26 November 2009

အညာတောလမ်း တစ်နေရာက ဈေးရောင်းပွဲလေး...။



“လက်ပေး လက်ပေး” ဟု အလျင်စလို ပြောရင်း လက်လှမ်းနေသော ကားစပယ်ယာကို အရေး တကြီး ကြည့်လိုက်မိသည်။

ဖြည်းဖြည်းချင်း ထွက်စပြုနေသည့် ဘတ်စ်ကား၏ လူတွေ ကျပ်ညပ်နေသော နောက်မြီး ခြေနင်းခုံပေါ် တက်လိုက်ရ ကောင်းမလား၊ မတက်ဘဲ နေလိုက်ရ ကောင်းမလား ဆိုသည့် ဒွိဟ စိတ်က ရုတ်ခြည်း ဖြစ်ပေါ်လာသည်။ သို့ရာတွင် ချီတုံချတုံ စိတ်ကို အဆုံးအဖြတ် ပေးလိုက်သည်က “ရန်ကုန်ကို ပြန်ဖို့ နေ့လယ် ၁၂ နာရီမှာ ချိန်းထားသည့် ကုမ္ပဏီ ကားအမီ မန္တလေးကို ပြန်ရောက်မှ ဖြစ်မှာ” ဟူသော သတိပေး စကားပင်တည်း။

သို့ဖြင့် ဘယ်ဘက်လက်ကို ကမ်းပေးရင်း စပယ်ယာဆွဲ အတင်၌ မိမိကလည်း အားယူ လှမ်းတက် လိုက်ရသည်။ ခြေနင်းခုံကို နင်းမိသည်နှင့် လက်ဆွဲ အိတ်ငယ် ကိုင်ထားသော ညာဘက်လက်ဖြင့် မီရာ သံကိုင်းကို ဖမ်းဆွဲလိုက်သည်။ ခြေနှစ်ဘက် ချမိပြီ ဆိုသော်လည်း ခြေနင်း ခုံပေါ်၌ မတ်တပ်ရပ် လိုက်ပါလာ သူများ ပြည့်ကြပ် နေသည်မို့ မိမိ၏ ခြေနှစ်ဘက်သည် ခြေနင်းခုံ အစွန်း၌ တင်မိသည် ဆိုရုံမျှသာ။ ရှေ့မှ ရပ်နေသော လူတစ်ယောက်၏ ကိုယ်ခန္ဓာက ကွယ်ထားသောကြောင့်လည်း၊ ဒေါင်လိုက် လက်ကိုင် သံကိုင်းကို မိမိရရ မဟုတ်ဘဲ လက်ဖြင့် မမှီမကမ်းသာ လှမ်းကိုင် ထားရသည့် အခြေအနေ ဖြစ်နေသည်။ အရှိန် ပြင်းလာတော့မည့် ကား၏ အခုန် အလှုပ်၌ မိမိ၏ အသက်သည် အချိန်မရွေး လွင့်စဉ် သွားနိုင်သည့် အချက်ကို အထိတ်တလန့် တွေးမိသည်နှင့် ချွေးပြန်စ ပြုလာသည်။

သို့ဖြင့် ရှေ့မှ ရပ်နေသူ နှစ်ယောက်အကြား ခပ်ခက်ခက်ပင် တိုးဝင် လိုက်ရတော့သည်။ တော်ပါသေးရဲ့။ ပို၍ ခြေခိုင် လက်မြဲသော အနေအထားသို့ ရောက်ရှိ သွားပေလို့ သာပေါ့။ ကားအတွင်းပိုင်း နောက်ဖျားမှ အိတ်တစ်ခုပေါ် တင်ပျဉ်ခွေ ထိုင်နေသော တောသူမကြီး တစ်ယောက်က ကူညီလို စိတ်ဖြင့် ကျွန်တော့် လက်ဆွဲ အိတ်ငယ်ကို လှမ်းယူလိုက်သည်။ ပြီးလျှင် သူ့ရင်ခွင်ထဲမှာ ထည့်ထား ပေးလိုက်သည်။ သည်တော့မှပင် ကျွန်တော် စိတ်အေးသွား ရတော့သည်။

