12 February 2012

ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူ၍ ၅၀၀၀ တန်ဖုန်းကိစ္စ သမ္မတထံ တင်ပြမည်

ရွှေပြည်တံခွန်ကုမ္ပဏီမှ ၅၀၀၀ ဖုန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ အလွှာအသီးသီးမှ အခြေခံ လူတန်းစား များ၏ စစ်တမ်းသဘောထားများကို ကောက်ယူပြီး နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်တွင်းလူမှုရေး လုပ်ငန်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ ကျပ် ၅၀၀၀ ဖြင့် ပြည်သူများအားလုံး ဖုန်းသုံးစွဲရေး အကောင်အထည်ဖော်နိုင်ရန် နယ်ပယ်အသီးသီးမှ ဆန္ဒလက်မှတ်များအား ၂၀၁၂ ဇန်နဝါရီ ၂၀ မတိုင်မီကာလများကတည်းက ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဆန္ဒမဲလက်မှတ် စစ်တမ်းရရှိသူဦးရေ တစ်သောင်း ဝန်းကျင်ခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ဇန်နဝါရီလ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ရွှေပြည်တံခွန်၏ သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်မှ တာဝန်ရှိသူ တစ်ဦးက Simcard တစ်ခုအား ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည်ဆိုသော ရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် မကြာခင်ကာလအတွင်း ရောင်းချပေး နိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွှေပြည်တံခွန် ကုမ္ပဏီ၏ ကျပ် ၅၀၀၀ တန်ဖုန်းကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ရာတွင် လက်ရှိ အချိန်တွင် ကျပ် ၅၀၀၀ တန် Sim card ကိစ္စရပ်မှာ လက်ခံဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် ပြည်သူများအနေဖြင့် အချိန်ကာလ အတိုင်း အတာတစ်ခုသို့ စောင့်ဆိုင်းစေလိုကြောင်း ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက “ခုလို ရွှေပြည်တံခွန်က ကျပ် ၅၀၀၀ တန်ဖုန်းတွေ ထုတ်ပေးမယ်ဆိုတဲ့ကိစ္စက ပြည်သူတွေ အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပဲလေ။ သူများနိုင်ငံတွေမှာတောင် လေယာဉ်ပေါ်ကဆင်းတာနဲ့ Sim Card က အလကား ရနေတာ။ ဒါကိုတောင် ဆက်သွယ်ရေးက ခွင့်မပြုဆိုတာတော့ တော်တော်အံ့သြတယ်” ပာု ပြောကြားခဲ့သည်။

သတင်း... yangonchronicle