ပြင်းအား ၆ ဒဿမ ၈ ရှိ ငလျင်တခု မြန်မာပြည်တွင် လှုပ်ခတ်သွား
မြင့်လှိုင်၊ မတ်လ ၂၄ ရက် ၊ ၂၀၁၁
ထိုင်းနိုင်ငံ  ချင်းရိုင်မြို့နဲ့ မိုင် ၇၀ ခန့် အကွာ၊ မြန်မာနိုင်ငံ တာချီလိတ်မြို့ရဲ့  အရှေ့မြောက်ဘက်ရှိ မြောက် လောင်ဂျီကျူ့ ၂၀.၇ ဒီဂရီ နဲ့ အရှေ့ လတ္တီကျူ့ ၉၉.၉  ဒီဂရီ (20.7° N, 99.9° E) ကို အခြေပြုပြီး မတ်လ ၂၄ ရက်နေ့ ဒေသစံတော်ချိန် ည  ၈ နာရီ ၂၅ မိနစ်က ပြင်းအား ၆.၈ ရှိ ငလျင်တခု လှုပ်ခတ်သွားကြောင်း  သိရှိရပါတယ်။ ထိုငလျင်နဲ့အတူ ဆက်စပ်ငလျင် သုံးခု လှုပ်သွားကြောင်းလည်း  ဒေသခံတွေက ယနေ့မြန်မာကို ပြောပြပါတယ်။
ငလျင်  လှုပ်သွားမှုကို ရန်ကုန်နဲ့ မန္တလေးမြို့က တချို့ပြည်သူတွေ  သတိမထားလိုက်မိပေမယ့် ငလျင် လှုပ်သွားတာကတော့ သိသာတယ်လို့ ဆိုပါတယ်။  ယနေ့မြန်မာအနေနဲ့ တာချီလိတ်ကို တယ်လီဖုန်းဆက်ဖို့ ကြိုးစားနေပေမယ့်  အခုချိန်အထိ မအောင်မြင်သေးပါဘူး။ ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာတော့  ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ကွဲအက်ခဲ့ကြောင်း သိရပါတယ်။
 ငလျင်လှုပ်ခတ်ခြင်းနဲ့  ပတ်သက်ပြီး ချင်းရိုင်တွင် နေထိုင်သူတဦးက ချင်းရိုင်မှာ  ငလျင်လှုပ်သွားကြောင်း၊ သူနေထိုင်တဲ့ ကွန်ဒိုမီဒီယံက လူတွေ အောက်ထပ်ကို  ထွက်ပြေးကြပြီး အော်ဟစ်ကြကြောင်း၊ အဲဒီအချိန်မှာ သူကတော့ ခေါက်ဆွဲ  စားနေကြောင်း၊ ဖော်ပြထားတဲ့ ဓါတ်ပုံကတော့ ငလျင်ကြောင့် သူ့အိမ်နံရံ  အက်သွားတာဖြစ်ကြောင်း ဖေ့စ်ဘွတ်ကတဆင့် သူ့သူငယ်ချင်းများကို  အကြောင်းကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ  ဇင်းမယ် (ချင်းမိုင်) တွင် နေထိုင်သူ အမျိုးသမီးငယ်တဦးကတော့ “ချင်းမိုင်  စံတော်ချိန် ၈ နာရီ ၅၇ မိနစ်လောက် တချက် စ လှုပ်တယ်၊ သိသာတယ်။ ကိုယ်ပဲ  မူးတယ် ထင်လိုက်တာ၊ သူငယ်ချင်းက လှုပ်နေတယ် လှမ်းပြောချိန်မှာ ခါသွားတယ်။  ချိတ် ထားတဲ့ အင်္ကျီချိတ်တွေ လှုပ်ကုန်တယ်။ ကုတင်လည်း ခါသွားတယ်။ စားပွဲလည်း  ခါသွားတယ်။ ခေါင်းလည်း မူးသွားတယ်။ တိုက်ပေါ်က တချို့တွေ ဆင်းပြေးတယ်။“ လို့  ပြောပါတယ်။ ငလျင်လှုပ်ခတ်နေစဉ် ဘယ်လို ခံစားရပါသလဲ လို့ မေးကြည့်တဲ့အခါ  “ကြောက်တာပေါ့။ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတာ အဟုတ်ပဲလားလို့တောင် ထင်မိတယ်။  ၂၀၀၆ ဆူနာမီ တုန်းက ရန်ကုန်မှာ ရှိနေတာ။ အဲ့ဒီတုန်းကလည်း အရမ်းလှုပ်တာလေ၊  အဲ့လိုပဲ ခု လှုပ်တာက။ အဲ့ဒီတုန်းက ရှစ်ထပ်၊ ခုက သုံးထပ် တိုက် မှာ နေတာ၊  အပေါ်ဆုံးမှာ။“ လို့ ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့်  ၀ ဒေသတွင် နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရပါတယ်။ မယ်ဆိုင်တွင်  အမျိုးသမီးတဦး သေဆုံးကြောင်း၊ နောက် နှစ်ရက်အတွင်း ဆက်စပ်ငလျင်  လှုပ်နိုင်ဘွယ်ရှိကြောင်း သြစတေလျနိုင်ငံ အေဘီစီသတင်းတွင် ဖော်ပြထားပါတယ်။  သီးခြားသတင်းရပ်ကွက်များကတော့ မြန်မာပြည် ကြပ်ပြေးနေပြည်တော်တွင် ပြင်းအား ၄  ကျော်တဲ့ ငလျင်တခု လှုပ်သွားကြောင်း ပြောပြပါတယ်။
(သတင်းရင်းမြစ် - ယနေ့မြန်မာ)