ကားသည် အရှိန်ပြင်းစွာ မောင်းနှင် နေလေပြီ။ နောက်သို့ သမင်လည်ပြန် ကြည့်မိ၏။ ကျွန်တော် ကားပေါ် တက်ခဲ့သော ရွာသစ်ကြီး ချည်စက် လမ်းခွဲကို မမြင်ရတော့ပေ။ ချင်းတောင်တန်း၏ အခြေ တောင်စောင်း တစ်နေရာရှိ၊ အစိမ်းရောင် သလင်းကျောက် များကို သွားရောက် လေ့လာ စူးစမ်းရသော ဘူမိဗေဒ ကွင်းဆင် လုပ်ငန်း၏ အပြန် ခရီးဝယ်၊ စစ်ကိုင်း-ရွာသစ်ကြီး ချည်စက်ရှိ ညီမတို့ မိသားစုထံ ခေတ္တ ၀င်ရောက်ခဲ့ရာမှ ယခုကဲ့သို့ မုံရွာ-မန္တလေး ကားပေါ် ရောက်နေရခြင်း ဖြစ်သည်။ မန္တလေး ရောက်သည် အထိ ကားနောက်မြီး၌ မတ်တပ် ရပ်စီးရသည့် အရေးကို တွေးမိရင်း စိတ်လေး နေမိတော့သည်။ မန္တလေးသို့ မြန်မြန် ရောက်ပါစေ၊ ရောက်ပါစေ။

ကားအတွင်းကိုလည်း ကြည့်ပါဦး။ ဘတ်စ်ကား၏ ထိုင်ခုံများတွင် ခရီးသည်တွေ အပြည့်။ ထိုင်ခုံ လွတ်သော နေရာများ၌ လည်း ကြက်သွန်အိတ်တွေ၊ ကုလားပဲအိတ်တွေ၊ ခရမ်းချဉ်သီး သေတ္တာတွေ၊ ဟင်းသီးဟင်း ရွက်ခြင်း တောင်းတွေ ပြည့်ကြပ်လို့။ ထိုအိတ်တွေ၊ တောင်းတွေ အပေါ်မှာတော့ ကားရားခွလျက် တစ်မျိုး၊ တင်ပါး တစ်ခြမ်း တင်မိသည် ဆိုရုံ တစ်သွယ်၊ ဖြစ်သလို ထိုင်လျက် လိုက်ပါ လာကြသော အညာသူ၊ အညာသား တောသူ တောင်သားများ၊ သူတို့ကတော့ ဒါမျိုး ရိုးနေပြီ ဆိုသည့် ပုံဖြင့် စိတ်ညစ်ညူးပုံ မပေါ်ကြ။ အညာသူ အညာသား ဆိုမှဖြင့် အောက်သူ အောက်သားများနှင့် စာလျှင် အသားမည်းမှန်း၊ မျက်ခမ်းစပ်မှန်း သိထားပြီး ဖြစ်သည့်တိုင် ရန်ကုန်မှာ နေသား ကျခဲ့ပြီမို့ ယခုတွေ့မြင် နေရသော လူသားများ၏ အဆင်းသဏ္ဍာန်မှာ မြို့ပြ လူသားများနှင့် ကွာခြား လွန်းလိုက်တာ၊ တစ်ကမ္ဘာစီ ခြားနေတဲ့ လူသားတွေလို့ဆို ရင်တောင် ယုံနိုင် လောက်ပါရဲ့ဟု အတွေး ၀င်မိလေသည်။ အ၀တ်အစား တွေကလည်း နွမ်းလိုက်တာ၊ အသားအရေတွေကလည်း မွဲသွေ့သွေ့ နိုင်လိုက်တာဟု စဉ်းစားမိရင်း ပလာဇာတွေမှာ လူးလာပျံသန်း နေကြသော ရောင်စုံ လိပ်ပြာလေးများကို ပြေးမြင် လိုက်မိရာ ထိုသို့ မြင်လိုက်မိခြင်း အတွက် မိမိ ကိုယ်ကိုပင် အပြစ်တင် လိုက်မိတော့သည်။

