20 March 2011

ကဒါဖီတပ်ဖွဲ့များကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက် (သတင်း၊ ရုပ်သံ)

 
ကနေဒါ F18 Hornet fighters တိုက်လေယာဉ်များ Trapani Birgi လေတပ်အခြေဆိုက် စခန်းသို့ ရောက်ရှိလာစဉ်.. (ဓာတ်ပုံများ Getty images)
ကဒါဖီတပ်ဖွဲ့များကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက်
မြင့်လှိုင် ။ မတ်လ ၁၉ ရက်၊ ၂၀၁၁

လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်စခန်းများ၊ လေတပ်စခန်းများကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက်ကြောင်း ၂၀၁၁ မတ်လ ၁၉ ရက်နေ့ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညနေ ၃ နာရီမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ထို တိုက်ပွဲမှာ ပြင်သစ်တိုက်လေယာဉ် အစီး ၂၀ က ကဒါဖီလေတပ် အခြေစိုက်စခန်းများကို အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းစံတော်ချိန် မနက် ၁၁ နာရီမှာ လေးကြိမ် တိုက်ခိုက်ခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန်တပ်ဖွဲ့များက ဒုံးကျည်ပေါင်း ၁၁၂ ခုနဲ့ ကဒါဖီရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စခန်းများကို တိုက်ခိုက်ခဲ့ပါတယ်။

ထို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံတွင် ရောက်ရှိနေတဲ့ အမေရိကန်သမတ ဘာရတ်အိုဘားမားနဲ့ ပြင်သစ်နိုင်ငံရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်တို့ကလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အမေရိကန်သမတ အိုဘားမားက “စစ်ရေးအရ အရေးယူမှုဟာ ပထဆုံး ရွေးချယ်မှု မဟုတ်ကြောင်း၊ ဒီ တိုက်ပွဲကို အမေရိကန်တွေ ဦးဆောင်တာ မဟုတ်ကြောင်း၊ အမေရိကန် စစ်တပ်တွေအနေနဲ့ လစ်ဗျားမြေပြင်ကို ၀င်ရောက်မှာ မဟုတ်ကြောင်း၊“ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်နဲ့ နိုင်ငံတကာခေါင်းဆောင်များကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လစ်ဗျားအရေး ဆွေးနွေးနေကြပါတယ်။

ကဒါဖီတပ်ဖွဲ့များအား တိုက်ခိုက်ခြင်းနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ အရ လစ်ဗျားပြည်သူများကို သူတို့ရဲ့ အုပ်ချုပ်သူအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန် မဟာမိတ်တပ်များက Operation Odyssey Dawn ကို စတင်လိုက်ကြောင်း၊ မဟာမိတ်တပ်များရဲ့ ရည်ရွယ်ချက်ကတော့ လစ်ဗျားပြည်သူများကို အာဏာရှင်ရဲ့ နောက်ထပ်တိုက်ခိုက်မှုက အကာအကွယ်ပေးရန် ဖြစ်ကြောင်း၊ လေယာဉ် မပျံသန်းရဇုံ ကုလ ဆုံးဖြတ်ချက်ကို ကဒါဖီအနေနဲ့ လိုက်နာအောင် မိုမာ ကဒါဖီရဲ့တပ်ဖွဲ့များရဲ့ စွမ်းရည်ကို လျော့ချခြင်း ဖြစ်ကြောင်း“ ဖော်ပြထားပါတယ်။ ထို့အပြင် ဒီ စစ်ဆင်ရေးကို စစ်ရေယာဉ် ယူအက်စ်အက်စ် မောင့် ၀တ်တနီ (USS Mount Whitney) တွင် စခန်းချနေတဲ့ အမေရိကန်ရေတပ် ဥရောပနဲ့ အာဖရိက စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဆန်မြူရယ် ဂျေ လော့က်လီယာ (Adm. Samuel J. Locklear) က ဦးဆောင်ကြောင်း၊ ထို ရေတပ်အုပ်စုတွင် အီတလီ၊ ကနေဒါ၊ ယူနိုက်တက် ကင်းဒန်းနဲ့ ပြင်သစ်က ရေတပ်သင်္ဘောတွေ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ သီးခြားသတင်းများအရ စပိန်နဲ့ အာရပ်စော်ဘွားများနိုင်ငံများလည်း မဟာမိတ်တပ်ဖွဲ့များတွင် ပါဝင်ကြောင်း၊ စစ်ဆင်ရေးကာလနောက်ပိုင်းမှာ ကာတာနဲ့ အာရပ်စော်ဘွားများနိုင်ငံက လေတပ်များ ပါဝင်လာနိုင်ကြောင်း သိရပါတယ်။
မဟာမိတ်တပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကဒါဖီ ပြောခွင့်ရပုဂ္ဂိုလ်က “လစ်ဗျားကို အခုလို တိုက်ခိုက်ဖို့ အခွင့် မရှိကြောင်း၊ လစ်ဗျားပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာဖြစ်ကြောင်း“ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ ထို့အပြင် မဟာမိတ်တပ်များရဲ့ တိုက်ခိုက်မှုဟာ ပြည်သူအများကို ထိခိုက်ကြောင်း၊ ကဒါဖီတပ်ဖွဲ့များအနေနဲ့ နောက်ဆုံးအခြေအနေအထိ တုန့်ပြန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း၊ မပျံသန်းရဇုံကိစ္စ ကုလလေ့လာသူ စေလွှတ်နိုင်ကြောင်း ပြောကြားပါတယ်။ မတ်လ ၁၉ ရက် ညပိုင်းမှာ လစ်ဗျားအာဏာရှင် မူမာ ကဒါဖီက ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အစိုးရတွေဆီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ တရားမ၀င်ကြောင်း စာ ပေးပို့လိုက်သလို ရုပ်သံကလည်း မူဆလင်နိုင်ငံများအနေနဲ့ သူ့ဘက်က တိုက်ခိုက်ပေးကြဖို့ ပြောကြားခဲ့ပါတယ်။

