17 October 2009

ကိုယ့်ဘက်က ထုတ်ပြန်တဲ့ သတင်းကြောင့် လုပ်ငန်းဆိုင်းငံ့မှာ၊ နှောင့်နှေးမှာကို မလိုလားဟု ရှေ့နေများနှင့် တွေစုံစဉ် ဒေါ်စုပြောဆို။...။






ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဦးဥာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်တို့ (၂)ဦး

.....ယနေ့ နေ့လည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဦးဥာဏ်ဝင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်တို့ (၂)ဦး (၁)နာရီမှ (၂)နာရီကျော်အထိ (၁)နာရီကျော်ကြာတွေ့ဆုံခွင့် ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံခွင့်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။.....

" ဒီကနေ့ နေ့လည်(၁)နာရီက အန်ကယ်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ်တို့နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁)နာရီကျော်ကြာ တွေ့ခွင့်ရခဲ့ပါတယ်။ (၄)ဦးလုံးတွေ့ဖို့ စီစဉ်ထားပေမယ့် သက်ဆိုင်ရာက (၂)ဦးပဲ တွေ့ခွင့်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်ပါ။ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် ရှေ့နေကဦးလှမျိုးမြင့်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ်ပါ။ အဲ့ဒီတော့ အန်ကယ်တို့ အချင်းချင်းညှိပြီးတော့ အန်ကယ်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ် တို့ပဲတွေ့ဖို့ စီစဉ်လိုက်ပါတယ်။ အဓိကကတော့ ဗဟိုတရားရုံးချုပ်ကို အယူခံဝင်ဖို့ ကိစ္စဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။

......နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေတွေ ဖြစ်တဲ့ Sanction ကိစ္စအတွက် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတဲ့ ကိစ္စ၊ နောက်သံတမန်တွေနဲ့ တွေ့ဆုံတဲ့ကိစ္စတွေကို အသေးစိတ် ပြောပြခဲ့ပါတယ်။ ဒီကိစ္စတွေကို လောလောဆယ် သတင်း မထုတ်ပြန်ခိုင်းပါဘူး..... သိသင့်သိထိုက်တဲ့ သူတွေကို သိအောင်လို့ ပြောပြတာဖြစ်တယ်။ ကိုယ့်ဘက်က စည်းစောင့် ရမှာဖြစ်ကြောင်း၊ ကိုယ့်ဘက်က ထုတ်ပြန်တဲ့ သတင်းကြောင့် လုပ်ငန်းဆိုင်းငံ့မှာ နှောင့်နှေးမှာကို မလိုလားကြောင်း ပြောဆိုပါတယ်။....

.....အဖွဲ့ချုပ်နဲ့ပတ်သတ်ပြီးတော့ အဖွဲ့ချုပ်ညီညွတ်ရေးအတွက် လိုအပ်တာတွေ ဆောင်ရွက်ရမဲ့ သဘောထားတွေ ပြောပြပါတယ်။ နောက် အဖွဲ့ချုပ် CEC နဲ့တွေ့ဖို့ တောင်းဆိုထားကြောင်း ၊ တွေ့ဖို့ဖြစ်လာလိမ့်မယ် လို့လည်းမျှော်လင့်ကြောင်း ပြောဆိုပါတယ်.....ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပါတယ်။ Alert လည်းဖြစ်ပါတယ်......ဟုဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အဓိက တရားခံ ဂျွန်ယက်တောကိုမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်စီရင်ချက် ချမှတ်ခဲ့ပြီးမှ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာဂျင်မ်ဝက်ဘ် ရောက်ရှိချိန်၌ ပြန်လည် လွှတ်ပေးခဲ့ပါတယ် ။ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံကို လက်ခံခဲ့ပြီး အောက်တိုဘာလ (၂)ရက်နေ့က အယူခံကိုငြင်းပယ်ခဲ့ပါတယ်။ ယခုဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှ ဗဟိုတရားရုံးမှာ ဆက်လက်အယူခံ တင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။..။

သတင်း ပေးပို့ ပေးသူ ....ဒီမိုဝေယံ..။