ကားတစ်စီးလုံးမှာမှ သန့်သန့် ပြန့်ပြန့်ဆို၍ တိုက်ပုံနှင့် လူတစ်ယောက်၊ နေကာ မျက်မှန်တပ် လူငယ်နှစ်ယောက် အပြင်၊ ၀န်ထမ်းဖြစ်ဟန် တူသူ အမျိုးသမီး ခပ်ရွယ်ရွယ် တစ်ယောက်၊ ဒါလောက်ပါပဲ။ လူများစုကတော့ ဖျဉ်ကြမ်းချည်ကြမ်း လုံချည် အင်္ကျီတွေနှင့်။ တချို့ဆိုရင် ခေါင်းပေါင်းကြီးတွေ ပေါင်းလို့။ အားလုံးလိုလိုပင် ငိုက်မျဉ်း လိုက်ပါ လာကြသည်။ ကြုံတောင့်ကြုံခဲ ငြီးငွေ့စရာ ခရီးစဉ် တစ်ခုပေပဲ။
ကားသည် အရှိန်ပြင်းစွာ ပြေးနေရာမှ ရုတ်တရက် အရှိန်လျှော့ လိုက်လျှင် ကား၏ နောက်မှ လွင့်ပျံ လိုက်ပါလာသော ဖုန်မှုန့်များက ကားနောက်ပိုင်းသို့ လှိမ့်ဝင် လာတော့သည်။ ထိုခဏ၌ ကားတစ်စီးလုံး ဖုန်တောထဲ မြှုပ်ဝင် ပျောက်ကွယ်သွား၏။ ကားအရှိန် ပြင်းသော် ဖုန်မှုန့်များ ကားနောက်တွင် ကျန်ရစ်ခဲ့ကြပြန်၏။ ကားလမ်းဘေး တစ်ဖက် တစ်ချက်ကို ကြည့်လိုက်သော် အညာ၏ ခြောက်သွေ့သော မြင်ကွင်းကို မြင်ရလေသည်။ ပုပုပျပ်ပျပ် တမာပင်၊ ကန္တာရပင်၊ ပဒုမ္မာဆူးပင်တို့သည် ဖုန်အထပ်ထပ် တက်နေသဖြင့် မွဲသွေ့ နေလေသည်။ ၎င်းတို့ကို ကျော်လွန်၍ ကည့်လိုက်သော် ခြောက်သယောင်းသော ယာခင်း ပြင်ကျယ်ကြီးများကို တမျှော် တခေါ်ကြီး မြင်နေရလေသည်။ အဝေးဆီတွင် ကား နွေ၏ မြူခိုးတို့ဖြင့် မှုန်မှိုင်း ရီဝေလျက်။

အတန်ကြာလျှင် ကားသည် ရွှေဘိုနှင့် မုံရွာ လမ်းခွဲဖြစ်သော၊ ကားများ ခေတ္တ ရပ်နားရာ အတော်လေး စည်ကားသည့် အုန်းတောသို့ ရောက်ခဲ့လေသည်။ ဆိုင်တစ်ဆိုင်၏ ရှေ့၌ လမ်း၏ ညာဘက်ကပ်လျက် ကားရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဟိုမှသည်မှ ကသောကမျော ပြေးလွှား ရောက်ရှိလာကာ ကားကို ၀ိုင်းရံ လိုက်ကြသော မိန်းမများကို တအံ့တသြ မြင်ရလေသည်။ အရွယ် ငယ်ငယ်၊ အရွယ်လတ်လတ်၊ အရွယ်အိုအို၊ စုစုပေါင်း တစ်ဆယ့် လေး- ငါးယောက်ထက်တော့ နည်းမည် မထင်။ ခေါင်းပေါ်မှာ ရောင်းချရန် စားစရာ မုန့်မျိုးစုံ ထည့်ထားသော လင်ဗန်းတွေ ရွက်လျက်။ ယောက်ျား၊ သုံးလေးယောက်ကတော မုန့်ဟင်းခါး ဆိုင်းထမ်းများကို ထမ်းထားကြသည်။ သူတို့သည် ကားကို ၀န်းရံ လှည့်ပတ်လျက်၊ ကားအတွင်းသို့ ကျီးကန်း မျက်စိမျိုးဖြင့် ဂနာမငြိမ် မျှော်လင့်တကြီး ကြည့်ရင်းက နှုတ်တိုက် ရွတ်နေကျ စကားလုံးများကို တစ်ယောက် တစ်ပေါက် အော်မြည် နေကြလေသည်။

“ကဇွန်း ဥပြုတ်တွေ၊ ပူပူနွေးနွေးနော်”

“အစ်မကြီး ဘာယူမလဲ၊ ပဲမြစ်ပြုတ်လား၊ ပြောင်းဖူးပြုတ်လား”

“မုန့်ဟင်းခါး မုန့်ဟင်းခါးရမယ်”

“ဗယာကြော်၊ ဘူးသီးကြော်တွေ၊ တစ်ရာဖိုး ငါးခုနော်”

