဖွဲ့မှ ချိတ်ပိတ်ခံထားရသည့် မဂ္ဂင်ကျောင်းတိုက်တွင် ဝင်ရောက်သီတင်းသုံး နေထိုင်ခြင်းကြောင့် ထိုကျောင်းတွင် နေထိုင်သည့် သံဃာများအား ခေါ်ယူသတိပေးရာ၌ အရှင်ဂမ္ဘီရသည် သုံးကြိမ်တိုင်တိုင်ခေါ်ယူခြင်းအား ပျက်ကွက်မှုကြောင့် ဖြစ်သည်ဟု လယ်တီ ဝိပဿနာ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတစ်ပါးထံမှ သိရသည်။

“လယ်တီကျောင်းတိုက်မှာ ခဏသီတင်းသုံးနေတဲ့ အရှင်ဂမ္ဘီရကို သောကြာနေ့က သံဃာ့မဟာနာယက ရန်ကုန်တိုင်းရုံးဌာနက သက်ဆိုင်ရာ တွေနဲ့ အရပ်ဝတ်အာဏာပိုင်တွေက လာပြီးခေါ်သွားတာ။ မနက်အစောကြီးပဲ လာခေါ်သွားတာ။ ပြီးတော့ သူတို့က ချိတ်ပိတ်ထားတဲ့ မဂ္ဂင် ကျောင်းတိုက်မှာ သီတင်းသုံး လို့ ခေါ်ရခြင်း ဖြစ်တယ်လို့ သိရတယ်” ဟု မိန့်ကြားသည်။

အရှင်ဂမ္ဘီရအား ချိတ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းတိုက်တွင် နေထိုင်သီတင်းသုံးမှုကြောင့် သံဃာ့မဟာနာယကအဖွဲ့မှ ခေါ်ယူ သတိပေးမှုအား လာရောက်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟုလည်း သိရပြီး ထိုနေ့ည ၉နာရီတွင် ပြန်ရောက်လာကြောင်းနှင့် ယင်းကျောင်းတိုက်အား မွန်းလွဲပိုင်း လောက်တွင် ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“အရှင်ဂမ္ဘီရက ည၉နာရီမှာ ကျောင်းကိုပြန်ပြီး ရောက်လာခဲ့တယ်။ ပြီးတော့ မဂ္ဂင်ကျောင်းတိုက်ကိုလည်း မွန်းလွဲပိုင်းမှာ ပြန်ဖွင့်ခွင့်ပေး လိုက်တယ်”ဟု လယ်တီဝိပဿနာကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတစ်ပါးက မိန့်ကြားသည်။

အရှင်ဂမ္ဘီရသည် ဇန်နဝါရီ ၁၃ရက်နေ့၌ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် နယ်ထောင်တစ်ခုမှ ပြောင်းပြီး အင်းစိန်ထောင်မှ လွတ်မြောက်ခဲ့သည့် အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်ဟု လည်း သိရသည်။

သတင်း...yangonchronicle