25 November 2009

ယနေ့တွင် သာသနာ့ အာဇာနည် ပရိယတ္တိ ၊ပဋိပတ္တိ၊စွယ်စုံအကျော် ဖြူးဆရာတော် ဦးနရပတိ ပျံလွန်တော်မူခြင်း..။



နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ယနေ့နံနက် (၆) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။

ဖြူးဆရာတော်ဘုရားကြီးအား“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ရန်ကုန်မြို့ သို့ ပြန်ကြွခဲ့ပြီး။ ဒီနေ့မနက်မှာတော့ ဆရာတော်ကြီး ပျံလွန်တော်မူသွားသည်။ အန္တိမဈာပနအခမ်းအနားကို (၃၀.၁၁.၂၀၀၉)ရက်နေ့မှာ ဖြူး မြို့ တွင်ပြုလုပ်မှာဖြစ်ပါသည်.။

“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို
သိနိုင်ကြဖို့တနိုင်ငံလုံးကိုလှည့်လည်ဟောပြောခဲ့တဲ့ဆရာတော်ပါ။နာမည်အကြီးဆုံးတရားကတော့
သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရား” ဖြစ်ပါသည်.။

ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။

ဖြူးမြို့ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်ခဲ့ပြီး ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။

အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများ ပြသပေးခဲ့သည်။

ဖြူးဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မှုခြင်း အတွက် ကျမတို့လို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေရဲ့ သာသနာ့ အာဇာနည် ဆရာတော်ကြီးတပါးဆုံးရှုံးရခြင်းအတွက် အလွန် ကို ကြေကွဲစိတ်မကောင်းဖြစ်မိ ပါတယ်ရှင်..။

တပည့်တော်မ အနေနဲ့ဆရာတော်ဘုရားအား စိတ်အားညိုငယ်စွာဖြင့် ဒီပို့စ်လေးကိုရေးပြီး
ကန်တော့ လိုက်ပါတယ် ဘုရား..။ ဆရာတော် ဘုရားကြီး၏ တပည့် အပေါင်းအား
ဆရာတော်ဘုရား၏ ပျံလွန်တော် မူခြင်းသတင်းအား ပြန်လည် ဝေမျှပေးလိုက်ပါတယ်ရှင်..။

မြတ်လေးငုံ..။