သူတို့သည် တစ်နေရာတည်းတွင် ရပ်မနေကြ။ ကားပတ်ပတ်လည်၌ နေရာရွှေ့ရင်း၊ ရွှေ့ရင်း၊ ၀ယ်သူခေါ်သူ ပေါ်လာလိမ့်နိုး အော်ကြသည်။ အော်နေကျ စကားလုံးတွေကိုသာ ထုတ်လွှင့် နေကြသည့်တိုင်၊ ကားတစ်စီးလုံး လူသုံး-လေးဆယ်လောက်ရှိ တာတောင်မှ ၀ယ်မည့်သူက ဟုတ်တိပတ်တိ ပေါ်ထွက်မလာသေး။ တဖြည်းဖြည်းနှင့် သူတို့တတွေသည် မျှော်လင့်ချက် သိပ်ပြီး ထားဟန် မတူတော့။ ကြာသော် အော်နေကြသော လေသံများ ပျော့သွားကြသည်။ အားတက်သရော မရှိကြတော့။ နေရာလည်း သိပ်မရွှေ့ကြတော့။ ရောက်သည့်နေရာမှာပင် ရပ်နေကြတော့သည်။ မျှော်လင့်စိတ် မထားကြတော့သည့် ဈေးသည် အချို့က ကားအနီးမှ ခွာသွားကြလေပြီ။ ကားအနီးတွင် ဈေးသည် အနည်းငယ်သာ ကျန်ရစ်တော့၏။

ကျွန်တော်သည် ကားနောက် မြီးမှာပင် သူတို့ အစား စိတ်မော နေမိလေသည်။ ကျွန်တော် ကိုယ်တိုင် စားချင်စိတ် မရှိ၍ ဘာမှ မ၀ယ်ဖြစ်သော်လည်း ၀ယ်သူတွေ ရှိစေချင်သည်။ ကားထဲက လူတွေရယ်၊ ၀ယ်လိုက်ကြစမ်းပါ။ ဒါမှ သူတို့ခမျာ နှစ်ရာမျိုး၊ သုံးရာမျိုး အမြတ်အစွန်းလေး ရတော့မပေါ့။ ကျွန်တော်က သူတို့ကို ဂရုဏာ စိတ်ဖြင့် ဝေ့၀ဲ ကြည့်လိုက်လျှင် မိန်းမငယ်လေး တစ်ယောက်က ကျွန်တော် ၀ယ်ချင်၍ ကြည့်သည်ဟု ထင်ကာ “ဦးလေး ဘာယူမလဲ၊ စီးကရက်လား၊ ကွမ်းယာလား” ဟု အော်လိုက်သဖြင့် ထိုသို့ မိမိကို ကြည့်ပြီး အအော်ခံရ သည်ကိုပင် အနည်းငယ် ရှက်သလို ဖြစ်သွားကာ မျက်နှာထူ ပူသွားသည်။ သို့ပေမယ့် ခဏ ကြာတော့လည်း သူတို့ကို ကြည့်မြဲအတိုင်း ပြန်ကြည့် နေမိပြန်လေသည်။

ထိုစဉ် “မုန့်ဟင်းခါး တစ်ပွဲ ပေးပါ” ဟု ကားထဲမှ အသံထွက် လာလေရာ မိန်းမ ဈေးသည်များပင် ရုတ်တရက် တိတ်ဆိတ် သွားကာ ဈေး သည်မိန်းမ တစ်ယောက်က ကားအနီးတွင် ကျန်ရစ်နေသေးသော မုန့်ဟင်းခါးသည်ကြီးအား “မုန့်ဟင်းခါး တစ်ပွဲတဲ့တော့” ဟု ထပ်ဆင့် စကား ကမ်းလိုက်သည်။ ထိုအသံကို ကြားလိုက်သည်နှင့် ခေါင်းပေါင်းကြီး ပေါင်းထားသော မုန့်ဟင်းခါးသည်ကြီးသည် ခလုတ်နှိပ်လိုက် သဖြင့် စက်ရုပ်လှုပ်ရှားလိုက်သလိုပင် ခပ်ပက်ပက် ကြွေပန်းကန် တစ်လုံးကို ဖျတ်ခနဲ ဆွဲယူလျက် မုန့်တစ်ပွဲကို အမြန်ဆုံး ပြင်ပေးလိုက်လေသည်။ ရွှင်မြူး တက်ကြွသွားသော မုန့်ဟင်းခါးသည်ကြီးကို ကြည့်ပြီး အပျော်စိတ်သည် ကျွန်တော့်ထံ ၀င်ရောက်လာ၏။ သူတို့တတွေ ရောင်းရပါစေ၊ များများ ရောင်းရပါစေ။ ဒါမှသာ သူတို့ အိမ်တွင် ဆာလောင် ကျန်ရစ်နေမည့် သားသမီးများ၏ ၀မ်းမီးကို ငြိမ်းနိုင်မည် မဟုတ်ပါလား။

