22 April 2011

ကျော်သူထုံး .... ၁၀နှစ်ပြည့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဂုဏ်ပြုခြင်း...

ကျော်သူထုံး’’
အမေ….. ကျွန်တော် ကျောင်းသွားတော့မယ်…. လွယ်အိတ်ထုံးပေး
အေးပါ …သားရယ်
ကျော်သူထုံးနော်အမေ
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖြစ်ပါသည်။ ရုပ်ရှင်ကားထဲတွင် ကိုကျော်သူ လွယ်ထားသော လွယ်အိတ်မှာ အထုံးလေးနှင့် ဖြစ်ပါသည်။ ဒါကိုမြင်ပြီး အားကျအတုယူကာ ကျောင်းသွားကြလျှင် ကျော်သူ လွယ်အိတ်ထုံးစတိုင်လ်လေးနှင့် သွားကြသည်။ ကျွန်တော်တို့ ငယ်ငယ်က ‘ကျော်သူထုံး’ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဖူးသည်။ နောက်တော့ ခေတ်ရေစီးကြောင်း အပြောင်းအလဲကြားမှာ ကျော်သူ လွယ်အိတ်ထုံးသည်လည်း ကွယ်ခဲ့ရသည်။ အနုပညာရပ်ဝန်းမှာ အမည်ကောင်းတစ်ခုနှင့် ကြာရှည်စွာ ရှင်သန်နေဖို့က မဖြစ်နိုင်ပါ။ စန်းထ နေတဲ့အချိန်လေးသာ ဟိုလေးတကျော်ကျော်ဖြစ်ပြီး စန်းကျ သွားပြီ ဆိုရင်တော့ ပျောက်ကွယ်ရသည်ချည်းပင်။ ထို့ထက်ပို တွေးကြည့်မိတော့ မိမိတို့ကျင်လည်ရာ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်မှာပင် အမည်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့မလွယ်ပေ။ ထို့ထက် ပိုတွေးကြည့်ပါက နိုင်ငံတ၀ှမ်းမှာ အမည်ကောင်း တစ်ခုရဖို့ဆိုတာ ပိုလို့ပင်မလွယ်ကူပေ။ ကုန်ပစ္စည်းတစ်ခုရဲ့ ကွာလတီကိုသာ ထိန်းထားဖို့ လွယ်သည်။ အမြဲဖောက်ပြန် ပြောင်းလဲနေသော လူတစ်ယောက်ရဲ့ စိတ်ကွာလတီကိုတော့ ထိန်းထားဖို့ မလွယ်ကူလှချေ။ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံ၊ မိမိတို့ကမ္ဘာမှာ အမည်ဆိုးနှင့် ကျော်ကြား သူတွေသာများသည်။ အမည်ကောင်းဖြင့် ကျော်ကြားသူက အင်မတန်ရှားပါးလှသည်။
ဓာတ်ပုံ Reuters
ယနေ့အချိန်တွင် ကိုကျော်သူနှင့် ခေတ်ပြိုင်တစ်ချို့ နှိုင်းယှဉ်ကြည့်သောအခါ အများကြီး ကွာခြားသွားခဲ့လေပြီ။ ဒီလိုပြောခြင်းဟာ တခြားသူတွေကို အပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါပေ။ ဘာကြောင့် ကိုကျော်သူရဲ့ အမည်နာမဟာပိုမို တောက်ပြောင် လာရသနည်းဆိုရရင် သူရဲ့ပရဟိတ အများအကျိုး ရွက်သယ်ပိုးလိုတဲ့ စိတ်ကြောင့်လိုသာ ဆိုရပါမည်။ တကယ်လို့ ကိုကျော်သူသာ ပရဟိတလိုင်းဘက် ရောက်မလာခဲ့ပဲ ရုပ်ရှင်လောကမှာသာ ရှိနေခဲ့မည်ဆိုပါက ယခုအချိန်သည် အကျ ဘက်တွင် ရှိနေပါလိမ့်မည်။ ဒီနေရာမှာ လူတစ်ချို့အတွက် ဆင်ခြေတက်စရာ ရှိလာခဲ့သည်။ ဘာလဲဆိုတော့ ’သူကအနုပညာလုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ခံထားရတာကိုး လုပ်နိုင်မှာပေါ့’ဟုဆိုက ဆိုနိုင်ပါသည်။ လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ နှစ်ရှည်လုပ်ကိုင်လာပြီးမှ အလုပ်ပြုတ်သွားသော် ရာထူးမှ ဖယ်ရှားခံလိုက်ရသော် စိတ်ဓါတ် ကျသွားမည်သာ ဖြစ်ပါသည်။

နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် သူအပိတ်ခံလိုက်ရတဲ့အခါ သူလဲစိတ်ဓါတ် ကျမည်သာဖြစ်ပါသည်။ သို့သော်သူက ငြိမ်ခံပြီး အကြာကြီးမနေ။ တွန်းလှန်ပစ်သည်။ နိုးထလာခဲ့သည်။ သူ့ဘ၀ကို အလကားလူအဖြစ် အရောက်မခံ။ ပေးဆပ်သူစစ်စစ်အဖြစ် အသွင် ကူးပြောင်းလိုက်သည်။ ဒါဟာလွယ်ကူသည့် ကိစ္စတော့မဟုတ် သို့သော် သူလုပ်ပြနိုင်ခဲ့သည်။ သူနှင့် တခါတုန်းက ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေ ဟိုတယ်ကြီးတွေမှာ ဇိမ်ခံနေတဲံ့အချိန်၊ နိုင်ငံတကာမှာ ထွက်ပြီး ရှော့ပင်းထွက်နေတဲ့အချိန်မှာ သူဟာဆင်းရဲသား အခြေခံလူတန်းစားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး ထောက်ပံ့မှု့တွေနှင့် ဆင်းရဲသား အခြေခံ လူတန်းစား မိသားစုဝင်တွေ သေဆုံးတဲ့အခါ လူအများစု မထိချင် မကိုင်ချင်ကြတဲ့ အလောင်းကောင် ပုပ်ပွပွတွေကို ကားနှင့်တင်ပြီး မီးသဂြိုလ်စက်အထိ အခမဲ့အရောက် ကူညီ ပို့ဆောင်ပေးနေခဲ့သည်။ အခမဲ့ဆိုတာထက် သဂြိုတ်စရိတ် မတတ်နိုင်သူတွေကို ထောက်ပံ့ပေးခြင်း၊
ဆင်းရဲနွမ်းပါးပြီး ကျန်မာရေးချို့တဲ့သော်လည်း ဆေးခန်းလာပြဖို့ ခရီးစရိတ်မတတ်နိုင် တဲ့သူတွေကို ထောက်ပံ့ခြင်း၊ အခြေခံလူတန်းစားတွေရဲ့ ကလေးတွေကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ စိတ်ဓါတ်မြှင့်တင်ပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ အလောင်းကောက်ခြင်း(သို့) သယ်ယူပို့ဆောင်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးသည်။

အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်းဖြင့် အခြေခံဆင်းရဲသား လူတန်းစား မိသားစုတွေအတွက် ကျန်းမာပျော်ရွှင်သော မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးသည်။ အနာဂတ် ကြယ်ပွင့်လေးတွေအတွက် ပညာရေး ထောက်ပံ့ပေးခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးကို အလှဆင်ပေးသည်။ ဒီတခါ ကိုကျော်သူထုံးသည်ကား လွယ်အိတ်မဟုတ်တော့ပေ။ သူ့နှလုံးသား ၊သူ့ဘ၀ကိုတိုင်းပြည်နှင့် လူမျိုးအတွက် စွှန့်လွှတ်ပေးဆပ်ခြင်း စစ်စစ်ဖြင့် ‘ထုံး’ ပြနေခြင်းပင် ဖြစ်သည်။ ဒီတခါရော ကျွန်တော်တို့တစ်တွေ အားကျ အတုယူနိုင်ပါဦးမည်လား………………….။

ကျွန်တော်တို့ တက်ညီလက်ညီ ကြိုးစားကြရပါဦးမည်။

(ဤစာစုလေးဖြင့် ဦးကျော်သူ(နာရေးကူညီမှု့အသင်း) အားဦးညွတ်ပါ၏

(နှစ်သစ်အခါသမယမှသည် အသက်ထက်ဆုံးတိုင် တိုင်းပြည်နှင့် လူမျိုး၏အကျိုးကို ပိုမိုမြင့်မြတ်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆုခြွေတောင်းပါသည်။)

ချစ်ခြင်းမေတ္တာအားဖြင့်

ဇေယျာချော

(ASDO ချစ်ခြင်းမေတ္တာလူမှု့ကူညီ စောင့်ရှောက်ရေးအဖွဲ့)
--
ချစ်ခြင်းမေတ္တာအားဖြင့်........
ဇေယျာမင်း