21 December 2009

ဘာမှ မထူးဆန်းဘူး..။

(သရုပ်ဖေါ် ပန်းချီ ဦးဝင်းဖေ)


ဘာမှမထူးဆန်းဘူး




လျှောက်နေကျလမ်းလေးအတိုင်း

လမ်းလျှောက်ထွက်ခဲ့ကာ

မြင်နေကျရှုမျှော်ခင်းတွေနဲ့

ရှူနေကျလေကိုပဲရှူလို့၊

ဘာမှမထူးဆန်းဘူး

အကြိမ်ကြိမ်အထပ်ထပ်

တင်ဆက်ပြီးသားပြဇာတ်မှာ

ယခင်ဇာတ်ရုပ်အတိုင်းပဲ သရုပ်ဆောင်လို့

ရယ်နေကျအခန်းတွင် ၀င်ရောက်ရယ်မောကာ

ကျပြီးသား မျက်ရည်ကိုပဲ တစ်ခါ

ပြန်ကျပြရတာပေါ့။


ဘာမှ မထူးဆန်းဘူး

အရာရာဟာ ဒီလိုပဲ

အဖြစ် အပျက်တွေဟာ ဒီလိုပဲ

လူတွေ တစ်ယောက်ကို တစ်ယောက် ချစ်မက်ကြတာ ဒီလိုပဲ

လူတွေ တစ်ယောက်ကို တစ်ယောက် ကျွန်ပြုကြတာ ဒီလိုပဲ

လူတွေ အဆောက်အဦးတွေ ဖြိုကြ ဆောက်ကြတာ ဒီလိုပဲ။

တကယ်တော့ စစ်ပွဲတွေဟာလဲ ဘာမှမထူးဆန်းဘူး

တကယ်တော့ ရှင်ဘုရင်ဆိုတာလဲ ဘာမှ မထူးဆန်းဘူး

တကယ်တော့ အင်္ဂါဂြိုလ်ဆိုတာလဲ ဘာမှ မထူးဆန်းဘူး

တကယ်တော့ ငါတို့သိပြီးသား ကမ္ဘာကြီးနဲ့

မသိသေးတဲ့ ကမ္ဘာကြီးဟာလဲ

ဘာမှ မထူးဆန်းဘူး။

ဟုတ်တယ်



ရနံ့တွေ၊ အိပ်မက်တွေ၊ ဒုက္ခတွေ၊ အရသာတွေ

ဘာမှ မထူးဆန်းဘူး

ဓါတ်တိုင်တွေ၊ ငှက်တွေ၊ ဆူညံသံတွေ၊ ရမ္မက်တွေ

ဘာမှ မထူးဆန်းဘူး

ကျွန်တော်တို့ မဆုတ်မနစ် စေးကပ်ငြိတွယ်မိရာ လောကကြီး

ဘာမှ မထူးဆန်းဘူး

သမိုင်းဖတ်စာထဲမှာ ဗီလိန်များ၊ သူရဲကောင်းများ

ဘာမှ မထူးဆန်းဘူး

ကျွန်တော်တို့ အစီအစဉ်တကျ အစီစဉ်မဲ့စွာ

ရောက်ရှိလာကြပေါ့

ဘာမှ မထူးဆန်းဘူး

လူတွေ မိမိစိတ်ကို မိမိစူးစမ်းဖို့ရာ မေ့လျော့နေကြ

ဘာမှ မထူးဆန်းဘူး

လူတွေ ကိုယ့် ယုတ္တိနဲ့ကိုယ် လုံလောက်နေခဲ့ကြ

ဘာမှ မထူးဆန်းဘူး

လူဆိုတာ အမြဲတမ်း ပြာယာခတ်နေတတ်ကြ

လူဆိုတာ သူတို့လိုချင်တဲ့အရာကို သူတို့ မဝေခွဲတတ်ကြ

လူဆိုတာ သူတို့မွေးမြူတဲ့ ဒုက္ခကို သူတို့ မခံနိုင်ကြ

ဘာမှ မထူးဆန်းဘူး

ငါတို့ဟာ စစ်ပွဲကြီးတွေ အကြောင်း

သီချင်းဖွဲ့ခဲ့ကြတယ်

ဒုက္ခတရားကို သီချင်းဖွဲ့ကြတယ်

ချစ်ခြင်းမေတ္တာကို သီချင်းဖွဲ့ကြတယ်

ကမ္ဘာလောကကြီးကို သီချင်းဖွဲ့ကြတယ်

ဘာမှ မထူးဆန်းဘူး

ငါတို့ဟာ လေယာဉ်ပျံတွေ တီထွင်နိုင်ခဲ့ကြတယ်

ငါတို့ဟာ ရာဇ၀င်ခေတ်ကြီးတွေ ထူထောင်နိုင်ခဲ့ကြတယ်

ငါတို့ဟာ ဧည့်ခံပွဲတွေ တက်ခဲ့ကြတယ်

ငါတို့ဟာ စကားလုံးတွေ ရေရွတ်ခဲ့ကြတယ်

ငါတို့ဟာ ‘ဆင်းရဲ ဒုက္ခ ကင်းပကြပါစေ’

မေတ္တာပို့ကြတယ်

ဘာမှ မထူးဆန်းဘူး

ကလေးတွေ ပြေးလွှား ကစားကြတယ်၊ ဂျုံတွေ စိုက်ကြတယ်

လူတွေ ငတ်မွတ်ကြတယ်

ဘာမှ မထူးဆန်းဘူး။

အရာရာဟာ ဒီလိုပဲ၊ ဘာမှ မထူးဆန်းဘူး

အမှားအယွင်းတွေ၊ ဘာမှ မထူးဆန်းဘူး

မြစ်ရေကြီးတာ၊ ဘာမှ မထူးဆန်းဘူး

ကပ်ကြီးသုံးပါး၊ ဘာမှ မထူးဆန်းဘူး

ကျွန်တော်တို့ရဲ့ ပေါ့ဆမှုများ၊ ဘာမှ မထူးဆန်းဘူး

အဆန်းတကြယ် ရရှိမှုများ၊ ဘာမှ မထူးဆန်းဘူး

မထူးဆန်းဘူး

ဘာမှ မထူးဆန်းဘူး

ဘာဆိုဘာမှ မထူးဆန်းဘူး။

ဘ၀ခရီး ဖြတ်သန်းကြတယ် ဆိုတာကလဲ

ရောက်ပြီးသား ပင်လယ်ကို

တစ်ကြိမ်ပြန် ရွက်လွှင့်ရတာမျိုးပဲ မဟုတ်လား။



(ဘုန်းသက်ပိုင်)



ကောင်းကင် မဂ္ဂဇင်း။