ထိုအခိုက် မန္တလေးဘက်မှ အရှိန်ပြင်းပြင်း မောင်းနှင်လာသော ဘတ်စ်ကားကြီး တစ်စီး ဖြတ်ကျော် သွားသဖြင့် ဧရာမ ဖုန်လုံးကြီး ထသွားလေသည်။ တော်တော်နှင့် မငြိမ်။ ကားသည် ရွှေဘို လမ်းခွဲဘက်သို့ မျက်နှာမူလျက် ကျွန်တော်တို့ ကားနှင့် ဓားလွယ် ခုတ်နေရာတွင် ရပ်လိုက်သည်ဆိုလျှင်ပင် ကားဆီသို့ အရပ်မျက်နှာ အသီးသီးမှ ဈေးသည်များ သူ့ထက်ငါ ဦးအောင် အလုအယက် ပြေးသွားကြလေသည်။ ကျွန်တော်တို့ ကားဘေး မှဈေးသည်မများလည်း ဒရောသောပါး ပြေးကြလေပြီ။ ခေါင်းပေါင်းကြီးနှင့် မုန့်ဟင်းခါးသည်ကြီးလည်း ဆိုင်းထမ်းကို ထမ်းလျက် ကားလမ်းကို ဖြတ်ကူးကာ ဒယိမ်းဒယိုင် ပြေးလေပြီ။ ထို့နောက် ကား၏ ဟိုဘက်ခြမ်းသို့ ရောက်သွားလေရာ၊ ကျွန်တော် မမြင်ရတော့ပေ။ စောစောက ရောင်းထားသော မုန့်ပန်းကန်ကိုတော့ နောက်မှ လာယူမယ် ထင်ပါရဲ့။

ဈေးသည်တို့၏ တစာစာ အော်သံသည် ကျွတ်ကျွတ်ညံနေ ပြန်လေပြီ။ ကျွန်တော်သည် သူတို့ကို ကြည့်နေမိရင်းမှ ၀မ်းသမုဒ္ဒရာကို ပြည့်အောင် ဖြည့်စွမ်းနိုင်ဖို့ ရုန်းကန်လှုပ်ရှား နေရသော လူသားတွေ၏ အဖြစ်ကို တွေးတော ကြည့်မိလေသည်။ မိုးလင်း၍ မျက်စိ နှစ်ပေါက်ပွင့် ပြီဆိုသည်နှင့် ဆာလောင်နေသော ၀မ်းဗိုက်များ အတွင်းသို့ ပွင့်ဟနေသော ပါးစပ်ပေါက်များမှ အစာ ဖြည့်နိုင်ဖို့ အပြေးအလွှား ရှာကြ ဖွေကြရသည်။ မောစရာ ကောင်းလိုက်တာ။ ဘ၀ အမောဆိုတာ ဒါပဲ ဖြစ်မှာပေါ့။

အချိန်အနည်းငယ် ကုန်လွန်သွားပြန်လေသည်။ ကျွန်တော်တို့ ကားသည် မထွက်သေးပေ။ ကား နောက် မြီးခုံပေါ်၌ ရေစုပ် စက်တစ်လုံးကို ကြိုးတွေနှင့် ဆိုင်းပြီး တင်ပြန်သည်နှင့် ကျွန်တော်တို့ အောက်သို့ ဆင်းပေးလိုက်ရသည်။ အင်း စက်တစ်လုံး ထပ်တင်တယ် ဆိုတော့ ပိုပြီး ကျပ်ဦး တော့မှာပေါ့လေ။ ကျပ်ရုံတင်မက စက်ဆီတွေ ပေကျံမှာကိုလည်း ကြောက်ရဦးမည်။ ဟယ် မတတ်နိုင်။ သန်းကောင်ထက်ပိုပြီး ညဥ့်မနက်နိုင်တော့ပါဘူး။ ဖြစ်သမျှ အကြောင်း အကောင်းချည်း ဟုပင် သဘောထားရတော့မည်။

“မုန့်ဟင်းခါးသည် ပြီးသွားပြီ ရော့ ရော့”

