23 March 2011

စစ်အစိုးရ ရုံးစိုက်နေတဲ့ နေပြည်တော်တွင် ဓနရှင်လူတန်းစားများ အပန်းဖြေရာနေရာများအား စစ်အာဏာရှင်များက အမိန့်ကြေညာချက်ထုတ်ပြန်..

ဥပဒေကို လိုရာ
သုံးနေတဲ့ စစ်အာဏာရှင် တွေကတော့ အမိန့်ကြေညာချက်ဆိုပြီးထုတ်လိုက်ပြန်ပါလားရှင်.။


နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ်အတွင်း၌ မြန်မာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော စင်တင်တေးဂီတ လုပ်ငန်းများ၊ ဗြူတီပါလာလုပ်ငန်းများ၊ ကာရာအိုကေလုပ်ငန်းများ မရှိစေရန်နှင့် မည်သည့်အနှိပ်ခန်းမျှ လုပ်ကိုင်ခြင်းမပြုရန် စည်းကမ်းချက်များ ထုတ်ပြန်ကြေညာပြီး လိုက်နာမှုမရှိဘဲ ပျက်ကွက်မှုများ တွေ့ရှိက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈)အရ တရားစွဲဆို အရေးယူခံရမည့်အပြင် လုပ်ငန်းအား ရာသက်ပန် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စာအမှတ် ၅/၄၃-၂၈/ဦး ၆(၀၃၃၉) ၂၀၁၁ မတ် ၈ရက် အမိန့်ကြော်ငြာစာအရ သိရသည်။

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ်အတွင်း စင်တင် တေးဂီတ လုပ်ငန်း၊ ကာရာအိုကေလုပ်ငန်း၊ ဗြူတီပါလာလုပ်ငန်း လုပ်ကိုင်သူများအား မြို့များ အက်ဥပဒေ၊ ကျေးရွာ အက်ဥပဒေနှင့် အညီ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရာ၌လည်းကောင်း၊ ခွင့်ပြုမိန့်လျှောက်ထားရမည်။ ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်ခြင်းမပြုလုပ်ရ။ ခွင့်ပြုမိန့် ရစေကာမူ ညစဉ် ၁၁ နာရီထက် ကျော်လွန်လုပ်ကိုင်ခြင်း မရှိစေဘဲ အခါအားလျော်စွာ အချိန်ပြင်ဆင် ကန့်သတ်မှုကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းလုပ်ကိုင်သည့် နေရာတွင် စည်ပင်သာယာရေး အက်ဥပဒေ၊ ယစ်မျိုးဥပဒေ၊ မြို့များဥပဒေ၊ ကျေးရွာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိပြီး ဖြစ်ရမည်။ ဖျော်ဖြေသီဆိုသူများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှု၊ သီဆိုမှု၊ ခန္ဓာလှုပ်ရှားပြသမှု လုံးဝမပြုလုပ်ရန်၊ ဒေသခံ မဟုတ်သော ဖျော်ဖြေသီဆိုသူများအားလုံး ဥပဒေနှင့်အညီ ဧည့်စာရင်း တိုင်ကြားရမည်။ ထူးခြားပြီး အများစိတ်ဝင်စားသောသူ (ကျော်ကြားသူ) များ သီဆိုမှုများအတွက် သီးခြားခွင့်ပြုမိန့် ရရှိမှသာ ဆောင်ရွက်ရမည်။