လစ်ဗျားခေါင်းဆောင် ကဒါဖီဟာ လစ်ဗျားဘုရင် အစ်ဒ်ရစ် (Idis) ဆီက ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ သွေးထွက်သံယို မရှိဘဲ အာဏာသိမ်းခဲ့သူ ဖြစ်ပြီး ဒီကနေ့အထိ လစ်ဗျားကို အုပ်ချုပ်နေသူ ဖြစ်ပါတယ်။ လစ်ဗျားပြည်သူများဟာ ဖေဖော်ဝါရီလအတွင်းက လွတ်မြောက်ရေး ဆန္ဒပြပွဲများ ပြုလုပ်ပြီး ကဒါဖီကို အာခံခဲ့ပါတယ်။ ထို့နောက်မှာ ကဒါဖီကို တော်လှန်သူများဟာ လစ်ဗျားအရှေ့ပိုင်းက ဘန်ဂါဇီကို သိမ်းပိုက်လိုက်ပြီး တမြို့ပြီးတမြို့ သိမ်းပိုက်ခဲ့ရာ လစ်ဗျားမြို့တော် ထရီပိုလီအနီးကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၄ ရက်နေ့က စတင်ပြီး ကဒါဖီရဲ့တပ်ဖွဲ့များက ကဒါဖီအား တော်လှန်သူများကို ပြန်လည် တိုက်ခိုက်ခဲ့ရာ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့အနီးအထိ ရောက်ရှိခဲ့ပါတယ်။

တကယ်တော့ ကဒါဖီအား တော်လှန်သူများဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လစ်ဗျားပြည်သူများ ဖြစ်တဲ့အတွက် ကဒါဖီဟာ လစ်ဗျားပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်တဲ့ လစ်ဗျားအာဏာရှင်တဦး ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လစ်ဗျားပြည်သူများကို ကာကွယ်ရန် ကုလ လုံခြုံရေးကောင်စီက ကဒါဖီလေတပ် မပျံသန်းရဇုံ ကန့်သတ်ချက်၊ နိုင်ငံတကာအနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုများ လုပ်ဆောင်ကာ လစ်ဗျားပြည်သူများအား အကာအကွယ်ပေးရန် ဆုံးဖြတ်ချက် (လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၉၇၃) ကို ၂၀၁၁ မတ်လ ၁၇ ရက်နေ့ နယူးယောက်စံတော်ချိန် ညနေပိုင်းမှာ ချမှတ်လိုက်ပါတယ်။ ထိုသို့ ချမှတ်ပြီးနောက် ကဒါဖီက အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ အပစ်အခတ် ရပ်စဲရေး ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ကဒါဖီတပ်များက လစ်ဗျားပြည်သူများကို ဆက်လက် ပစ်ခတ် သတ်ဖြတ်နေခဲ့တဲ့အတွက် မတ်လ ၁၉ ရက်နေ့မှာ မဟာမိတ်တပ်များက ကဒါဖီရဲ့ ရုရှားလုပ် အက်စ် ၂၀၀ အမျိုးအစား မြေပြင်က ဝေဟင်ပစ် ဒုံးကျည် တပ်စခန်းများကို တိုမဟော့ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့သလို လေတပ်စခန်းများကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြား မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စခန်းများကို တိုက်ခိုက်မှာ ဖြစ်သလို ကဒါဖီလေတပ် လေယာဉ်များ ပျံမတက်နိုင်အောင် လေယာဉ်ကွင်းများကိုလည်း တိုက်ခိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အာရပ်လေတပ်ဖွဲ့များ အပါအ၀င် မဟာမိတ် ဂျက်လေယာဉ်များ လစ်ဗျားဝေဟင်မှာ ပျံသန်းကြပြီး လေယာဉ် မပျံသန်းရဇုံ သတ်မှတ်ချက်ကို ကဒါဖီ လိုက်နာအောင် စောင့်ကြပ်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ကဒါဖီလေယာဉ်များအား မပျံသန်းရဇုံ သတ်မှတ်ရတာကတော့ ကဒါဖီဟာ လေယာဉ်များကို အသုံးပြုကာ လစ်ဗျားပြည်သူများကို တိုက်ခိုက်တဲ့အတွက် ဖြစ်ပါတယ်။

ဓါတ်ပုံ - အမေရိကန်ရေတပ်
(သတင်းရင်းမြစ် - ယနေ့မြန်မာ)