ကားထဲမှ မိန်းမက မုန့်ပန်းကန်ကို လှမ်းပေးနေသည်။ ခေါင်းပေါင်းကြီးနှင့် မုန့်ဟင်းခါး သည်ကြီးသည် ဟိုဘက်ကားဆီမှ မပေါ်လာသေး။ ဒီဘက်ကားမှာ မုန့်ရောင်း ထားခဲ့တာကို မေ့များ နေပြီလား။ ကားထဲမှ မိန်းမက မုန့်ဟင်းခါးသည်ကို မတွေ့ရသဖြင့် ခုမှ ကားအနီး ရောက်လာသော ဈေးသည် ကောင်မလေး တစ်ယောက်အား မုန့်ပန်းကန်ကို လှမ်းပေးလိုက်သည်။ ထိုကောင်မလေးကလည်း ပန်းကန်ကို ကိုင်ပြီး ဟိုကြည့် သည်ကြည့် ရှာဟန်ပြုသည်။ နောက်တော့ သူသည်ကား ညာဘက်ဆိုင် ရှေ့သို့ လျှောက်သွားလေသည်။ ကျွန်တော်လည်း ကားမထွက်သေးမီ အညောင်းပြေ ခဏ တဖြုတ်ထိုင်ရန် ဆိုင်ရှေ့သို့ ထွက်ခဲ့ရာ ဟောဗျာ သည်မှာလည်း မုန့်ဟင်းခါး အထမ်းသည် တစ်ယောက်ပါလား။ သူကတော့ ကာကီ ရောင်ဦးထုပ် တစ်လုံးကို ဆောင်းထားပြီး၊ နီညိုရောင် စပို့ရှပ် အဟောင်းတစ်ထည်ကို ၀တ်ထားသည်။ သူ့ဆိုင်းထမ်းရှေ့၌ မိန်းမ ကြီးတစ်ယောက် ဆောင့်ကြောင့်ထိုင်လျက် မုန့်စားနေသည်။

ကျွန်တော်သည် ကျောက်တုံး တစ်တုံးပေါ်၌ ထိုင်လိုက်စဉ် ပန်းကန် ယူလာသော ဈေးသည်မလေးသည် ထိုမုန့်ဟင်းခါးသည် ထံသို့ လျှောက်သွားကာ “ကားပေါ်မှာထားတဲ့ ပန်းကန်” ဆိုပြီး ပန်းကန်ကို ပေးလိုက်သည်ကို မြင်လိုက်ရလေသည်။ ဟင် မှားကုန်ပြီဟု သိလိုက်မိသော်လည်း ကျွန်တော် နေရာမှ မထမိ။ သည်မုန့်ဟင်းခါးသည်က သူ့ပန်းကန် မဟုတ်ကြောင်း အမှန်ကို ပြောချင် ပြောမှာ ပါပဲလေဟု ဖြစ်စေလိုသော ဆန္ဒစွဲဖြင့် တွေးနေစဉ်မှာပင် ထိုလူက ပန်းကန်ကို ဣနြေ္ဒမပျက် လှမ်းယူရုံ သာမက ဘဲ“ပိုက်ဆံကော” ဟု မေးသံကို ကြားလိုက်ရပြီးနောက် မိန်းကလေးသည် ကား၏ လက်ဝဲဘက်ဆီသို့ တစ်ခေါက်ပြန် သွားသည်ကို မြင်ရလေသည်။ ကျွန်တော်သည် ထိုသူ့ထံ၌ ရှိသော ပန်းကန်များနှင့် မိန်းကလေး ယူလာပေးသော ပန်းကန်များ တူ-မတူ လှမ်းကြည့်တော့လည်း ပြည်တွင်းဖြစ် အကြမ်းစား ပန်းကန် တွေချည်းပင် ဖြစ်နေသည်။ ခဏ အကြာတွင် မိန်းကလေးသည် ထိုသူ့ထံ ပြန်လာကာ မုန့်ဖိုးငွေကို ပေးခဲ့ပြီး သူမုန့်များ ရောင်းရရေး အတွက် ရွှေဘို လမ်းခွဲဘက်သို့ ထွက်သွားလေသည်။

ကျွန်တော်သာလျှင် စပို့ရှပ်နှင့် မုန့်ဟင်းခါးသည်ကို မကျေမချမ်း ဖြစ်နေမိလေသည်။ ဈေးသည် ကောင်မလေးက မသိ၍ လူမှားပေးသည်ကို သူက သိရက်ကြီးနဲ့ ယူထားရပါ့မလား။ ဘ၀တူ အချင်းချင်း ဒီလို လုပ်တာ ကောင်းသလား။ ကျွန်တော့် အနေဖြင့် ထိုသူ့ကို သွားပြောပစ် လိုက်ရမလား။ တကယ် တမ်းကျတော့လည်း ကျွန်တော် သတ္တိမရှိ။ မဟုတ်မခံ စိတ်ရှိသည် ဆိုစေကာမူ၊ လောလောဆယ်၌ မိမိ အကျိုးကို ထိခိုက်စေ၍ တစ်ပါးသူ၏ အကျိုးအတွက် လက်တွေ့ မဆောင်ရွက်ဝံ့ သူသည် ကျွန်တော်သာလျှင် ဖြစ်ပေသည်တကား။ ထိုသူ၏ ရှက်ရမ်းရမ်းမည့် ရန်တုံ့ပြန် မှုကို ကျွန်တော် စိုးကြောက်မိသည်ပင်။