မိမိပိုင်နက်အတွင်း စည်းကမ်းထိန်းသိမ်းမှု မိမိတာဝန်ယူရမည်။ ကာရာအိုကေ သီချင်းဆိုခန်းများသည် အသံလုံခန်း ဖြစ်သော်လည်း အချင်းချင်းမြင်သာသည့် အခန်းဖွဲ့စည်းမှု ရှိရမည်။ မှန်အကြည် တပ်ထားရမည်။ လိုက်ကာ ကာရံထားခြင်း မပြုရ။ ကာရာအိုကေ သီဆိုခန်းအတွင်း အမျိုးသား၊ အမျိုးသမီးနှစ်ဦးတည်း သီဆိုဖျော်ဖြေခြင်း မပြုရ။ ကာရာအိုကေ လုပ်ငန်းရှင်သည် မိမိဆိုင်ရှိ အမျိုးသမီး ဝန်ထမ်းများအား မိမိပိုင်နက်အတွင်းမှ ပြင်ပသို့ ထွက်ခွာခွင့်မပြုရ။ ဗြူတီပါလာလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အညီ လုပ်ကိုင်သူများ ဖြစ်ရမည်။ အချင်းချင်း မြင်သာသောအခန်းဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရမည်။

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း၌ မည်သည့်အနှိပ်ခန်းမှ လုပ်ကိုင်ခြင်းမပြုရ။ ဤတားမြစ်ချက်များကို လိုက်နာရန် ပျက်ကွက်သူသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈)အရ တရားစွဲဆို အရေးယူခံရမည့်အပြင် လုပ်ငန်းအား ရာသက်ပန်ပိတ်သိမ်းသွားမည်ဖြစ်သည်ဟု ပါရှိကြောင်း မတ်လ ၂၂ ရက်နေ့ထုတ် ပြည်တွင်း မှ Flower News ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၁၂) တွင် ဖော်ပြထားပါသည်။

ပြည်ပ သတင်းဌာန တစ်ခုဖြစ်တဲ့ လွတ်လပ်တဲ့ အာရှအသံ (RFA) အဖွဲ့သား ကိုကျော်ကျော်အောင် မှ မတ်လ (၂၂)ရက်နေ့တွင် စုစည်းတင်ပြထားပုံကဖြင့်


စစ်အစိုးရ ရုံးစိုက်နေတဲ့ နေပြည်တော် မြို့တော်သစ်မှာ အနှိပ်ခန်းနဲ့ ကာရာအိုကေခန်းတွေကို အခု ရက်ပိုင်းအတွင်း ဖမ်းဆီး အရေးယူနေပေမဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက် အောင်မြင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။


တကယ်တော့ အနှိပ်ခန်း၊ ကာရာအိုကေ၊ အလှပြင်ခန်းမ စသဖြင့် ၂၀၀၀ ခုနှစ်လောက်စလို့ ရန်ကုန်မြို့မှာ နာမည်အမျိုးးမျိုးနဲ့ တည်ထောင်ထားတဲ့ လုပ်ငန်းတွေအများစုဟာ နောက်ပိုင်းမှာ လိင်ဖျော်ဖြေရေးတွေ တွဲဖက်လုပ်ကိုင် လာခဲ့ကြတာဖြစ်ပြီး၊ ရဲ၊ ထောက်လှမ်းရေး၊ မယက စတဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင် နေကြတာဖြစ်ပါ တယ်။

အနှိပ်ခန်း၊ ကာရာအိုကေ အလှပြင်သီးသန့်ဖွင့်လှစ် လုပ်ကိုင်သူတွေရှိပေမဲ့ အနည်းစုသာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ရန်ကုန်မြို့မှာ စတင်ဖွံ့ဖြိုးလာခဲ့ တာဖြစ်ပြီး၊ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ကို ပြောင်းရွှေသွားပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၃ နှစ်လောက် ကစလို့ နေပြည်တော်မှာ အရှိန်အဟုန်နဲ့ အောင်မြင်ထင်ပေါ်လာခဲ့တဲ့ စီးပွားရေးတခု ဖြစ်လာခဲ့တာပါ။

နေပြည်တော်မှာ အဲဒီအနှိပ်ခန်းနဲ့ ကာရာအိုကေလုပ်ငန်းတွေ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်းက ငွေကို ရေလို သုံးဖြုန်းနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ၊ စီးပွားရေးသမားတွေ အများအပြား ရှိတာကြောင့်လို့ လေ့လာသူတွေက ပြောပါတယ်။