*စောလူမင်း*နန်းကျရခြင်းအကြောင်းကိုသမိုင်းထဲကပုံရိပ်များဘလော့ကနေ
ထပ်မံဖြန့်ဝေပေးလိုက်ပါတယ်။
သက္ကရာဇ် ၃၉၇ တွင် အနော်ရထာမင်း၏ သားတော်ဖြစ်သော စောလူးမင်းသား 
နန်းတက်လေသည်။ စောလူးမင်းသား နန်းတက်သော် ပညာရှိတို့က 
ကျန်စစ်သားမင်းကို ပြန်လည် ခေါ်ယူခိုင်းရန်လျှောက်ကြ သဖြင့် 
စောလူးမင်းလည်း ခေါ်စေခဲ့သည်။ စောလူမင်းသား မိမိ ငယ်စဉ်ကတည်းက 
အထိန်းသား ဖြစ်သော ငရမန်ကိုလည်း ဥဿာပဲကူးမြို့ကို ပေးသနားတော်မူလေသည်။ 
တစ်ရံရောအခါ မင်းကြီးနှင့်ငရမန် အန်ကစားကြရာတွင် ငရမန်နိုင်၍ 
လက်ခမောင်းခတ်လေသည်။ ထိုအခါ မင်းကြီးက နင် ငါ့ကို အန်တစ်ပွဲမျှ 
နိုင်သည်ကို လက်ခမောင်းခတ်သည်ကား နင်ယောကျာ်း ဟုတ်နိုးသော် 
နင်စားသော ပဲကူးနှင့် ပုန်ကုန်လေ ဟု မိန့်လေသည်။ ငရမန်လည်း 
အကယ်လော ဟု မေး၏။ မင်းကြီးလည်း ငါတို့မင်း မည်သည်ကား မဟုတ်သော
စကားကို မဆိုဟု မိန့်ပြီး အတွင်းတော်သို့ ၀င်လေသည်။
ငရမန်သည် ကြံ၍နေသောသူဖြစ်သည်နှင့် မိမိ စားသော ပဲကူးသို့ သွားလေပြီးသော် 
ရဲမက်ဗိုလ်ပါတို့ကို ကောင်းစွာ စုရုံးပြီး ပေါက္ကာရာမသို့ ချီလာလေသည်။ 
မင်းစောလူးလည်း ငရမန် ချီလာပြီဟုကြားသော် ရဲမက်၊ဗိုလ်ပါ၊တို့ကို စုရုံးပြီး
 ကျန်စစ်သား ဖြင့် အလျင်ချီစေလေသည်။ မင်းကြီးကား နောက်တပ်မပြု၍ 
ချီတော်မူလေသည်။ ငရမန်လည်း ဤသို့ကြံ့လေသည်။ '' ကျန်စစ်သားသည် 
စစ်အရာ၌ လိမ္မာလှသည်၊ ၀င်္က၀ုတ္တိဖြင့် စီရင်မှသာ အောင်မြင်လွယ်မည် '' 
ဟု ကြံ့ပြီးသော် နှီးဖြင့် ဆင်ရုပ်၊လူရုပ်များကို လုပ်ပြီးသော် ၀ှက်ထားလေသည်။ 
ကျန်စစ်သား နှင့် မင်းစောလူးလည်း ငရမန် စခန်းချသော ပြည်တော်သာကျွန်းအနီးသို့ 
ရောက်သော် မိုးချုပ်သဖြင့် နံနက်မှ တိုက်မည်ဟု တပ်ချ၍ နေလေသည်။ 
ငရမန်လည်း ပရိယာယ်ဖြင့် စစ်ငင်သံ ပြု၍ ချီတက်လာဟန် လုပ်သည်ကို 
ကျန်စစ်သားလည်း မစူးစမ်းမဆင်ခြင် ထွက်တိုက်လေသော် ရွှံတွင် ကျ၍ 
ကျွံကြလေသည်။ မင်းစောလူး၏ ဆင်တော်လည်း မထွက်နိုင်ဖြစ်သဖြင့်
 ဆင်ထက်က ပြေးပြီး တောအုပ် တစ်ခု၌ ညောင်ခေါင်းတွင် ၀င်ပြီး နေလေသည်။ 
စစ်သည်တို့လည်း ပျက်၍ ပြေးရလေသည်။
ကျန်စစ်သားလည်း မြင်းနှင့် တစ်ညဥ့်လုံး လာခဲ့လေသည်။ မိုးသောက်တွင် 
ပုဂံသို့ရောက်လေသော် မျှုးမတ်၊ တို့က ငါရှင် စောလူးမရှိပြီးသော် အရှင်မင်းကြီးမှ 
တစ်ပါး ဤပြည်ကို စိုးအုပ်ထိုက်သူ မရှိပြီ ဟု ဆိုပြီး မင်းမြောက်တန်ဆာ 
တို့ကို ဆက်လေသည်။ ကျန်စစ်သားလည်း'' ငါ့အရှင် ရှိ၊ မရှိ စူးစမ်းဦးမည်'' 
ဟု ဆိုကာ မင်းစောလူး သတင်းစုံစမ်းခိုင်းလေသည်။ မင်းစောလူးလည်း 