သို့သော် ခေါင်းပေါင်းကြီး ပေါင်းထားသော မုန့်ဟင်းခါးသည်ကြီး အပေါ် သနားစိတ် ၀င်နေမိ သည်ကိုကား ဖျောက်ဖျက်၍မရ။ သူ့ခမျာ မုန့်ဟင်းခါး တစ်ပွဲ ရောင်းရမှ သုံး-လေးဆယ်မြတ်တော့ မပေါ့။ ယနေ့အဖို့ ပန်းကန် အပါအ၀င် မုန့်တစ်ပွဲဖိုး ဆုံးရှုံးသွားတော့မှာမို့ အရှုံးချည်း ဖြစ်တော့မှာပဲ။ သူ့မှာ ကလေးငယ်တွေနဲ့ ဖြစ်ချင် ဖြစ်နေမှာ။ ကလေးတွေက သူတို့ အဖေ ငွေရှာပြီး ပြန်အလာကို အိမ်ကနေ တမျှော်မျှော်နဲ့ စောင့်နေရှာ ကြမှာပဲ။ ခေါင်းပေါင်းနှင့် လူကြီးကို တိုးတိုး တိတ်တိတ် သွားပြောလိုက်ရ ကောင်းမလား။ ဒီလူကြီးကလည်း နော်။ ဒီဘက် ကားနားကို ပြန်လာခဲလိုက်တာ။

“ကားထွက်တော့မယ် ခရီးသည်တွေ ကားပေါ် တက်ကြပါ”

ရော ခက်ချေပြီ။ ကားက ထွက်တော့မည်။ ကားမထွက်ပါနှင့် ဦးဟု ဘယ်လို အကြောင်းပြချက်နှင့် တားမြစ်နိုင်ပါ့မည်နည်း။ မန္တလေးကို အရောက် နောက်ကျမယ် ဆိုလျှင်လည်း နောက်ကျပါ စေတော့။ ကားကို ချက်ချင်းမထွက်စေချင်ပါဘူး။ အနည်းဆုံး တော့ ခေါင်းပေါင်းနှင့်လူကြီးရောက်လာအောင် စောင့်စေချင် သည်။ ဟော မန္တလေးဘက်မှ လာသောကားတစ်စီးမုံရွာလမ်းခွဲ ဘက်၌ ရပ်သွားသည်။ ဈေးသည်တွေ တပြုံကြီး ပြေးလိုက်သွားကြ ပြန်ပြီ။ စပို့ရှပ်နှင့် မုန့်ဟင်းခါးသည်လည်း ၎င်းကားဆီသို့ အထမ်း နှင့် ပြေးသွားလေပြီ။ တခြားမုန့်ဟင်းခါး သည်နှစ်ဦး၊ သုံးဦးပြေးသွားသည်ကိုလည်း လှမ်းမြင်ရသည်။

ဟော လာပြီ လာပြီ။ ခေါင်းပေါင်းကြီးနှင့် လူသည် ခုမှပင် ကျွန်တော်တို့ ကားဆီသို့ ပြေးလာပါတော့သည်။ ကားသည် စက်နှိုး စပြုနေပြီ။ ကျွန်တော်လည်း ရေစုပ် စက်ဘေး၌ ကျပ်ညပ်နေသော လူတွေ ကြားမှာ ရပ်လျက် နေရင်းကပင် ခေါင်း ပေါင်းကြီးနှင့် လူကို မြင်ရအောင် လှမ်း ကြည့်နေသည်။ သူ၏ အမေး စကားနှင့် ကားထဲမှ မုန့်ဟင်းခါး ၀ယ်စားခဲ့သူ အမျိုးသမီး၏ အဖြေစကား။ ဆူညံသော ကားစက်သံကြောင့် မကြားရ သော်လည်း အမေး၊ အဖြေ နှစ်ခုလုံးကို ကျွန်တော် သိနေသည်။ ခေါင်းပေါင်းကြီးနှင့် လူသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး မျက်စိမျက်နှာ ပျက်လျက် ပျာပျာသလဲ ဟိုဟိုသည်သည် ကြည့်နေ ရှာပါသည်။ ကျွန်တော်သည် သူ၏ သောက အပူကို မကြည့် ရက်နိုင်တော့။
“ဒီမှာ ဒီမှာ”
ကားက စထွက်နေပြီ ဖြစ်သည့်တိုင် ကျွန်တော် အော်ဖြစ် အောင် အော်လိုက်မိတော့သည်။ သူက လှည့်ကြည့်သဖြင့် အားတက်သွားကာ ဘယ်ဘက်လက်ကို လွှတ်လျက် မုံရွာ ကားဆီသို့ လက်ညှိုးထိုးရင်း “စပို့ရှပ်နဲ့ လူဆီမှာ၊ စပို့ရှပ်နဲ့” ဟု အော်လိုက်မိသည်။

