18 April 2011

အတာသင်္ကြန် အတွင်း " လက်ခုပ်ထဲကရေ "






လက်ခုပ်ထဲကရေ


ယာဉ်မောင်းသူတို့ ဆင်ခြင်ရန်၊ ယာဉ်မောင်းသူတို့ သတိရှိရန်၊ ယာဉ်မောင်းသူတို့ စည်းကမ်းရှိ ရန် သတိပေးချက်များတွင် “မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့” “သင့်လက်ထဲတွင် ခရီးသည်တို့၏ အသက်ရှိသည်။” “ဇနီးသားသမီးများက သင်ဘေးမသီရန်မခ အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသည် ကို သတိပြု” ဟူသော ဆောင်ပုဒ်များ ရှိလင့်ကစား မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် မဟာသင်္ကြန် အကြိုနေ့ ၁၃.၄.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် ဦးထွန်းအေး အသက် (၄၇)နှစ်၊ သား မောင်မြင့်မြတ်သူ အသက် (၃နှစ် ၂လ) တို့ သားအဖနှစ်ဦးတို့သည် မိဘဆွေမျိုးများရှိရာ ပဲခူးမြို့ဘက်သို့ သွားရောက်ပြီး ရန်ကုန်နေအိမ်သို့ TAXI အငှါးယာဉ်ဖြင့် ပြန်အလာ ညနေ (၆း၃၀) နာရီခန့်က မင်္ဂလာဒုံ ရေကြည်အိုင် ရှေ့တွင် ရန်ကုန်ဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော မှော်ဘီ - ရန်ကုန် (ဟိုင်းလတ်) ကားနှင့် ခေါင်းချင်းဆိုင် တိုက်မိတော့သည်။ သားအဖ နှစ်ဦးစလုံး ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်ကုသခဲ့ သော်လည်း ၁၆.၄.၂၀၁၁ (စနေ) နေ့တွင် ဘ၀တစ်ပါးသို့ ပြောင်းသွားကြရှာသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သွားသူတို့နှင့် ကျန်ရစ်သူမိသားစုများအတွက် အဆင်ပြေရန် ကူညီဖေးမ ပေးဆပ်မှုလုပ်ငန်းဖြစ်သော နာရေးပို့ဆောင်မှုကို ၁၆.၄.၂၀၁၁ နေ့လည် (၂း၀၀) နာရီ သင်္ကြန်အတက်နေ့ဖြစ်၍ အများသူငှါ ပျော်ပါးစွာ ရေကစားကခုန်နေကြစဉ် ရင်ထဲနင့် နေရအောင် မီးသင်္ဂြိုလ်ပေးခြင်း အခမ်းအနားကို ဆောင်ရွက်ပေးခဲ့သည်။

ရန်ကုန်ဆေးရုံကြီး အအေး ခန်းသို့ နိဗ္ဗာန်မော်တော်ယာဉ်နှစ်စီး ပြိုင်တူသွားကြပြီး ရုပ်အလောင်းတို့အား ကြည့်ရှုစဉ် ဖခင်ဖြစ်သူ ဦးထွန်းအေး၏ ဦးခေါင်းနံဘေးတွင်ထားရှိသော ယွန်းဘူးငယ် (စိပ်ပုတီးထည့်ထားဟန်တူ၏) ကလေး ငယ် မောင်မြင့်မြတ်သူ၏ ရုပ်အလောင်းဘေးတွင် ဦးထုပ်ငယ်၊ ရေကစားသေနတ်၊ ဂီတာငယ်လေး တစ်လုံးနှင့်အတူ မောင်မြင့်မြတ်သူလေး အိပ်စက်နေသည့်အလား တွေ့မြင်ရတော့သည်။ ကလေးငယ် ၏ လက်ခြေဦးခေါင်း၊ ဖခင်၏ လက်ခြေတို့တွင် သွေးခြောက်များကပ်တွယ် ငြိနေသည်ကိုလည်း မြင်တွေ့ရသည်။ သားငယ်လေး မောင်မြင့်မြတ်သူကို ကလေးနိဗ္ဗာန်ယာဉ် (Baby Only)၊ ဖခင် ဦးထွန်းအေးအား လူကြီးနိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အား ဦးတိုက်၍ ရေဝေးသုဿန်ရှိရာသို့ ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုဿန်တွင် ဈာပနလိုက်ပါ ပို့ဆောင်သူများနှင့် စည်ကားပြည့်နှက်နေသည်။ အများသူငှါတို့ ပျော်ပါးနေသည့်အချိန် ရေကစား နေကြသည့်အချိန်၊ ကခုန်နေကြသည့်အချိန်တွင် ဈာပနပို့ဆောင်ကြသူ ဆွေမျိုးသားချင်းများ၏ နှလုံး သားထဲတွင်သာမက ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးသမားများ၏ နေ့စဉ် ကြုံတွေ့နေရသော ဈာပနဖြစ်စဉ်များ၊ အသုဘကမ္မဋ္ဌာန်းများစသည့် မရဏာနုဿတိကိုပင် တဒင်္က ကလေး မေ့လျော့ကာ ရင်ထဲနင့်နေအောင် ခံစားမိတော့သည်။

အဆုံးသတ်သော် မော်တော်ယာဉ်မောင်းသူတို့၏ လက်ခုပ်ထဲမှ ရေဖြစ်သော ခရီးသွားများ၏ တန်ဖိုးရှိလှသော အသက်ဝိဉာဏ်တို့အား မဖိတ်မစင်ရအောင် ယာဉ်မောင်းသူတို့၏ တာဝန်၊ စည်းကမ်း၊ သတိတို့သည် လွန်စွာမှ အရေးကြီးလှပါကြောင်း . . . ။

(ယင်းဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ မှော်ဘီ - ရန်ကုန် အဝေးပြေးယာဉ်မောင်းကား အဝေးသို့ ထွက်ပြေးလွတ်မြောက် ရှောင်တိမ်းနေဆဲပင်။)

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးပါ..။