07 October 2009

အမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ လိုက်ပါဆောင်ရွက်မည်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံရသော အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင် ၏အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးရနှ် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေကြီးများဖြစ်ကြသည့် ရှေ့နေကြီးဦးကြည်ဝင်း နှင့် ဦးဥာဏ်ဝင်းတို့အား အမေရိကန်သံရုံးမှ တိုက်ရိုက်တောင်းဆို လာပါတယ်။ ထို့အတွက်ကြောင့် ရှေ့နေကိုယ်စားလှယ် လွှဲစာသွားရောက် ယူဆောင်ခဲ့ကြောင်း ထိုအမှုတွင် လိုက်ပါဆောင်ရွက်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။

ဒီနေ့အန်ကယ်တို့ ကိုညီညီအောင် အမှုမှာလိုက်ပါဆောင်ရွက်ပေးဖို့ အမေရိကန်သံရုံးက တိုက်ရိုက် တောင်းဆိုလာတဲ့ အတွက် အမှုအတွက် အင်းစိန်ထောင်မှာ ကိုယ်စားလှယ်လွှဲစာ သွားရောက် ရယူပါတယ်။ အမေရိကန်သံရုံးက တောင်းဆိုလာတာပါ။ ဦးကြည်ဝင်းနဲ့ အန်ကယ်တို့နှစ်ဦး လိုက်ပါ ဆောင်ရွက်မှာပါ။ ကိုညီညီအောင်နဲ့တော့ တွေ့ခွင့်မရသေးပါဘူး။ တရားရုံးတင်ပြီးမှ တွေ့ခွင့်ရမှာပါ။ ဟိုတုန်းကတော့ ရှေ့နေတွေက အရင်တွေ့ခွင့်ရှိပါတယ်။ အခုတော့ တရားရုံးတင်ပြီးမှ တွေ့ခွင့်ရမှာပါ .......ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။ ၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။

ဥပဒေချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်သည့် ဂျွန်ယက်တော အမှုတွင် ထောင်၇ နှစ်ချမှတ်ပြီးမှ အမေရိကန်လွှတ်တော်အမတ် ဂျင်မ်ဝက် ရောက်ရှိလာချိန်၌ စစ်အစိုးရမှ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ယခုအမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှုတွင်လည်း အမေရိကန်အစိုးရ နှင့်စစ်အစိုးရတို့ မည်သို့မည်ပုံ ဖြေရှင်းဆောင်ရွက်မည်ကို အကဲခတ်သူများက လေ့လာစောင်ကြည့်နေပါတယ်။

ပေးပို့လာသူ...........ဒီမိုဝေယံ..။