ကံဆိုးလေစွ။ ကျွန်တော်၏ ကြိုးပမ်းချက်သည် အချည်းနှီးသာတည်း။ အကြောင်းမှာ လူတွေ ပြည့်ကျပ်နေသဖြင့် လက်ညှိုးကို ဖြစ်ကတတ်ဆန်း ထိုးလိုက်ရသောကြောင့် လက်ညှိုး ညွှန်ရာသည် မုံရွာ ကားဆီသို့ မရောက်ဘဲ ရွှေဘို ကားဆီသို့ ရောက်သွားသောကြောင့်ပင်။ ခေါင်းပေါင်းကြီးနှင့် လူသည်ကျွန်တော်၏ အော်သံကိုလည်း သဲသဲကွဲကွဲ ကြားဟန် မတူပါ။ မုန့်ဆိုင်းတန်းကြီးကို ထမ်းလျက် ဒယိမ်းဒယိုင်ဖြင့် လမ်းဖြတ်ကူးကာ ရွှေဘိုကားဆီသို့ ပြေးသွား နေပါလေပြီ။ ကျွန်တော်တို့၏ ကားသည် အရှိန်ရ လာပြီ ဖြစ်ရာ ခေါင်းပေါင်းကြီးနှင့် လူကို ခပ်ဝေးဝေးတွင်သာ မြင်နေရာမှ ကားအကွေ့လိုက်တွင် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ် သွားပါတော့သည်။

ကျွန်တော့်မှာသာ မောကျန်ရစ်၏။ ရင်ထဲမှာတော့ မကောင်း။ ဗလောင် ဆူနေသည်။ သူ့ရုပ်ပုံ။ မုန့်ဆိုင်းတန်းကို ထမ်းလျက် ကားလမ်းကို ဒယိမ်းဒယိုင် ဖြစ်ကူး ပြေးသွားနေသော ခေါင်းပေါင်းကြီးနှင့် မုန့်ဟင်းခါး သည်ကြီး၏ ရုပ်ပုံ။ သူ့ရုပ်ပုံသည် ကျွန်တော့် ရင်ထဲမှ အလွယ်တကူ ပျောက်ကွယ် သွားလိမ့်မည် မဟုတ်ပါချေ။ ပန်းကန် သွားပေးသော ဈေးသည် မိန်းကလေးနှင့် စကား စပ်မိ၍ ပန်းကန်ရော၊ မုန့်ဖိုးပါ အပိုင် စီးသွားသော လူကို သိသွားလျှင် ဖြစ်စေ၊ မုန့်ဟင်းခါးသည် လေး၊ ငါး၊ ခြောက် ယောက်ထဲမှ ထိုမုန့်ဟင်းခါးသည်က ဘ၀တူချင်း ကိုယ်ချင်း စာနာစိတ် ပေါက်လာ၍ ပြန်ပေးသည် ဖြစ်စေ၊ တစ်ခုခု ဖြစ်လာမှ သာလျှင် ခေါင်းပေါင်းကြီးနှင့် လူ့ခမျာ သောကပြယ်လွင့်၊ သက်သာခွင့် ရရှာပေလိမ့်မည်။ သို့မဟုတ်လျှင်တော့ ထိုသူ၏ အပြန်ခရီးမှာ “နွမ်းလျ အိမ်ပြန်” သာ ဖြစ်ပါတော့မည်။

အညာ တောလမ်းပေါ်က သာမည အဖြစ် အပျက်ကလေးသည် သတ္တ လောက၌ အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး ဆိုသော လူသား၏ တန်ဖိုး၊ လူသား၏ သိက္ခာကို ထိပါး ညစ်နွမ်းစေသော သာဓက တစ်ရပ် ဖြစ်နေပါလိမ့်မည်။ ဤလို အဖြစ်မျိုးတွေကို အနာဂတ် လူသားတွေ အတွက် မျိုးစေ့ချ မစိုက်ပျိုး စေလိုသည်က ကျွန်တော်၏ ဆန္ဒ တစ်ရပ်သာပါ။ မဟာ သမုဒ္ဒရာကို လူသားများ သန့်ရှင်း ဖြူစင်စွာ ကူးခတ် နိုင်ကြပါစေဟု ဆုတောင်းရုံမှ တစ်ပါး။

ဆောင်းပါး ရေးသားသူ.. (ဆင်တဲဝ-မြတ်ဖုန်း)