17 October 2009

ဗြိတိသျှ စာပေအနုပညာရှင်များအဖွဲ့က ဆု ဇာဂနာ ရရှိ..။


လန်ဒန်မှာ ဗြိတိသျှ စာပေအနုပညာရှင်များအဖွဲ့က PEN Pinter စာပေဆုပေးအပ်တဲ့ အခမ်းအနားတခုကို ဗြိတိသျှစာကြည့်တိုက်မှာ ပြုလုပ်ပါတယ်။PEN Pinter စာပေဆုကို ဗြိတိသျှကဗျာဆရာကြီး တိုနီဟယ်ရီဆင် ရရှိသွားပြီး အဲဒီဆုကို သူက မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အနုပညာရှင် ကိုဇာဂနာကို လွှဲပေးလို့ ဆုလက်ခံရယူပြီးပြီးချင်း ကြေညာခဲ့ပါတယ်။

ကိုဇာဂနာ ထောင်ထဲမှာရေးတဲ့ ကဗျာကို ဖတ်ရကြောင်းနဲ့ အထူးသဖြင့် ထောင်ကျနေတဲ့ ကဗျာဆရာတွေကို စိတ်ဝင်စားတဲ့အတွက်PEN Pinter ဒီဆုကို လွှဲပြောင်းပေးလိုက်တာလို့ ဒီပွဲကို တက်ရောက်ခဲ့တဲ့ အနုပညာရှင် ကိုထိန်လင်းက ပြောပါတယ်။ဆုဟာ ၂ဝဝ၅ စာပေနိုဘယ်ဆုရှင် စာပေပြဇာတ်ရေး ဆရာကြီး ဟာရိုးပင်တာ အထိမ်းအမှတ်ဆုဖြစ်ပြီး ဆရာကြီး ကွယ်လွန်ပြီးတဲ့နောက် ဒါဟာ ပထမဦးဆုံးအကြိမ် ဒီဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ဆုရရှိတဲ့ တိုနီဟယ်ရီဆင် ကလည်း နာမည်ကျော်ကဗျာဆရာတဦးဖြစ်ပြီး စာပေဆု တော်တော်များများ ရရှိထားသူ ဖြစ်ပါတယ်။

လွှဲပြောင်းပေးတဲ့ ဒီဆုကို ကိုဇာဂနာကိုယ်စား ဗြိတိသျှ ကလောင်ရှင်များအဖွဲ့က အကျဉ်းကျခံ စာရေးဆရာများ ဥက္ကဋ္ဌ မစ္စစ် ကာရိုးလ် ဆေမွာဂျုန်းစ်က လက်ခံရယူခဲ့ပါတယ်။ “မြန်မာအစိုးရဟာ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုနေသူတွေကို အသံတိတ်အောင် လုပ်တတ်ကြတယ်။ ဒီထဲက ရဲရဲဝံ့ဝံ့ ဖော်ထုတ်သူတွေဟာ ဂုဏ်ပြုဖို့ ထိုက်တန်ပါတယ်။

စာပေဆုရှင်အနေနဲ့ သူရရှိတဲ့ဆုကို ကိုဇာဂနာကို လွှဲပြောင်းပေးဖို့ ရွေးချယ်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်” လို့ ကာရိုးလ်က ပြောပါတယ်။ မစ္စစ်ကာရိုးလ်က ကိုဇာဂနာရဲ့ ဘဝဖြတ်သန်းမှုကို ရှင်းလင်းပြောပြခဲ့ပြီး လန်ဒန် ဂါးဒီယန်း သတင်းစာထဲမှာ အင်္ဂလိပ်ဘာသာပြန်နဲ့ ဖော်ပြခဲ့တဲ့ ကိုဇာဂနာရဲ့ကဗျာ ၂ ပုဒ် ကို ဂုဏ်ပြု ဖတ်ကြားခဲ့ပြီး ကိုဇာဂနာရဲ့ ထောင်တွင်း အတွေ့အကြုံကို သူကိုယ်တိုင် ပြောပြခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တိုကလေး ပြသခဲ့ပါတယ်။


အင်္ဂလိပ် PEN အဖွဲ့ကြီးဟာ ဒီနှစ်မှာ ထူးထူးခြားခြား မြန်မာပြည်က အကျဉ်းကျခံ၊ အဖိနှိပ်ခံ စာပေအနုပညာရှင်တွေကို ချီးမြှင့်ဂုဏ်ပြုတဲ့နှစ်အဖြစ် သတ်မှတ်ထားပြီး လှုံ့ဆော်လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကိုဇာဂနာ အပါအဝင် အကျဉ်းထောင်ထဲက မြန်မာအနုပညာရှင်တွေကို ဂုဏ်ပြုတဲ့ တေးသီချင်း ဖျော်ဖြေပွဲနဲ့ ကဗျာရွတ်ဆိုပွဲကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဒီဆုကို ကိုဇာဂနာရဲ့ မိသားစုထံ ရောက်အောင် ဆက်သွယ်ပေးပို့မယ်လို့လည်း သိရပါတယ်။

ရင်းမြစ်..။ဒီမိုကရက်တစ်မြန်မာ့အသံ။


မြတ်လေးငုံ..။