စားတော် ၃ နပ် တိုင်အောင် မစားရသည် နှင့် ငတ်မွတ်တော်မူလှသောကြောင့်
ညောင်ခေါင်းမှ ထွက်၍ နေလေသော် ယောက်ျားတစ်ယောက် ထင်းခွေလာသည်ကို 
မြင်သဖြင့် '' အဖိုးအတိုင်းမသိသော သည် လက်စွပ်ကို သင်ယူ၊ သည် ထမင်းထုပ်ကို
 ငါ့အား ပေးပါ၊ ငါ့ကို တွေ့သည် ဟူ၍လည်း မပြောပါနှင့် '' ဟု နူတ်ပိတ်တော်မူလိုက်၏။ 
ထင်းခွေသော ယောကျာ်းလည်း ကတိပေးပြီး လက်စွပ်ယူကာ ပြန်လေသည်။ 
ထိုယောကျာ်ကား ငရမန်၏ တပ်သား ဖြစ်လျက် တပ်ထဲတွင် လက်စွပ်ကို 
မပြရမနေနိုင်သဖြင့် ဟိုလူပြ၊သည်လူပြ ပြီး မည်မျှ တန်ကြောင်း မေးရာက 
ငရမန်နားကြားသော် လက်စွပ်ကို ယူကြည့်သော် စောလူးမင်း လက်စွပ်မှန်းသိသဖြင့်
ထင်းခွေ ယောကျာ်အား စစ်၍ မေးလေသည်။
ယောကျာ်လည်း အလွန်နာကျင်သဖြင့် ပြောပြလေရာ စောလူးမင်းကို ဖမ်းမိလေသည်။ 
ကျန်စစ်သားလည်း ငရမန် စောလူးမင်းကို ဖမ်းမိသည် ဟု ကြားသော် အရှင်ကို 
ကယ်ရန် ထွက်လာခဲ့လေသည်။ ကျန်စစ်သားလည်း စောလူးမင်းကို ငါ့အရှင်သား 
ချမ်းမြေ့စွာလိုက်တော်မူ ဟူ၍ ပခုံးထက်တွင် တင်ပြီး ပြေးလေသည်။ စောလူးလည်း 
ဤသို့ ကြံ့လေသည်။'' ကျန်စစ်သားသည် ငါ့ခမည်းတော်လည်း မျက်ဖူးသသူ၊ 
ငါလည်း မျက်ဖူးသသူ ဖြစ်သည်၊ ငါ့ကိုသတ်လို၍ ခိုးသည်ဟု ထင်သည်၊ ငရမန်မူကား 
ငါ့အထိန်းသားဖြစ်လျက် ငါ့ကို မသတ်တန်ရာ ဟူကြံပြီးသော် ကျန်စစ်သား 
ငါ့ကို ခိုးသည်'' ဟူ၍ အော်လေသည်။ ကျန်စစ်သားလည်း မင်းဆိုးမင်းညစ်..... 
မွန်တို့လက်တွင် ခွေးသေ၊၀က်သေ၊ သေရစ်လေတော့ ဟုဆို၍ ပစ်ခဲ့လေသည်။
 ငရမန်စစ်သည်တို့ လိုက်သောကြောင့် ရေသို့ဆင်းပြီး အနောက်ဘက်သို့ ကူးလေသည်။ 
ယင်းသောအခါ ပင်ပန်းစွာ ရှိသည်ကို ကျွန်းငယ်တွေ့သဖြင့် တက်ပြီးနားလေသည်။
ထိုနောက် လှေငယ်တွေ့သော် အောင်သာ တစ်ဖက်သို့ သွားလေသည်။ ဤတွင်
 မင်းမဟာဂီရီနတ်က ကျန်စစ်သားအား ကျွန်းများ၊လှေငယ်များ ဖန်ဆင်းပြီး 
ကူညီကြောင်း တစ်ချို့ ရာဇ၀င်များ တွင် ဆိုထားလေသည်။ ငရမန်လည်း 
စောလူးမင်းကို ပျူမင်းထီး ငှက်ကြီးခေါင်းမြှပ်ရာအနုရာဓ ဟူသောအရပ်တွင် 
ကွပ်လေရာ ကံကုန်လေသည်။ စောလူးမင်းသည် နန်းကို စံသော သက်တမ်းတွင် 
အနော်ရထာ တည်ခဲ့သော ရွှေစည်းခုံကိုလည်း ဆက်မတည် တစ်နေ့တစ်လုံး 
ပျော်ပွဲရွှင်ပွဲ များဖြင့်သာ သေစားပျော်ပါးခဲ့လေသည်။ ယခု ကျန်စစ်သား 
ကယ်သောအခါတွင်လည်း ဥာဏ်ပညာကင်းမဲ့စွာဖြင့် အော်ဟစ်လေသေးသည်။ 
ထိုကြောင့် သမိုင်းဆရာများက စောလူးအား မင်းယုတ်၊မင်းညစ်၊မင်းညံ့ဟု ဆိုကြလေသည်။
မျှဝေခံစားနိုင်ကြပါစေ။
*မြတ်လေးငုံ*